အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ပ်က နိုဝင်ဘာ ၁၇ ရက် ဖိလစ်ပိုင်နိုင်ငံ၊ မနီလာမြို့မှာ ပြုလုပ်တဲ့ အာဆီယံ-အမေရိကန် ညစာစားပွဲမှာ ခေါင်းဆောင်တွေနဲ့ ရင်းနှီးမှုအကြောင်း ပြောရင်း လူကောင်းတွေရော၊ လူဆိုးတွေပါရှိတာ သူကောင်းကောင်းသိကြောင်း ပြောလိုက်ပါတယ်။
ထရမ့်ပ် မနီလာလေဆိပ်ကို ရောက်လာချိန်မှာတော့ တီးဝိုင်းက သူ့အကြိုက်ဆုံး သီချင်းတွေထဲက Y.M.C.A. သီချင်းကို တီးခတ်ကြိုဆိုခဲ့ပြီး ထရမ့်ပ်ကတော့ ရဟတ်ယာဉ်နဲ့ ဟိုတယ်ကို ဆက်သွားခဲ့ပါတယ်။
ညစာစားပွဲမှာ ထရမ့်ပ်က “ဒီစားပွဲဝိုင်းမှာရှိတဲ့သူတွေ အားလုံးနီးပါးကို ကျုပ်သိတယ်။ အဲဒီလို သိကျွမ်းထားတော့ အလုပ်တွဲလုပ်ရတာ ပိုလွယ်ကူတယ်၊ ပိုအဆင်ပြေတယ်” လို့ ပြောပါတယ်။ ဆက်ပြီးတော့ “လူကောင်းတွေလည်း ရှိတယ်၊ လူဆိုးတွေလည်း ရှိတယ်၊ စကားမစပ် လူဆိုးတချို့လည်း ပါသေးတယ်နော်” လို့ ပြောခဲ့ပါတယ်။
ဘယ်သူတွေနဲ့ စီးပွားရေးလုပ်ချင်တယ်ဆိုတာ သိထားရင် အလုပ်တွေ ပိုလွယ်ကူမြန်ဆန်ပြီး အခုလို ဆောင်ရွက်နိုင်တာလည်း အဲဒီအတွက်ကြောင့်ပဲလို့ ထရမ့်ပ်က ရှင်းပြပါတယ်။
အရှေ့တောင်အာရှဒေသဟာ ကမ္ဘာပေါ်မှာ အတက်ကြွဆုံးနဲ့ ထုတ်လုပ်မှုအား အကောင်းဆုံး ဒေသတွေထဲက တခုဖြစ်ပြီး အလားအလာကောင်းတွေလည်း အများကြီးရှိတယ်လို့ ချီးကျူးခဲ့ပါတယ်။
အာဆီယံ ညစာစားပွဲ မတိုင်ခင်မှာတော့ ထရမ့်ပ်ဟာ အိန္ဒိယဝန်ကြီးချုပ် မိုဒီ၊ ဂျပန်ဝန်ကြီးချုပ် တာကာအိချိနဲ့ ဩစတြေးလျဝန်ကြီးချုပ် အန်သိုနီ အယ်လ်ဘန်နီးစ်တို့နဲ့ Quad လေးပွင့်ဆိုင် ထိပ်သီးအစည်းအဝေး ပြုလုပ်ခဲ့ပါတယ်။
အဲဒီမှာ မိုဒီကို “တော်တော်မာကျောခက်ခဲတဲ့သူ” လို့ ထရမ့်ပ်က ပြောခဲ့ပြီး ဂျပန်ဝန်ကြီးချုပ် တာကာအိချိကတော့ “ပိုတောင် မာကျောနိုင်တယ်” လို့ မှတ်ချက်ပေးခဲ့ပါတယ်။
ထရမ့်ပ်ဟာ ထိုင်းဝန်ကြီးချုပ် အနုထင်းနဲ့လည်း နှစ်နိုင်ငံ အပြန်အလှန်ကုန်သွယ်ရေး သဘောတူညီချက်ဆိုင်ရာ ပူးတွဲကြေညာချက်ကို လက်မှတ်ရေးထိုးခဲ့ပြီး အပြီးသတ် သဘောတူညီချက်ရရှိဖို့ ဆက်လက်ဆောင်ရွက်နေပါတယ်။
ထရမ့်ပ်ဟာ ဖိလစ်ပိုင်ခရီးစဉ်အပြီး တရုတ်နိုင်ငံ၊ ရှန်ကျန်းမြို့မှာ ကျင်းပမဲ့ APEC ထိပ်သီးအစည်းအဝေးကို တက်ရောက်မှာဖြစ်ပြီး နိုဝင်ဘာ ၁၉ ရက်မှာ တရုတ်သမ္မတ ရှီကျင့်ဖျင်နဲ့ ရုရှားသမ္မတ ဗလာဒီမာပူတင်တို့နဲ့ ၃ ပွင့်ဆိုင်တွေ့ဆုံဖို့ စီစဉ်ထားပါတယ်။
Source: Reuters











