ထရမ့်ပ်-ပူတင်-ရှီ သမိုင်းဝင် သုံးပွင့်ဆိုင်တွေ့ဆုံ
တရုတ်နိုင်ငံ ရှန်ကျန်းမြို့မှာ သမ္မတ ရှီကျင့်ဖျင် အပါအဝင် အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ပ်နဲ့ ရုရှားသမ္မတ ဗလာဒီမာ ပူတင် တို့ဟာ သုံးပွင့်ဆိုင် တွေ့ဆုံ ဆွေးနွေးဖို့အတွက် စုဝေးရောက်ရှိနေပြီ ဖြစ်ပါတယ်။
အဲဒီမှာ အမေရိကန်ရဲ့ အီရန်စစ်ပွဲ၊ ယူကရိန်းအပေါ် ရုရှားကျူးကျော်မှုနဲ့ တရုတ် မပါဝင်လိုတဲ့ နျူကလီးယားလက်နက် ကန့်သတ်ရေး အပါအဝင် AI နည်းပညာနဲ့ ကုန်သွယ်ရေး ကိစ္စရပ်တွေအထိ ဆွေးနွေးသွားဖို့ ရှိနေပါတယ်။
ဒါဟာ အာရှ-ပစိဖိတ်ဒေသဆိုင်ရာ စီးပွားရေးပူးပေါင်းဆောင်ရွက်မှု (APEC) ထိပ်သီးအစည်းအဝေး ပြင်ပမှာ ကမ္ဘာ့အင်အားကြီး ၃ နိုင်ငံ ခေါင်းဆောင်တွေကြား ပထမဆုံးအကြိမ် တပြိုင်နက် ဆုံစည်းမှုလည်း ဖြစ်ပါတယ်။
သမ္မတ ထရမ့်ပ်က“အမေရိကန်နဲ့ တရုတ်နိုင်ငံဟာ ကုန်သွယ်ရေးကနေ ရင်းနှီးမြှုပ်နှံမှုအထိ၊ ဒေသတွင်း ပြဿနာတွေကနေ ကမ္ဘာ့ငြိမ်းချမ်းရေးအထိ ဦးဆောင်မှုပေးခဲ့ပါတယ်။ ကျနော်တို့ လုပ်ပြနိုင်ခဲ့တဲ့ အရာကို တခြား ဘယ်နိုင်ငံမှ လိုက်လုပ်နိုင်မှာ မဟုတ်ပါဘူး” လို့ မှတ်ချက်ပေးပါတယ်။
ဒီဆွေးနွေးပွဲကနေတဆင့် ခိုင်မာတဲ့ရလဒ် ထွက်လာသည်ဖြစ်စေ၊ မထွက်လာသည်ဖြစ်စေ ရုရှားခေါင်းဆောင် ပူတင် အတွက်တော့ အကျိုးရှိနှင့်ပြီးသား ဖြစ်ပါတယ်။
အထူးသဖြင့် ယူကရိန်းအရေးနဲ့ ပတ်သက်ပြီး ဘာအလျှော့အတင်းမှ ပြုလုပ်စရာ မလိုဘဲ ပူတင်ဟာ စီပွားရေးအင်အားအကြီးဆုံး ၂ နိုင်ငံ ခေါင်းဆောင်တွေနဲ့ တဝိုင်းတည်းထိုင်ရင်း ဆွေးနွေးသွားမဲ့ သံတမန်ရေးအရ အောင်မြင်မှုလည်း ဖြစ်ပါတယ်။
အလားတူ အဆုံးသတ်ဖို့ ခက်ခဲနေဆဲ စစ်ပွဲ ၂ ခုမှာ ပါဝင်ပတ်သက်နေတဲ့ ထရမ့်ပ်နဲ့ ပူတင်ကို သမ္မတ ရှီ ဘက်က လက်ခံတွေ့ဆုံခြင်းအားဖြင့် ကမ္ဘာ့စီပွားရေးနဲ့ နိုင်ငံရေးအပေါ် တရုတ်လွှမ်းမိုးနိုင်စွမ်း မြင့်တက်လာတာ သိသားထင်ရှားစေမဲ့ အခွင့်အရေးလည်း ဖြစ်ပါတယ်။
ဒါပေမဲ့ ဆွေးနွေးစရာ အကြောင်းအရာ အများကြီးရှိနေသလို အချိန်လည်း နည်းပါးတဲ့အလျောက် အရေးကြီးတဲ့ သဘောတူညီချက်တွေ ရလာဖို့နဲ့ အဓိကကျတဲ့ အကျပ်အတည်းတွေကို ပြေလည်အောင် ဖြေရှင်းနိုင်ဖို့ ဖြစ်နိုင်ခြေ နည်းပါးကြောင်း လေ့လာသူတွေက သုံးသပ်ထားပါတယ်။
အခုလိုမျိုး ကမ္ဘာ့နျူကလီးယားလက်နက် ၉၀ ရာခိုင်နှုန်းကျော်ကို ပိုင်ဆိုင်ထားကြတဲ့ အမေရိကန်၊ တရုတ်နဲ့ ရုရှားက နိုင်ငံ့ခေါင်းဆောင်တွေ ပူးပေါင်းပြီး အာဏာချိန်ခွင်လျှာနဲ့ နိုင်ငံရေးအခင်းအကျင်း အပြောင်းအလဲတွေ ဖော်ဆောင်လာနိုင်တယ်လို့ သိရပါတယ်။
Source: Reuters











