DVB Logo
Home
မြန်မာသတင်း

မိုင်းနောင်မြို့အနီးရှိ ကျားဖြန့်နေရာကို ဝင်ရောက်စီးနင်း၊ တရုတ် ၃၀၀ ကျော် ဖမ်းမိ

မောရစ်
·
November 25, 2026
Photo: MWD
Photo: MWD
Donate to DVB

ရှမ်းပြည်နယ်တောင်ပိုင်း၊ ကျေးသီးမြို့နယ်၊ မိုင်းနောင်မြို့နားက အွန်လိုင်းလိမ်လည်လောင်းကစား လုပ်ကိုင်နေတဲ့ နေရာတခုကို နိုဝင်ဘာ ၂၃ ရက် မနက်က ဝင်ရောက်စီးနင်းခဲ့ရာမှာ တရုတ်နဲ့ မြန်မာနိုင်ငံသား စုစုပေါင်း ၃၂၃ ယောက်ကို လက်နက်ခဲယမ်းတွေ၊ လုပ်ငန်းသုံးပစ္စည်းတွေနဲ့အတူ ဖမ်းဆီးရမိခဲ့တယ်လို့ စစ်အာဏာရှင် ပြန်ကြား‌ရေးသတင်းမှာ ဖော်ပြပါတယ်။

နိုဝင်ဘာ ၂၃ ရက် မနက် ၆ နာရီခွဲလောက်မှာ မိုင်းနောင်မြို့၊ ဝမ်ပုံကျေးရွာနားက ယာယီတဲစခန်းတွေကို ဝင်ရောက်ရှာဖွေခဲ့ရာမှာ တရုတ်နိုင်ငံသား အမျိုးသား ၃၀၁ ယောက်၊ အမျိုးသမီးတယောက်နဲ့ မြန်မာနိုင်ငံသား အမျိုးသမီး ၂၁ ယောက် စုစုပေါင်း ၃၂၃ ယောက် ဖမ်းမိခဲ့တာလို့ ဆိုပါတယ်။

အဲဒီစစ်ဆင်ရေးအတွင်း AK-47 သေနတ် ၅ လက်၊ Beretta-22 ပစ္စတို တလက်၊ CZ 9 mm ပစ္စတို တလက်၊ Smith-22 အရှည်သေနတ် တလက်နဲ့ ကျည်မျိုးစုံ ၂၂၆ တောင့်အပြင် ဖုန်းမျိုးစုံ ၂၁၇ လုံး၊ လက်ပ်တော့ ၅၄ လုံး၊ All in One ကွန်ပျူတာ ၅ လုံး၊ Starlink ဗန်း ၃၃ ခု၊ Wi-Fi Router အခု ၃၀၊ ဆိုလာစနစ်သုံး ဘက်ထရီအိုး ၂၃ လုံးနဲ့ မော်တော်ယာဉ် ၃ စီးတို့ သိမ်းဆည်းရမိတယ်လို့ သတင်းမှာ ဖော်ပြပါတယ်။

စစ်အာဏာရှင်အစိုးရရဲ့ စစ်ဆေးမေးမြန်းချက်အရ ဖမ်းဆီးရမိတဲ့ တရုတ်နိုင်ငံသားတွေဟာ TikTok၊ Telegram နဲ့ QQ လို လူမှုကွန်ရက်တွေကနေတဆင့် ချိတ်ဆက်ပြီး မြန်မာနိုင်ငံထဲကို တရားမဝင် ဝင်ရောက်လာကြသူတွေ ဖြစ်သလို အဲဒီနေရာမှာ အွန်လိုင်းလိမ်လည်မှု လုပ်ကိုင်နေတာ ရက်ပေါင်း ၄၀ လောက် ရှိပြီလို့ သိရပါတယ်။

သူတို့တွေဟာ WeChat၊ MoMo နဲ့ QQ လူမှုကွန်ရက်တွေကနေတဆင့် တရုတ်နိုင်ငံမှာရှိတဲ့ ငွေကြေးချမ်းသာသူတွေကို အဓိကပစ်မှတ်ထားပြီး ရင်းနှီးမှုတည်ဆောက်ကာ အကျိုးတူ စီးပွားရေးလုပ်ငန်းတွေမှာ ပါဝင်ရင်းနှီးမြှုပ်နှံဖို့ စည်းရုံးလိမ်လည်ကြတာလို့ သတင်းထုတ်ပြန်ချက်မှာ ရေးသားထားပါတယ်။

အခု ကျားဖြန့်လုပ်ငန်းတွေ ဖမ်းဆီးရမိခဲ့တဲ့ နေရာတဝိုက်ဟာ ကျေးသီးမြို့နယ်နဲ့ မိုင်းနောင်မြို့နယ်ခွဲ အတွင်းရှိ ကျေးရွာအုပ်စုတချို့နဲ့ လမ်းပိုင်းတွေမှာ မန်ပန်ပြည်သူ့စစ်ရဲ့ လှုပ်ရှားနယ်မြေဖြစ်သလို ရှမ်းလက်နက်ကိုင်တပ်ဖွဲ့တွေဖြစ်တဲ့ ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ/ရှမ်းပြည်တပ်မတော်  (RCSS/SSA) နဲ့ ရှမ်းပြည်တိုးတက်ရေးပါတီ/ရှမ်းပြည်တပ်မတော်(မြောက်ပိုင်း) (SSPP/SSA) တပ်ဖွဲ့တွေ၊ စစ်အာဏာရှင်ရဲ့ အရှေ့အလယ်ပိုင်းတိုင်းစစ်ဌာနချုပ် (ရလခ) လက်အောက်ခံ တပ်ရင်းတွေ လှုပ်ရှားနေတဲ့ နယ်မြေလည်း ဖြစ်ပါတယ်။

ဖမ်းဆီးရမိသူတွေကို လိုအပ်တဲ့ စစ်ဆေးမှုတွေ ပြုလုပ်ပြီးရင် တည်ဆဲဥပဒေတွေအရ အရေးယူသွားမယ်လို့ စစ်အာဏာရှင်က ဆိုထားပေမဲ့ အဲဒီငွေလိမ်စခန်းကို ဘယ်လက်နက်ကိုင်အဖွဲ့က အကာအကွယ်ပေးထားသလဲ ဆိုတာကိုတော့ ထုတ်ပြန်ချက်မှာ ထည့်သွင်းဖော်ပြထားတာ မရှိပါဘူး။

မောရစ်

Support DVB
Live
DVB Donate
မြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013