
မြန်မာနိုင်ငံရဲ့ ပိုဆိုးလာနေတဲ့ လူသားချင်းစာနာမှုဆိုင်ရာ အကျပ်အတည်းဟာ “သည်းမခံနိုင်လောက်အောင် ဆိုးရွားနေပြီ” လို့ ကုလသမဂ္ဂအတွင်းရေးမှူးချုပ် အန်တိုနီယို ဂူတာရက်စ်က ပြောလိုက်ပြီး အကြမ်းဖက်မှုတွေနဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေကို ရပ်တန့်ရမယ်လို့ သတိပေးလိုက်ပါတယ်။
မြန်မာနိုင်ငံမှာ လူပေါင်း ၁၆ သန်းကျော်ဟာ လူသားချင်းစာနာမှု အကူအညီတွေ လိုအပ်နေပြီး ၄ သန်းကျော် နေရပ်စွန့်ခွာ ထွက်ပြေးနေရတယ်လို့ နိုဝင်ဘာ ၁၆ ရက်နေ့က မနီလာမြို့မှာ ကျင်းပတဲ့ အာဆီယံထိပ်သီးအစည်းအဝေး ပြင်ပတွေ့ဆုံမှုအတွင်း ဂူတာရက်စ်က သတင်းထောက်တွေကို ပြောပါတယ်။
ဒါ့အပြင် လေကြောင်းဗုံးကြဲတိုက်ခိုက်မှုတွေဟာ မြန်မာနိုင်ငံက အရပ်သားသေဆုံးမှုတွေရဲ့ အဓိကအကြောင်းရင်း ဖြစ်လာနေပြီလို့လည်း သူက ထပ်ပြောပါတယ်။
ဒီဇင်ဘာလ ရာထူးသက်တမ်း မကုန်ခင် သူ့ရဲ့ နောက်ဆုံးအဓိက သံတမန်ရေးရာ လုပ်ငန်းစဉ်တခုဖြစ်တဲ့ အာဆီယံအစည်းအဝေးတက်ရောက်တဲ့ ဂူတာရက်စ်က “မြန်မာနိုင်ငံမှာ သည်းမခံနိုင်လောက်အောင် ဆိုးရွားတဲ့ လူသားချင်းစာနာမှု အကျပ်အတည်းက ဆက်ဖြစ်နေတုန်းပါပဲ။ အကြမ်းဖက်မှုတွေ ရပ်ရပါမယ်။ ပြစ်ဒဏ်ကင်းလွတ်ခွင့်ရနေတာတွေ အဆုံးသတ်ရမှာဖြစ်ပြီး ဘယ်သူက ဘယ်နယ်မြေကို ထိန်းချုပ်ထားသည်ဖြစ်စေ အကူအညီလိုအပ်နေတဲ့ ပြည်သူတွေဆီ လူသားချင်းစာနာမှု အကူအညီတွေ ချက်ချင်းနဲ့ ခြွင်းချက်မရှိ ရောက်ရှိခွင့် ပေးရပါမယ်” လို့ ပြောပါတယ်။
မြန်မာနိုင်ငံမှာ အကြမ်းဖက်မှုတွေ၊ လူ့အခွင့်အရေး ချိုးဖောက်မှုတွေနဲ့ ပြစ်ဒဏ်ကင်းလွတ်ခွင့်တွေ အဆုံးသတ်ရမဲ့အပြင် အကူအညီလိုအပ်နေသူ ၁၆ သန်းကျော်ဆီ အကူအညီတွေ ရောက်ရှိရမယ်လို့ ကုလသမဂ္ဂ အကြီးအကဲက ပြောပါတယ်။
အကြမ်းဖက်မှုတွေ ရပ်တန့်ရေး အပါအဝင် အာဆီယံ သဘောတူညီချက် ၅ ရပ်ကို အကောင်အထည်ဖော်ရာမှာ တိုးတက်မှုတွေ မရှိသေးသရွေ့ မြန်မာစစ်အာဏာရှင် ခေါင်းဆောင်တွေကို အာဆီယံမှာ မြန်မာကိုယ်စားပြု တက်ရောက်ခွင့်ပြုမှာ မဟုတ်ဘူးလို့ ဆုံးဖြတ်ချက် ထွက်လာပြီးနောက် ဂူတာရက်စ်ရဲ့ အခုလို မှတ်ချက်ထွက်ပေါ်လာတာ ဖြစ်ပါတယ်။
မြန်မာနိုင်ငံမှာ ၂၀၂၁ ခုနှစ် စစ်တပ် အာဏာသိမ်းမှု ဖြစ်ပွားပြီးကတည်းက အာဆီယံထိပ်သီးအစည်းအဝေးတွေနဲ့ နိုင်ငံခြားရေးဝန်ကြီး အစည်းအဝေးတွေမှာ စစ်အုပ်စု ခေါင်းဆောင်တွေကို ပါဝင် တက်ရောက်ခွင့် အာဆီယံက ပိတ်ပင်ထားခဲ့တာပါ။
ဒီအခြေအနေမှာ ထိုင်း အပါအဝင် အာဆီယံ အဖွဲ့နိုင်ငံတချို့က မြန်မာစစ်အာဏာရှင်တွေနဲ့ ထိတွေ့ဆက်ဆံမှုတွေ ပြန်လုပ်လာပြီး အာဆီယံမှာ ပုံမှန်အတိုင်း ပြန်လည်ပါဝင်လာအောင် ကြိုးပမ်းမှုတွေလည်း ခပ်စိတ်စိတ် လုပ်ဆောင်လာနေပါတယ်။
မကြာသေးခင်ကမှ နေပြည်တော်ကို သွားရောက်ခဲ့တဲ့ ဖိလစ်ပိုင် နိုင်ငံခြားရေးဝန်ကြီး မာရီယာ ထရီဆာ လာဇာရိုက မြန်မာနိုင်ငံရဲ့ နိုင်ငံရေးကိုယ်စားပြုခွင့်ပြန်ပေးဖို့အတွက် “ချိန်ညှိထားတဲ့ ထိတွေ့ဆက်ဆံမှု၊ တဆင့်ချင်းနဲ့ တိုးတက်မှုအပေါ် အခြေခံတဲ့ချဉ်းကပ်မှု” ကို ကျင့်သုံးဖို့ အာဆီယံခေါင်းဆောင်တွေ သဘောတူခဲ့ကြတယ်လို့ နိုဝင်ဘာ ၁၅ ရက်နေ့တုန်းက ပြောပါတယ်။
အာဆီယံရဲ့ ချဉ်းကပ်မှုအသစ်က ၅ နှစ်ကြာ သံတမန်ရေးရာ ရှေ့မတိုးနောက်မဆုတ် အခြေအနေကို ကျော်လွှားနိုင်မလားလို့ မေးမြန်းရာမှာတော့ ဂူတာရက်စ်က မြန်မာစစ်အာဏာရှင် ခေါင်းဆောင်ပိုင်းနဲ့ ထိတွေ့ဆက်ဆံဖို့ ကြိုးပမ်းမှုတွေဟာ တာဝန်ခံမှုရှိရေးကို ထိခိုက်စေတဲ့အထိ မဖြစ်သင့်ဘူးလို့ သတိပေးခဲ့ပါတယ်။
“ထိတွေ့ဆက်ဆံတယ်ဆိုတာ အလျှော့ပေးလိုက်လျောတာမျိုး မဟုတ်ပါဘူး” လို့ ကုလသမဂ္ဂ အကြီးအကဲက ပြောပါတယ်။
လူ့အခွင့်အရေး ချိုးဖောက်မှုတွေ ရပ်တန့်ရမှာဖြစ်သလို လူသားချင်းစာနာမှု အကူအညီပေးခွင့်တွေ ခွင့်ပြုပေးရမှာဖြစ်ပြီး မတရားဖမ်းဆီးခံထားရသူတွေကိုလည်း ပြန်လွှတ်ပေးရမယ်လို့ အလေးအနက် ပြောကြားခဲ့ပါတယ်။
လက်ရှိ မြန်မာနိုင်ငံအတွင်းမှာ စစ်အာဏာရှင်တပ်ရဲ့ ဗုံးကြဲတိုက်ခိုက်မှုတွေက နေ့စဉ်လိုလို ရှိနေဆဲဖြစ်ပြီး သန်းနဲ့ချီတဲ့ မြန်မာပြည်သူတွေ နေရပ်စွန့်ခွာ ထွက်ပြေးရတာတွေ ရှိနေတုန်းပါဖြစ်ပါတယ်။
လေ့လာသုံးသပ်သူတွေကတော့ မြေပြင်မှာ အဓိပ္ပာယ်ရှိတဲ့ တိုးတက်မှုတွေ မရရှိဘဲ နိုင်ငံရေးကိုယ်စားပြုခွင့်ကို အချိန်မတန်ခင် ပြန်မပေးဖို့ သတိပေးထားပါတယ်။
စင်ကာပူ ဝန်ကြီးချုပ် လောရင့်စ်ဝေါင်ကလည်း နိုဝင်ဘာ ၁၅ ရက်က အာဆီယံခေါင်းဆောင်တွေကို ပြောကြားရာမှာ အာဆီယံထိပ်သီးအစည်းအဝေးတွေမှာ မြန်မာနိုင်ငံနိုင်ငံရေးအရ အပြည့်အဝ ပြန်လည်ပါဝင်လာနိုင်ဖို့ဆိုရင် လူသားချင်းစာနာမှု အကူအညီ၊ တွေ့ဆုံဆွေးနွေးရေးနဲ့ အကြမ်းဖက်မှု လျှော့ချရေးတို့မှာ မြင်သာထင်သာတဲ့ တိုးတက်မှုတွေ ရှိလာဖို့ လိုအပ်တယ်လို့ ဆိုပါတယ်။
တချို့တိုက်ခိုက်မှုတွေကို တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းတွေက လုပ်ဆောင်နေတာဖြစ်လို့ အကြမ်းဖက်မှုအားလုံးဟာ မြန်မာအစိုးရရဲ့ ထိန်းချုပ်မှုအောက်မှာ ရှိမနေဘူးဆိုတာကို သူက အသိအမှတ်ပြု ပြောကြားခဲ့ပေမဲ့ စစ်အာဏာရှင် တပ်ဖွဲ့ဝင်တွေအနေနဲ့ အကြမ်းဖက်မှု ကျူးလွန်တာတွေကို ရှောင်ကြဉ်ရမယ်လို့ အလေးအနက် ပြောပါတယ်။
“မြန်မာအစိုးရဘက်က ကျူးလွန်တဲ့ ဘယ်လိုအကြမ်းဖက်မှုမျိုးမှ မရှိစေချင်တာကိုလည်း ကျနော်တို့ သေချာစေချင်ပါတယ်” လို့ ဝန်ကြီးချုပ် ဝေါင်က ပြောပါတယ်။
ကုလသမဂ္ဂအနေနဲ့ ပဋိပက္ခမှာ ပါဝင်ပတ်သက်နေသူတွေနဲ့ ထိတွေ့ဆက်ဆံတာကို ဘယ်တုန်းကမှ မကန့်ကွက်ခဲ့ဘူးလို့ ဂူတာရက်စ်ကလည်း ပြောကြားခဲ့ပြီး သူ့ရဲ့ အထူးကိုယ်စားလှယ် ဂျူလီဘစ်ရှော့ ဟာ မတူညီတဲ့ သက်ဆိုင်သူအသီးသီးနဲ့ အဆက်အသွယ် ရှိနေခဲ့တယ်လို့ မှတ်ချက်ပြုပါတယ်။
သူ့ရဲ့ အထူးကိုယ်စားလှယ်အနေနဲ့ အကြမ်းဖက်မှုတွေ အဆုံးသတ်စေမဲ့ လမ်းကြောင်းတခု ရှာဖွေဖို့နဲ့ အားလုံးပါဝင်တဲ့ ဆွေးနွေးပွဲတွေ ဖြစ်မြောက်စေဖို့ အာဆီယံနဲ့ ဆက်လက် လက်တွဲလုပ်ဆောင်သွားမယ်လို့ ကုလသမဂ္ဂအကြီးအကဲက ပြောပါတယ်။
Source: The Straits Times











