
မင်းအောင်လှိုင် အာဆီယံထိုင်ခုံ ပြန်ရဖို့ စိတ်ကူးယဉ်နေပေမဲ့လည်း ကုလသမဂ္ဂစင်မြင့်ထက်မှာ ထိုက်ထိုက်တန်တန် သံတမန်တံတွေးခွက်ထဲ ပက်လက်မျောရပြန်တယ်။
အောက်တိုဘာ ၂၇ ရက်၊ ကုလသမဂ္ဂရင်ပြင်မှာ ကျင်းပတဲ့ တတိယကော်မတီအစည်းအဝေးမှာ မင်းအောင်လှိုင်နဲ့ အာဏာသိမ်း စစ်ဗိုလ်ချုပ်တသိုက် နာလန်မထူနိုင်အောင် ထိုးနှက်ခံရတယ်။ အဲဒီအစည်းအဝေးမှာ ကုလသမဂ္ဂအတွင်းရေးမှူးချုပ်ရဲ့ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ် ဂျူလီ ဘစ်ရှော့ပ်၊ မြန်မာ နိုင်ငံဆိုင်ရာ လွတ်လပ်သော စုံစမ်းစစ်ဆေးရေးယန္တရား (IIMM) အကြီးအကဲ နီကိုလပ်စ်ကွန်ဂျန်းနဲ့ မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ လူ့အခွင့်အရေး အထူးကိုယ်စားလှယ် ကယ်လီကာရီတို့က အစီရင်ခံတင်ပြခဲ့ကြရာမှာ မင်းအောင်လှိုင် ဆိုတာ နှုတ်နဲ့ ဆိုဆုံးမလို့မရတဲ့ အကြမ်းဖက်လူသတ် ရာဇဝတ်သားတယောက် ဖြစ်ကြောင်း နိုင်ငံတကာသံတမန်တွေရဲ့ရှေ့ ထင်ရှားစေခဲ့တယ်။
အဲဒီအစည်းအဝေးမှာ စိတ်ဝင်စားစရာကောင်းတာက မြန်မာနိုင်ငံဆိုင်ရာ ကုလ လူ့အခွင့်အရေးအထူး ကိုယ်စားလှယ် ကယ်လီကာရီရဲ့ အစီရင်ခံစာပါ မင်းအောင်လှိုင် အစိုးရတုရဲ့ ရက် ၁၀၀ သက်တမ်းအတွင်း စစ်အုပ်စုဟာ သူတို့ကို ဆန့်ကျင်သူတွေအပေါ် ဖိနှိပ်ဖို့ တရုတ်နဲ့ ရုရှားဆီက ရတဲ့ ဖိနှိပ်ရေးနဲ့ စောင့်ကြည့်ရေးနည်း ပညာသစ်တွေ အသုံးပြုခဲ့တယ်ဆိုတဲ့ ဖော်ပြချက်အပေါ် တရုတ်သံအမတ်က ကန့်ကွက်ခဲ့ခြင်းပါ။
တရုတ်သံအမတ်က အချက်အလက်မရှိဘဲ လျှောက်မပြောဖို့၊ ဘက်မလိုက်ဘဲ တရားမျှတစွာ တာဝန်ထမ်းဆောင်ဖို့၊ အတည်မပြုရသေးတဲ့ သတင်းအချက်အလက်တွေကို ဖြန့်ချိတာမျိုးမလုပ်ဖို့ စသဖြင့် တရုတ်တို့ ထုံးစံအတိုင်း ခပ်ပြတ်ပြတ် မာမာထန်ထန် ကန့်ကွက်ခဲ့တယ်။
တရုတ်သံအမတ်ရဲ့ အဲဒီကန့်ကွက်ချက်အပေါ် လူ့အခွင့်အရေးအထူးကိုယ်စားလှယ်က “နောက်ဆုံး အနေနဲ့ တရုတ်ကိုယ်စားလှယ်အဖွဲ့က ကျမအနေနဲ့ သူတို့အပေါ် အထောက်အထားမရှိဘဲ စွပ်စွဲခဲ့တယ်လို့ ပြောသွားတာနဲ့ ပတ်သက်လို့ တရုတ်သံရုံးအနေနဲ့ မင်းအောင်လှိုင်ရဲ့ စစ်ကောင်စီကို လက်နက်တွေ မရောင်းချပါဘူး၊ ဒါမှမဟုတ် စီးပွားရေးနဲ့ နိုင်ငံရေးအရ ကူညီပံ့ပိုးပေးနေတာ မရှိပါဘူးဆိုတာကို ငြင်းဆိုနိုင်မဲ့ အချက်အလက်အသစ်တွေ ပေးပို့ပေးဖို့ မေတ္တာရပ်ခံချင်ပါတယ်။ ဒီလို အချက်အလက်တွေ ပေးပို့လာမယ်ဆိုရင် ဝမ်းမြောက်စွာ လက်ခံမှာဖြစ်သလို အထူးလည်း ကျေးဇူးတင်မှာပါ” လို့ အဲဒီအစည်းအဝေးမှာပဲ ပြန်လည်ချေပခဲ့ရာမှာ တရုတ်ဘက်က ဘာမှ ထပ်မတုံ့ပြန်နိုင်တော့တာ တွေ့ရတယ်။
ပြောရရင် နိုင်ငံကြီးတနိုင်ငံလည်း ဖြစ်ပြီး မာန်မာနလည်းကြီးတဲ့ တရုတ်အစိုးရဟာ နိုင်ငံတကာ သံကြီးတမန်ကြီးတွေအလယ်မှာ အညံ့မခံနှုတ်ရေးစွာခဲ့သလောက် ဒီတချီမှာတော့ အရှက်ရ ဆိတ်ဆိတ်နေခဲ့ရတယ်။
ထပ်ပြောရရင် တရုတ်ဟာ ကုလသမဂ္ဂလုံခြုံရေးကောင်စီမှာ ဓားရေးထက်တဲ့ ဗီတိုအာဏာရှင်တဦး အဖြစ်နဲ့ မြန်မာစစ်အာဏာရှင်တွေကို လက်တွေ့ကျတဲ့ အရေးယူမှုတွေ ဖြစ်မလာအောင် အကာအကွယ်ပေးနေနိုင်ပေမဲ့ အများစုံလင်တဲ့ ကုလသမဂ္ဂအထွေထွေညီလာခံမှာ တရုတ်ရဲ့ ဗိုလ်ကျစီးပိုးမှုဝါဒဟာ ထင်ရာစိုင်းလို့မရကြောင်း ဖော်ပြနေတယ်။
အဲဒီအစည်းအဝေးမှာ IIMM အကြီးအကဲ နီကိုလပ်စ်ကွန်ဂျန်းကမြန်မာနိုင်ငံမှာ စစ်ရာဇဝတ်မှုနဲ့ လူသားမျိုးနွယ်အပေါ် ကျူးလွန်တဲ့ ရာဇဝတ်မှုတွေအတွက် တာဝန်ရှိသူတွေကို အရေးယူနိုင်ဖို့ သက်သေအထောက်အထားတွေ စုဆောင်းနေကြောင်းနဲ့ အရင်းအမြစ် ၁,၆၀၀ ကျော်ကနေ အချက်အလက်တွေရရှိထားပြီး သက်သေ ၇၅၀ ကျော်ရဲ့ ထွက်ဆိုချက်တွေကိုလည်း ရရှိထားကာ အဲဒီအထောက်အထား အချက်အလက်တွေကို နိုင်ငံတကာတရားရုံးတွေဆီ မျှဝေထားကြောင်း ပြောကြားခဲ့တယ်။
မြန်မာနိုင်ငံ အကျပ်အတည်းကို အပြီးတိုင် ဖြေရှင်းဖို့ ခက်ခဲတဲ့အခြေအနေ မရောက်ခင် ကုလသမဂ္ဂအနေနဲ့ ထိရောက်တဲ့ အရေးယူမှုတွေ လုပ်ဆောင်ဖို့လိုကြောင်း ကုလသမဂ္ဂအတွင်းရေးမှူးချုပ်ရဲ့ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ် ဂျူလီဘစ်ရှော့ကလည်း ဆိုတယ်။
တတိယကော်မတီအစည်းအဝေးက ဘာကိုဖော်ပြခဲ့သလဲဆိုတော့ အာဆီယံနိုင်ငံတချို့က မင်းအောင်လှိုင်ကို သမ္မတအဖြစ်နဲ့ ဖိတ်ခေါ်ကာ ကော်ဇောနီခင်း ကြိုဆိုခဲ့ပေမဲ့ ကုလသမဂ္ဂကတော့ မင်းအောင်လှိုင်ဆိုတာ ရာဇဝတ်ကောင်သာဖြစ်ပြီး နိုင်ငံတကာတရားရုံးတွေမှာ ရာဇဝတ်ကောင်ကို ဖမ်းဝရမ်းထုတ် ကြိုးကွင်းစွပ်ရေးအတွက် အားထုတ်ကြိုးပမ်းမြဲဖြစ်ကြောင်း ဆိုတာပါပဲ။
အဲဒီအစည်းအဝေးမှာ အမေရိကန်က မြန်မာ့အရေး ဝင်ဆွေးနွေးတာမျိုးမရှိပေမဲ့ နိုဝင်ဘာလဆန်းပိုင်းရောက်တော့ အကျိုးစီးပွားကို ဦးထိပ်ပန်ထားတဲ့ အမေရိကန်ရဲ့ မြန်မာ့အရေး မဟာဗျူဟာသစ်အများပြည်သူ ပလက်ဖောင်းပေါ် ပေါက်ချလာတယ်။ တရုတ်ရဲ့ ဩဇာလွှမ်းမိုးမှုကို တန်ပြန်မယ်ဆိုတဲ့ အမေရိကန်ရဲ့ ကြွေးကြော်ချက်။ ၂၀၃၀ ပြည့်နှစ်အထိ ချမှတ်ထားတဲ့ အဲဒီမဟာဗျူဟာသစ်ကို ဩဂုတ် ၃၁ ရက်စွဲနဲ့ ထုတ်ပြန်ခဲ့ပေမဲ့ နိုဝင်ဘာလဆန်းကျမှ အများပြည်သူကြား ပျံ့နှံ့လာတာ ဖြစ်တယ်။
အမေရိကန်ရဲ့ မဟာဗျူဟာသစ်က မြန်မာ့ငြိမ်းချမ်းရေးလုပ်ငန်းစဉ်မှာ ဝင်ပါမယ်။ မြန်မာ့မြေရှားကို ရယူမယ်။ ကျားဖြန့်တိုက်ဖျက်မယ်။ အမေရိကန်ပို့ကုန်တွေအတွက် မြန်မာနိုင်ငံမှာ အခွင့်အလမ်း ချဲ့ထွင်မယ်လို့ ဆိုတယ်။
အမေရိကန်ရဲ့ မဟာဗျူဟာသစ် ထွက်ပြီးနောက်မှာပဲ အမေရိကန်ရဲ့ သက်တမ်းဝက် ရွေးကောက်ပွဲက အပြာရောင် ဆူနာမိလှိုင်းလုံးကြီးတွေအဖြစ် လွှတ်တော် ၂ ရပ်စလုံးမှာ ဒီမိုကရက်တွေ အောင်ပွဲခံခဲ့တာဟာ သမ္မတထရမ့်ပ်ရဲ့ ထင်ရာစိုင်းဝါဒ ထင်သလိုမပြေးနိုင်အောင် ဇက်ခွံ့ပေးလိုက်တာလို့ မှတ်ယူရပါမယ်။
ဘယ်လိုပဲဖြစ်ဖြစ် အမေရိကန်ရဲ့ မဟာဗျူဟာသစ်ထဲက ကျားဖြန့်တိုက်ဖျက်ရေးဆိုတာက အမေရိကန်အကျိုးစီးပွားအတွက် လက်ငင်းလိုအပ်ချက်ဖြစ်ပြီး အစပျိုးထားပြီးကိစ္စဖြစ်သလို လွှတ်တော်ကလည်း ကန့်ကွက်စရာမရှိတာကြောင့် လှမ်းမယ်ဆို ရှေ့တလှမ်းတိုးရ အလွယ်ဆုံးကိစ္စရပ် ဖြစ်မယ်ထင်တယ်။
၂၀၂၅ နိုဝင်ဘာ ၁၂ ရက်မှာ လိမ်လည်မှုစင်တာ ကျားဖြန့်တိုက်ဖျက်ရေးအဖွဲ့ (Scam Center Strike Force) အမေရိကန်အစိုးရက ဖွဲ့စည်းခဲ့ပြီးဖြစ်တယ်။ အဲဒီအဖွဲ့ မဖွဲ့စည်းခင်ကတည်းက ကျားဖြန့်တိုက်ဖျက်ရေး FBI အေးဂျင့်တွေ ထိုင်းနိုင်ငံထဲ ရောက်ရှိနေခဲ့တယ်။ အမေရိကန်အစိုးရရဲ့ ခန့်မှန်းချက်အရ၂၀၂၄ ခုနှစ်အတွင်း အရှေ့တောင်အာရှ အခြေစိုက် လိမ်လည်မှုလုပ်ငန်းတွေကြောင့် အမေရိကန်နိုင်ငံသားတွေဟာ အနည်းဆုံး ကန်ဒေါ်လာ ၁၀ ဘီလီယံ ဆုံးရှုံးခဲ့ရပြီးပြီလို့ ဆိုထားတာကြောင့် အမေရိကန်ရဲ့အကျိုးစီးပွားကို အတိအလင်း ပစ်မှတ်ထား စိန်ခေါ်မှုဖြစ်တယ်။
ဆိုတော့ ကျားဖြန့်တိုက်ဖျက်ရေးကို အစိုးရတုနဲ့ ပူးပေါင်းပြီး လုပ်ဆောင်မလားဆိုတဲ့ မေးခွန်းက ရှိလာတယ်။ နောက်ထပ်ထွက်ပေါ်လာတဲ့ မေးခွန်းက အစိုးရတုကရော ကျားဖြန့်နှိမ်နင်းလိုစိတ် အမှန်တကယ် ရှိရဲ့လားဆိုတာပါပဲ။
၂၀၂၅ ခုနှစ်အတွင်း မြဝတီမြို့နယ်ထဲက KK Park နဲ့ ရွှေကုက္ကိုလ်က ကျားဖြန့်အဆောက်အအုံလို့ ဆိုတာတွေကို စစ်တပ်က ဖြိုဖျက်ပြခဲ့ပေမဲ့ ၂၀၂၆ ခုနှစ်လည်းရောက်ရော ထိုင်း-မြန်မာ နယ်စပ်တစ်လျှောက် စစ်အုပ်စုနဲ့ ပတ်သက်ရာပတ်သက်ကြောင်း တိုင်းရင်းသားလက်နက်ကိုင် ထိန်းချုပ်မှုအောက်မှာ ကျားဖြန့်တွေ ပြန်ပေါ်လာတာ အားလုံးမျက်မြင်ပဲ ဖြစ်တယ်။
ပြီးတော့ ရွှေကုက္ကိုလ်ကျားဖြန့်စခန်းတွေကို နှိမ်နင်းကြောင်း စစ်ကောင်စီရဲ့ ထုတ်ပြန်ချက်ထဲမှာ AI နဲ့ ပြုပြင်ထားတဲ့ဓာတ်ပုံနှင့် ရုပ်သံတွေ အသုံးပြုထားကြောင်း Myanmar Witness ရဲ့ စုံစမ်းဖော်ထုတ်မှုက စစ်ကောင်စီသည်လည်း အလိုတူအလိုပါဖြစ်ကြောင်း ပေါ်လွင်နေတယ်။
ဟုတ်ပြီ။ အစိုးရတုက အမေရိကန်နဲ့ ပေါင်းပြီး ကျားဖြန့်တွေကို နှိမ်နင်းပြီပဲ ထားဦးတော့။ တရုတ်က လက်ခံမလားဆိုတဲ့ မေးခွန်းက ရှိနေပြန်တယ်။ တရုတ်အစိုးရ အခိုင်အမာ ကိုင်စွဲထားတာက ဒေသတွင်းပြဿနာကို ဒေသတွင်းနိုင်ငံတွေသာ ပူးပေါင်း ဖြေရှင်းကြမယ်ဆိုတဲ့မူ။ အမေရိကန်ပြည်သူတွေကိုသာ ဒုက္ခပေး လိမ်လည်နေတဲ့ တရုတ်နိုင်ငံသား ကျားဖြန့်တွေကို ဖမ်းဆီးဖို့ အစိုးရတုက အမေရိကန်တွေ ဆွဲသွင်းလာတဲ့အပေါ် တရုတ်က လက်ပိုက်ကြည့်နေမလားဆိုတဲ့ မေးခွန်းက အကြီးကြီးရှိနေတယ်။
ဘယ်လိုပဲဖြစ်ဖြစ် အစိုးရတု အာဏာ သက်ဆိုးရှည်ရေးအတွက် တရုတ်ရဲ့ ထောက်ခံမှုတင် မလုံ လောက်ဘဲ အမေရိကန်နဲ့ ဆက်ဆံရေးတည်ဆောက်ဖို့ လိုကြောင်း မင်းအောင်လှိုင် ကောင်းကောင်းသိတယ်။ တရုတ်ရဲ့ ကာကွယ်စောင့်ရှောက်ထောက်ခံပေးမှုကြောင့် အစိုးရတု တရပ်ထွက်ပေါ်လာပေမဲ့ တရုတ်လိုချင်နေတဲ့ တည်ငြိမ်မှုတခုဆီ မလှမ်းနိုင်ရုံတင်မက စစ်မီးပိုတောက်လာတာကိုလည်း တရုတ်က ကောင်းကောင်း သိနေပြီလို့ ထင်တယ်။
နောက်ဆုံး အမေရိကန်ရဲ့ ဖြေလျှော့မှုတခုကို အစိုးရတု ရရှိခဲ့ရင်တောင် အာဆီယံဘုံသဘောတူညီ ချက် ၅ ရပ်ကို အမှန်တကယ်လိုက်နာ ဖော်ဆောင်မှုမရှိမချင်း ဥရောပသမဂ္ဂရဲ့ ဒဏ်ခတ်ပိတ်ဆို့မှုတွေက ဆက်လက်ရှိနေမှာ သေချာတယ်။ မင်းအောင်လှိုင် အာဆီယံထိုင်ခုံ ပြန်ရခဲ့ရင်တောင် ကုလသမဂ္ဂကတော့ မင်းအောင်လှိုင်ကို ရာဇဝတ်သားအဖြစ်နဲ့ နိုင်ငံတကာကြိုးစင်ပေါ် တွန်းပို့နေဦးမှာလည်း တတိယကော်မတီအစည်းအဝေးက သက်သေပြနေတယ်။











