DVB Logo
Home
မြန်မာသတင်း
၂၀၂၇ ခုနှစ် အာဆီယံ ဥက္ကဋ္ဌဖြစ်လာမည့် စင်ကာပူနိုင်ငံက မြန်မာ့အရေး ဘယ်လို ကိုင်တွယ်မလဲ
စိုးသူအောင်
·
November 17, 2026
Photo: Vivian Balakrishnan’s Facebook 
Photo: Vivian Balakrishnan’s Facebook 
Donate to DVB

အာဆီယံရဲ့ ဘုံသဘောတူညီချက် ၅ ရပ် အကောင်အထည်မပေါ်လာသေးသရွေ့ မြန်မာ စစ်အာဏာရှင်ရဲ့  နိုင်ငံရေးကိုယ်စားပြုခွင့်ကို ဆက်လက် ပိတ်ပင်ထားဖို့ လက်ရှိ အာဆီယံ ဥက္ကဋ္ဌ ဖိလစ်ပိုင်လက်ထက်မှာ ဆုံးဖြတ်ခဲ့သလို လာမဲ့ ၂၀၂၇ ခုနှစ်မှာ အာဆီယံ အလှည့်ကျ ဥက္ကဋ္ဌဖြစ်လာမယ့် စင်ကာပူနိုင်ငံ အနေနဲ့လည်း မြန်မာပြည်သူတွေဘက်က ရပ်တည်မယ်လို့  လေ့လာသူတွေက သုံးသပ်ပါတယ်။  

မြန်မာ့အရေးနဲ့ပတ်သက်ပြီး အာဆီယံကချမှတ်ထားတဲ့ ဘုံသဘောတူညီချက် ၅ ရပ်ကို တင်းတင်းကျပ်ကျပ် စွဲကိုင်ထားကြောင်း အာဆီယံခေါင်းဆောင်တွေရဲ့ ပြန်လည် သုံးသပ်ချက်နဲ့  ဆုံးဖြတ်ချက်တွေကို နိုဝင်ဘာ  ၁၅ ရက်မှာ ထုတ်ပြန်ခဲ့ပါတယ်။

ဖိလစ်ပိုင်နိုင်ငံ မနီလာမြို့မှာကျင်းပတဲ့ ထိပ်သီးအစည်းအဝေးအတွင်း ထုတ်ပြန်တာဖြစ်ပြီး သဘောတူညီချက် ၅ ရပ်ကို အကောင်အထည်ဖော်ရာမှာ တိုးတက်မှုတွေမရှိသေးသရွေ့ မြန်မာစစ်အာဏာရှင် ခေါင်းဆောင်တွေကို တက်ရောက်ခွင့်ပြုမှာမဟုတ်ဘူးလို့ဆိုပါတယ်။

၂၀၂၇ ခုနှစ်မှာ အာဆီယံ ဥက္ကဋ္ဌဖြစ်လာမဲ့ စင်ကာပူနိုင်ငံကရော မြန်မာနိုင်ငံအရေးနဲ့ ပတ်သက်လို့ ဘယ်လို ကိုင်တွယ်လာနိုင်ပါသလဲ။

အာဆီယံအရေးကျွမ်းကျင်သူ ကိုဝင်းမင်းက “ စင်ကာပူက လက်ရှိအခြေအနေတွေ၊ ပြည်သူတွေ ထိခိုက်နေတဲ့အရေးကိစ္စတွေအပေါ်မှာ ပိုမိုခိုင်မာစွာရပ်တည်ပြီး၊ နိုင်ငံရေး လုပ်ငန်းစဉ်အပေါ်တော့ အများကြီးဝင်ပါမယ်မထင်ဘူး။ အာဆီယံအနေနဲ့ မြန်မာ့အရေးနဲ့ပတ်သက်လို့ လျော့ပေါ့ ကိုင်တွယ်မှာမဟုတ်ဘူးလို့ ပွင့်ပွင့်လင်းလင်းပြောလာတဲ့အခါ။ တကယ်အရေးပါတဲ့ အခြေခံ အကြောင်းအရာတွေဖြစ်တဲ့ အပစ်အခတ်ရပ်စဲရေး၊ ပြည်သူတွေကို နေ့စဉ်ဗုံးကြဲနေတာတွေ ရပ်ရ နိုင်တယ်။ လူသားစာနာအကူအညီပေးရေးဆောင်ရွက်တာတွေ လွတ်လပ်စွာ ဆောင်ရွက်နိုင်ရေး၊ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်အပါအဝင် နိုင်ငံရေးအကျဉ်းသားအားလုံး လွှတ်ပေးရေး စတဲ့အကြောင်းအရာတွေ လိုက်နာဆောင်ရွက်ဖို့လိုပါတယ်။ ဒီ အခြေခံအကြောင်းအရာတွေတောင် လုပ်ဆောင်နိုင်မှုမပြုနိုင်ဘူးဆိုရင် စစ်အစိုးရက အာဆီယံ အစည်းအဝေးတွေကို အဝေးကနေ ဆက်လက်ကြည့်နေရဦးမှာပါ”လို့ ပြောပါတယ်။ 

စစ်အာဏာရှင်ခေါင်းဆောင်တွေကို အသိအမှတ်ပြုဖို့နဲ့ အာဆီယံ အစည်းအဝေးတွေမှာ  တက်ခွင့်မပေးဖို့ဆိုတာဟာ တော်လှန်ရေးအစုအဖွဲ့တွေရဲ့ အခြေခံတောင်းဆိုချက်တွေထဲက တခုဖြစ်တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ  (NUG) နိုင်ငံခြားရေး ဝန်ကြီး ဒေါ်ဇင်မာအောင်က ပြောပါတယ်။

ပြည်ထောင်စုဝန်ကြီး  ဒေါ်ဇင်မာအောင်က “သို့သော် အကြမ်းဖက်မှုတွေလျော့ချဖို့ လေကြောင်းတိုက်ခိုက်မှုတွေ အရပ်သားတွေပေါ်မှာ တိုက်ခိုက်မှုတွေကိုရပ်တန့်ဖို့လို့ ပြီးတော့ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာအကူအညီတွေကို အတားအဆီးမရှိပေးဖို့ဆိုတဲ့ကိစ္စတွေ အထူးသဖြင့် အာဆီယံ 5 Points Consensus ( ဘုံသဘောတူညီချက် ၅ ရပ်) မှာပါတဲ့အချက်အလက်တွေကို အပြည့်အဝ ပူးပေါင်းဆောင်ရွက် အကောင်အထည်ဖော်နိုင်ဖို့ ဆိုလို့ရှိရင်တော့လည်းပဲ ဒီထက်ဖိအားတွေပေးဖို့တော့ လိုဦးမှာ ဖြစ်ပါတယ်”လို့ ပြောပါတယ်။ 

လက်ရှိမှာတော့ ထိပ်သီးအစည်းအဝေးနဲ့ ဆက်စပ်အစည်းအဝေးတွေကို မြန်မာ စစ်အာဏာရှင်သမ္မတနဲ့ အစိုးရဝန်ကြီးတွေတက်ရောက်ခွင့်မရဘဲ နိုင်ငံရေးအရ ကိုယ်စားမပြုတဲ့ ညွှန်ကြားရေးမှူးချုပ် ဦးဟန်ဝင်းအောင် တက်ရောက်နေပါတယ်။ 

ဒါပေမဲ့ ဒီသဘောတူညီချက်တွေကို အကောင်အထည်ဖော်ရာမှာ ခိုင်မာပြီး စဉ်ဆက်မပြတ် တိုးတက်မှုတွေ ရှိလာရင်တော့ မြန်မာနိုင်ငံရဲ့ နိုင်ငံရေးကိုယ်စားပြုခွင့်ကို အဆင့်လိုက် ပြန်လည်ခွင့်ပြုဖို့ စဉ်းစားနိုင်တယ်လို့ ဆုံးဖြတ်ခဲ့ပါတယ်။

ဘုံသဘောတူညီချက်ပါအခြေခံမူတွေကိုလိုက်နာရင်း မြန်မာနဲ့ထိတွေ့ဆက်ဆံမှု ရအောင် ကြိုးစားဖို့ သဘောတူခဲ့တယ်လို့  အိမ်ရှင်ဖိလစ်ပိုင်သမ္မတ ဖာဒီနန် မားကို့စ်ဂျူနီယာက ပြောခဲ့ပေမဲ့ သဘောတူညီချက်တွေကို အကောင်အထည်ဖော်ရာမှာ လူသားစာနာကိစ္စမှာသာ တိုးတက်မှု အနည်းငယ်ရှိတယ်လို့လည်း အာဆီယံက အကဲဖြတ်ထားပါတယ်။ 

၂၀၂၁ ခုနှစ်မှာ ချမှတ်ခဲ့တဲ့ အာဆီယံ ဘုံသဘောတူညီချက် ၅ ရပ်မှာ အကြမ်းဖက်မှုတွေ ချက်ချင်းရပ်တန့်ရေး၊ သက်ဆိုင်သူအားလုံး တွေ့ဆုံဆွေးနွေးရေး၊ အာဆီယံ အထူးကိုယ်စားလှယ်က ကြားဝင်စေ့စပ်ရေးနဲ့ လူသားစာနာအကူညီတွေပေးအပ်ဖို့တို့ ပါဝင်ပါတယ်။ 

 

 

Support DVB
Live
DVB Donate
မြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013