DVB Logo
Home
Lead Story
မြန်မာနှင့် ပိုမိုနက်ရှိုင်းစွာ ထိတွေ့ဆက်ဆံရန် မလေးရှားဝန်ကြီးချုပ် တိုက်တွန်း
DVB
·
November 18, 2026
Photo: Reuters
Photo: Reuters
Donate to DVB

မလေးရှားဝန်ကြီးချုပ် အန်ဝါ အီဘရာဟင်မ်က အရှေ့တောင်အာရှနိုင်ငံများအသင်း (အာဆီယံ) အဖွဲ့ဝင်နိုင်ငံတွေကို မြန်မာနိုင်ငံနဲ့ သံတမန်ရေးအရ ပိုမိုနက်ရှိုင်းစွာ ဆက်ဆံဖို့ နိုဝင်ဘာ ၁၆ ရက်မှာ တိုက်တွန်းလိုက်ပါတယ်။

နိုဝင်ဘာ ၁၅ ရက်ကနေ ၁၇ ရက်အထိ မနီလာမြို့မှာ ကျင်းပနေတဲ့ ၄၉ ကြိမ်မြောက် အာဆီယံ ထိပ်သီးအစည်းအဝေး တက်ရောက်တဲ့ ဝန်ကြီးချုပ် အန်ဝါက သတင်းစာရှင်းလင်းပွဲမှာ ပြောလိုက်တာပါ။

အန်ဝါက “သူတို့ (စစ်အာဏာရှင်) ဘက်ကလည်း အရင်ကထက် ပိုကောင်းတဲ့ခြေလှမ်းတွေကို လှမ်းခဲ့တယ် ဆိုတာကို ကျနော်တို့ ဝန်ခံရပါမယ်။ ဒါမျိုးက အရင်က မဖြစ်ခဲ့ဖူးပါဘူး။ ဒီတိုးတက်မှုက မြန်မာအစိုးရကို နိုင်ငံတွင်း တင်းမာမှုတွေ လျှော့ချဖို့အတွက် ကျနော်တို့က လွှမ်းမိုးနိုင်စေလိမ့်မယ်လို့ ကျနော်ထင်ပါတယ်” လို့ ပြောပါတယ်။

မလေးရှားနိုင်ငံအနေနဲ့ အာဆီယံရဲ့ ငြိမ်းချမ်းရေး အစီအစဉ်ဖြစ်တဲ့ ဘုံသဘောတူညီချက် ၅ ချက်ကို ဆက်လက်ထောက်ခံနေဆဲ ဖြစ်ကြောင်းလည်း ပြောပါတယ်။

အာဆီယံအဖွဲ့ဝင်နိုင်ငံတွေဖြစ်တဲ့ ထိုင်း၊ မလေးရှား၊ ဗီယက်နမ်၊ လာအိုနဲ့ ကမ္ဘောဒီးယားတို့က မြန်မာစစ်အာဏာရှင်အစိုးရနဲ့ စတင်ထိတွေ့ဆက်ဆံနေပြီဖြစ်သလို အိန္ဒိယ၊ တရုတ်နဲ့ ဘယ်လာရုစ်တို့ကလည်း အပြိုင်အဆိုင် ဆက်သွယ်နေကြပါတယ်။

အာဏာသိမ်းခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ဧပြီ ၁၀ ရက်မှာ မြန်မာနိုင်ငံရဲ့ သမ္မတအဖြစ် ကိုယ့်ကိုယ်ကိုယ် ခန့်အပ်ခဲ့ပြီးနောက် မလေးရှားကို အောက်တိုဘာလမှာ သွားရောက်ခဲ့ပါတယ်။

ဝန်ကြီးချုပ် အန်ဝါ အီဘရာဟင်မ် ကတော့ သံတမန်ရေးလမ်းကြောင်းတွေဟာ နေပြည်တော်က အာဏာပိုင်တွေအပေါ် သီးသန့်အာရုံစိုက်တာမျိုး မဟုတ်ဘဲ အားလုံးပါဝင်နိုင်မှု ရှိရမယ်လို့ အလေးအနက် ပြောကြားခဲ့တယ်။

အန်ဝါက “ကျတို့ ဘယ်လိုခြေလှမ်းပဲ လှမ်းလှမ်း၊ ပထမအချက်က ငြိမ်းချမ်းရေးကို ရရှိရမယ်၊ ဒုတိယအချက်က မြန်မာနိုင်ငံကို အာဆီယံအဖွဲ့ဝင်အဖြစ် ပြန်လည်ဝင်ရောက်နိုင်အောင် ပြန်လည်ထူထောင်ရေးအတွက် လုပ်ဆောင်ရမယ်” လို့ ဖြည့်စွက်ပြောပါတယ်။

ဒါဟာ နိုင်ငံတွင်း တင်းမာမှုတွေကို လျှော့ချပြီး ဒေသတွင်း တည်ငြိမ်မှုကို ပြန်လည်ရယူဖို့ ကြိုးပမ်းမှုတခု ဖြစ်ပါတယ်။

မြန်မာစစ်အာဏာရှင်နဲ့ မလေးရှားရဲ့ သံတမန်ရေးအရ ထိတွေ့ဆက်ဆံမှုဟာ ဒီနှစ်အတွင်း မလေးရှား လူဝင်မှုကြီးကြပ်ရေး ထိန်းသိမ်းရေးစခန်းတွေကနေ မြန်မာနိုင်ငံသား ၁၀,၃၀၀ ကျော် ပြန်လည်ပို့ဆောင်ရေးကို လွယ်ကူချောမွေ့စေခဲ့ပြီး ပြန်လည်ပို့ဆောင်ရေးစရိတ် အားလုံးကို နေပြည်တော်က ပေးဆောင်ခဲ့တယ်လို့ ဆိုပါတယ်။

ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး (UNHCR) နဲ့ လူ့အခွင့်အရေးအဖွဲ့တွေကတော့ ပြည်တွင်းစစ်ဖြစ်နေတဲ့ မြန်မာနိုင်ငံလို နိုင်ငံမျိုးကို ခိုလှုံခွင့်တောင်းခံသူတွေနဲ့ ဒုက္ခသည်တွေကို ပြန်ပို့တာနဲ့ ပတ်သက်ပြီး စိုးရိမ်ပူပန်မှုတွေ ထုတ်ဖော်ပြောကြားခဲ့ပါတယ်။

ဝန်ကြီးချုပ် အန်ဝါ ကတော့ မလေးရှားကနေ ပြည်နှင်ဒဏ်ပေးခံရတဲ့ မြန်မာနိုင်ငံသား ၁၀,၃၀၀ ကျော်ဟာ သူတို့တယောက်ချင်းစီရဲ့ ဆန္ဒအလျောက် နေရပ်ကို ထွက်ခွာသွားတာလို့ ပြောပါတယ်။

လက်တွေ့မှာတော့ မြန်မာနိုင်ငံကို ပြန်ပို့ခံရသူတွေထဲက အထူးသဖြင့် ရခိုင်ပြည်နယ် မှတ်ပုံတင် ကိုင်ဆောင်ထားသူတွေဟာ ထိန်းသိမ်းစစ်ဆေးခံရပြီးမှ နေအိမ်တွေကို ပြန်ခွင့်ရခဲ့ပြီး စစ်မှုထမ်း ခိုင်းစေခံရမှာကိုလည်း စိုးရိမ်ပူပန်နေကြပါတယ်။

Source: BERNAMA

Support DVB
Live
DVB Donate
မြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013