ပိုင်နက်အငြင်းပွားနေတဲ့ တောင်တရုတ်ပင်လယ်အရေး ကျင့်ဝတ်စည်းမျဉ်း (Code of Conduct) မူကြမ်းကို အာဆီယံနဲ့ တရုတ်တို့က ၈၀ ရာခိုင်နှုန်းလောက် ယာယီသဘောတူထားပေမဲ့ ဖိလစ်ပိုင်ရဲ့ အာဆီယံဥက္ကဋ္ဌသက်တမ်းမှာ အပြီးမသတ်နိုင်ခဲ့ပါဘူး။
နိုဝင်ဘာ ၁၅ ရက်က မနီလာမြို့မှာ ကျင်းပတဲ့ အာဆီယံ ထိပ်သီးအစည်းအဝေးမှာ ဖိလစ်ပိုင်နိုင်ငံခြားရေးဝန်ကြီး မာရီယာ ထရီဆာ လာဇာရိုက “အခုအချိန်အထိ အပြီးသတ် သဘောတူညီမှု မရသေးပါဘူး” လို့ ပြောပါတယ်။
နှစ်ပေါင်း ၂၀ ကျော် ကြာမြင့်နေတဲ့ ဒီဆွေးနွေးမှုတွေကို ၂၀၂၆ ခုနှစ်မှာ အပြီးသတ်ဖို့ ဖိလစ်ပိုင်က ရည်မှန်းထားခဲ့ပေမဲ့ အဓိကအချက်တချို့မှာ နှစ်ဖက် သဘောထားကွဲလွဲနေဆဲ ဖြစ်ပါတယ်။
အဓိက မပြေလည်သေးတဲ့ အချက်တွေထဲမှာ ဒီကျင့်ဝတ်စည်းမျဉ်းကို ဥပဒေအရ မဖြစ်မနေ လိုက်နာရမဲ့ စည်းမျဉ်းအဖြစ် သတ်မှတ်မလားဆိုတဲ့ ကိစ္စလည်း ပါဝင်ပါတယ်။
တောင်တရုတ်ပင်လယ်ပြင်မှာ တရုတ်ရဲ့ ပိုင်နက်တောင်းဆိုမှုတွေဟာ ဘရူနိုင်း၊ အင်ဒိုနီးရှား၊ မလေးရှား၊ ဖိလစ်ပိုင်နဲ့ ဗီယက်နမ်တို့ရဲ့ သီးသန့်စီးပွားရေးဇုန်နယ်မြေတွေပါ ပါဝင်နေပါတယ်။
တရုတ်ရဲ့ ကျယ်ပြန့်တဲ့ ပိုင်နက်တောင်းဆိုမှုတွေဟာ နိုင်ငံတကာဥပဒေအရ အခြေခံမရှိဘူးလို့ ၂၀၁၆ ခုနှစ်မှာ နိုင်ငံတကာအနုညာတခုံရုံးက ဆုံးဖြတ်ခဲ့ပေမဲ့ တရုတ်က လက်မခံခဲ့ပါဘူး။
မကြာသေးခင်နှစ်တွေအတွင်းမှာလည်း ဖိလစ်ပိုင်နဲ့ တရုတ်တို့အကြား ပင်လယ်ပြင် ထိပ်တိုက်တွေ့မှုတွေ မကြာခဏ ဖြစ်ပွားခဲ့ပြီး အပြန်အလှန် စွပ်စွဲနေကြပါတယ်။
ဒါ့အပြင် ကျင့်ဝတ်စည်းမျဉ်း သက်ရောက်မဲ့ ပင်လယ်နယ်မြေ အကျယ်အဝန်းနဲ့ပတ်သက်ပြီး အာဆီယံအဖွဲ့ဝင်နိုင်ငံတွေကြားမှာလည်း သဘောထားကွဲလွဲမှုတွေ ရှိနေတယ်လို့ လေ့လာသူတွေက ထောက်ပြပါတယ်။
ဒီကျင့်ဝတ်စည်းမျဉ်းဟာ ပင်လယ်ပြင်မှာ ထိပ်တိုက်တွေ့မှုတွေကနေ တင်းမာမှု ပိုမိုမြင့်တက်မလာအောင် ထိန်းသိမ်းဖို့ ရည်ရွယ်ထားပါတယ်။
၂၀၂၇ ခုနှစ်မှာ အာဆီယံဥက္ကဋ္ဌတာဝန်ယူမဲ့ စင်ကာပူနိုင်ငံကတော့ ဒီကျင့်ဝတ်စည်းမျဉ်း အပြီးသတ်နိုင်ရေး ဆွေးနွေးမှုတွေကို ဆက်လက်ဦးဆောင်ရမှာ ဖြစ်ပါတယ်။
Source: Reuters











