တန်ချိန် ၁၀,၀၀၀ ရှိ လျှို့ဝှက်ဖျက်သင်္ဘော တရုတ်လေကြောင်းပြပွဲ၌ ပြသမည်

တရုတ်လေကြောင်းပြပွဲမှာပြဖို့ စီစဉ်ထားတဲ့ တန်ချိန် ၁၀,၀၀၀ ရှိတဲ့ "လျှို့ဝှက်" ဖျက်သင်္ဘော တစင်းဟာ မကြာသေးမီကမှ တာဝန်ပေးအပ်ခံရတဲ့ Type 055 အမျိုးအစား ပဲ့ထိန်းဒုံးကျည်သုံး ကိုယ်ပျောက်ဖျက်သင်္ဘော ဖြစ်နိုင်တယ်လို့ တရုတ်စစ်ရေးကျွမ်းကျင်သူ ကျန်းကျွင်းရှီက နိုဝင်ဘာ ၂၃ ရက်က ပြောပါတယ်။
တရုတ်ပြည်သူ့ လွတ်မြောက်ရေးတပ်မတော် (PLA) ရေတပ်က ကြေညာချက်ထုတ်ပြန်ရာမှာ တရုတ်နိုင်ငံတောင်ပိုင်း၊ ကွမ်တုန်းပြည်နယ်၊ ကျူးဟိုင်မြို့မှာ ဒီဇင်ဘာ ၇ ရက်ကနေ ၁၃ ရက်အထိ ကျင်းပမဲ့ ၁၆ ကြိမ်မြောက် တရုတ်နိုင်ငံတကာ လေကြောင်းနဲ့ အာကာသပြပွဲမှာ ရေတပ် သင်္ဘောအမျိုးအစားတချို့နဲ့ လေယာဉ်တွေ ပြသသွားမယ်လို့ ဖော်ပြထားပါတယ်။
PLA ရေတပ်က ထုတ်ပြန်တဲ့ ဧည့်သည်တွေအတွက် လမ်းညွှန်ချက်မှာပါမဲ့ သင်္ဘောတွေအဖြစ် Type 075 အမျိုးအစား ကုန်း/ရေ နှစ်သွယ်သွား တိုက်ခိုက်ရေးသင်္ဘော "ဟူပေ"နဲ့ Type 054A အမျိုးအစား ဒုံးကျည်ပစ် ဖရီးဂိတ်သင်္ဘော "ဟွမ်ရှန်း"တို့ကို ဖော်ပြထားပါတယ်။
ဒါ့အပြင် တတိယမြောက် သင်္ဘောတစင်းကိုတော့ တန်ချိန် ၁၀,၀၀၀ ရှိတဲ့ "လျှို့ဝှက်" ဖျက်သင်္ဘော အဖြစ် ဖော်ပြထားပြီး၊ သူနဲ့ပတ်သက်တဲ့ အသေးစိတ် အချက်အလက်တွေကို ဒီဇင်ဘာလမှာ ထုတ်ပြသွားမယ်လို့ ပြောထားပါတယ်။
အမည်မဖော်ပြထားတဲ့ ဒီသင်္ဘောဟာ တပ်တော်ဝင်ပြီးစ Type 055 အမျိုးအစား သင်္ဘောအသစ် ဖြစ်နိုင်ပြီး၊ အခုပြပွဲမှာ ပထမဆုံးအကြိမ်အဖြစ် လူထုရှေ့ကို ထွက်လာမယ်လို့ ကျန်းက ပြောပါတယ်။
ဒါပေမဲ့ဒီသင်္ဘောနဲ့ ပတ်သက်ပြီး တိကျတဲ့ အချက်အလက်တွေကို တရားဝင် ထုတ်ပြန်ကြေညာတာ မရှိသေးပါဘူး။
အခုပြပွဲမှာ ကောင်းလန်းဆိပ်ကမ်းမှာ ရေကြောင်းဆိုင်ရာ ပြသမှုဧရိယာတခု ပါမှာဖြစ်ပြီး၊ အဲဒီ နေရာမှာ လက်ရှိ တာဝန်ထမ်းဆောင်နေဆဲ စစ်သင်္ဘောတွေကို ဧည့်သည်တွေ လာကြည့် နိုင်မယ်လို့ PLA ရေတပ်က ပြောပါတယ်။
ဒါ့အပြင် ရေတပ်သုံး လေယာဉ်တွေ၊ ရေတပ်ဆိုင်ရာ စက်ကိရိယာတွေနဲ့ လူမပါတဲ့ စနစ်တွေကို လည်း ပြပွဲမှာ ထည့်ပြသွားမယ်လို့ ကြေညာထားပါတယ်။
Source:Reuters











