
မြန်မာနိုင်ငံအတွင်း ဖြစ်ပွားနေတဲ့ ပဋိပက္ခတွေနဲ့ ပတ်သက်ပြီး ထိုင်း-မြန်မာ နယ်စပ်တလျှောက် လူသားချင်းစာနာထောက်ထားမှုစင်္ကြံ တခုထူထောင်ဖို့ ထိုင်းအတိုက်အခံ ပြည်သူ့ပါတီ (People's Party) က အဆိုပြုလိုက်ပါတယ်။
ပြည်သူ့ပါတီမှ အနုဆွန်း တာမာဂျိုင်းက နိုဝင်ဘာ ၁၁ ရက်မှာ ပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ ထိုင်းနိုင်ငံရဲ့ နိုင်ငံခြားရေးနဲ့ လူသားချင်းစာနာမှုဆိုင်ရာ မဟာဗျူဟာကို အဆင့်မြှင့်တင်ဖို့နဲ့ ပတ်သက်ပြီး အခုလို အဆိုပြုလိုက်တာပါ။
အဆိုပြုထားတဲ့ လူသားချင်းစာနာထောက်ထားမှု စင်္ကြံဟာ စစ်ဘေးရှောင်တွေနဲ့ အကူအညီလိုအပ်နေသူတွေဆီ ဘေးကင်းလုံခြုံစွာ၊ ပွင့်လင်းမြင်သာစွာနဲ့ နိုင်ငံတကာရဲ့ ပူးပေါင်းဆောင်ရွက်မှုကို ရယူပြီး အကူအညီပေးနိုင်မယ့် ဇုန်တခု ဖြစ်လာမယ်လို့ အနုဆွန်း တာမာဂျိုင်းက ပြောပါတယ်။
ကုလသမဂ္ဂ လူသားချင်းစာနာမှုဆိုင်ရာ ညှိနှိုင်းရေးရုံး (UNOCHA) ရဲ့ အဓိပ္ပာယ်ဖွင့်ဆိုချက်အရ လူသားချင်းစာနာထောက်ထားမှု စင်္ကြံဆိုတာဟာ ပဋိပက္ခဖြစ်ပွားရာ ဒေသအတွင်းက အရပ်သားပြည်သူတွေဆီ အစားအစာ၊ ဆေးဝါးနဲ့ အခြေခံအသုံးအဆောင်တွေ ဘေးကင်းစွာ ပို့ဆောင်နိုင်ဖို့နဲ့ စစ်ဘေးရှောင်တွေ ဘေးလွတ်ရာ ရွှေ့ပြောင်းနိုင်ဖို့ သတ်မှတ်ထားတဲ့ ယာယီကြားနေလမ်းကြောင်း ဖြစ်ပါတယ်။
ထိုင်း-မြန်မာ နယ်စပ်တလျှောက် လူသားချင်းစာနာထောက်ထားမှု စင်္ကြံဖော်ဆောင်ဖို့ ကြိုးပမ်းမှုဟာ အခုမှ စတင်တာမဟုတ်ဘဲ ပြီးခဲ့တဲ့ ၂၀၂၄ ခုနှစ် မတ်လအတွင်းကလည်း အရင်ထိုင်းအစိုးရ (ဆရီထာ ထာဝီဆင် အစိုးရ) လက်ထက်မှာ စတင်အကောင်အထည်ဖော်ခဲ့ဖူးပါတယ်။
၂၀၂၄ ခုနှစ် အစီအစဉ်အရ ထိုင်းနိုင်ငံ၊ တာ့ခ်ခရိုင်၊ မဲဆောက်မြို့နယ်နဲ့ မြန်မာနိုင်ငံ၊ ကရင်ပြည်နယ် မြဝတီမြို့နယ်တို့ကြား ချစ်ကြည်ရေးတံတား အမှတ် (၂) ကနေတဆင့် စစ်ဘေးရှောင်တွေဆီ အကူအညီပေးရေး ရှေ့ပြေးစီမံကိန်းကို စတင်ခဲ့တာပါ။
ဒါပေမဲ့ အဲဒီအစီအစဉ်ကို ထိုင်းကြက်ခြေနီအသင်းနဲ့ စစ်ကောင်စီလက်အောက်ခံ မြန်မာနိုင်ငံကြက်ခြေနီအသင်းတို့ပူးပေါင်းဆောင်ရွက်ခဲ့တာကြောင့် အမှန်တကယ် ဒုက္ခရောက်နေတဲ့ စစ်ဘေးရှောင်တွေဆီ အကူအညီ မရောက်နိုင်ဘဲ စစ်ကောင်စီဘက်ကိုသာ အကျိုးရှိစေတယ်လို့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းတွေနဲ့ အရပ်ဘက်အဖွဲ့အစည်းတွေဘက်က ဝေဖန်ကန့်ကွက်မှုတွေ ရှိခဲ့ပါတယ်။
ထိုင်း-မြန်မာ နယ်စပ်တလျှောက် မယ်ဟောင်ဆောင်၊ တာ့ခ်၊ ကန်ချနာဘူရီနဲ့ ရတ်ချဘူရီ ခရိုင်တွေထဲက ဒုက္ခသည်စခန်း ၉ ခုမှာ ခိုလှုံနေကြတဲ့ မြန်မာဒုက္ခသည် စုစုပေါင်း ၁၀၁,၆၀၇ ယောက်ရှိတယ်လို့ The Border Consortium (TBC) ရဲ့ ၂၀၂၆ ခုနှစ် အောက်တိုဘာလ လူဦးရေစာရင်းအရ သိရပါတယ်။
အဲဒီစာရင်းအရ ကရင်လူမျိုးက ၈၁ ဒသမ ၁ ရာခိုင်နှုန်းနဲ့ အများဆုံးဖြစ်ပြီး ကရင်နီ ၉ ရာခိုင်နှုန်း၊ ဗမာ ၅ ဒသမ ၁ ရာခိုင်နှုန်း၊ အခြားလူမျိုး ၄ ဒသမ ၃ ရာခိုင်နှုန်းနဲ့ မွန် ၀ ဒသမ ၅ ရာခိုင်နှုန်း ရှိတယ်လို့ ဖော်ပြထားပါတယ်။











