DVB Logo
Home
Lead Story

ထိုင်းပြည်သူ့ပါတီ လွှတ်တော်အမတ် တော်ဝင်နွယ်အသရေဖျက်မှုပုဒ်မဖြင့် ထောင်ဒဏ် ၃ နှစ် ချခံရ 

DVB
·
November 24, 2026
Photo: The Standard
Photo: The Standard
Donate to DVB

ထိုင်းနိုင်ငံက လူငယ်တွေကြား ရေပန်းစားတဲ့ ပြည်သူ့ပါတီ (လိမ္မော်ရောင်ပါတီ) က ပြောရဲဆိုရဲရှိတဲ့ အသက် ၃၂ နှစ်အရွယ် အမျိုးသမီးလွှတ်တော်အမတ် အိုက်စ် ရာ့ချ်နုတ်ဟာ ထိရှလွယ်တဲ့ တော်ဝင်နွယ်သိက္ခာဆိုင်ရာ ပုဒ်မ ၁၁၂ ချိုးဖောက်မှုနဲ့ ထောင်ဒဏ် ၃ နှစ် ချမှတ်ခံရတယ်လို့ ထိုင်းသတင်းတွေမှာ ဖော်ပြပါတယ်။

သူဟာ လွန်ခဲ့တဲ့ ၅ နှစ်က  ဗိုလ်ချုပ်ကြီး ပရာယုတ်ကျန်အိုးချား ဝန်ကြီးချုပ်လက်ထက် ကိုဗစ်-၁၉ ကာကွယ်ရေးစီမံခန့်ခွဲမှုပေါ် ဝေဖန်တဲ့ပို့စ်၊ တော်ဝင်ဘုရင်မျိုးနွယ်သိက္ခာဆိုင်ရာ ပို့စ်တွေကို တွစ်တာမှာ တင်ခဲ့တာကြောင့် ကွန်ပြူတာအက်ဥပဒေ ပုဒ်မ ၁၄၊ တော်ဝင်ဆိုင်ရာ ဥပဒေ ပုဒ်မ ၁၁၂ ချိုးဖောက်မှုတွေနဲ့  တရားစွဲခံထားရပြီး ၂၀၂၃ ဒီဇင်ဘာ ၁၃ ရက်မှာ ရာဇဝတ်မှုဆိုင်ရာ တရားရုံးက သူ့ကို ထောင်ဒဏ် ၆ နှစ် စီရင်ချမှတ်ခဲ့တယ်။

သူက အာမခံကြေး ဘတ် ၅ သိန်းနဲ့ လွတ်မြောက်ပြီး ပြင်ပကနေ ရှေ့နေတွေနဲ့  ဆက်လက် အယူခံဝင်  တရားရင်ဆိုင်နေတာမှာ နိုဝင်ဘာ ၂၃ ရက် မနက်ပိုင်းမှာတော့ အယူခံတရားရုံးက  သူ့ကို ပုဒ်မ ၁၁၂ အမှုနဲ့ ဆိုင်းငံ့ပြစ်ဒဏ်မရှိ ထောင်ဒဏ် ၃ နှစ် ချမှတ်ခဲ့ပြီး ကွန်ပြူတာအက်ဥပဒေ ချိုးဖောက်မှု စွဲချက်ကိုတော့ သက်သေမခိုင်လုံတာကြောင့် ပလပ်လိုက်ပါတယ်။

တနေ့တည်းမှာပဲ သူနဲ့ သူ့ရှေ့နေတွေက အဆိုပါအမှုကို ဗဟိုတရားရုံးထိ ဆက်လက်အယူခံ တင်သွင်းဖို့ ဘတ် ၅၀၀,၀၀၀ နဲ့ အာမခံ လျှောက်ထားခဲ့ပါတယ်။

တရားသူကြီးတွေက သုံးသပ်ချင့်ချိန်ပြီးတဲ့နောက် မွန်းလွဲ ၁ နာရီ ၃၉ မိနစ်မှာ သူ့ကို “အလားတူ ပြစ်မှုမျိုး ထပ်မံကျူးလွန်ခြင်း မပြုရ”  ဆိုတဲ့ စည်းကမ်းချက်နဲ့ အာမခံခွင့် ပေးလိုက်ပါတယ်။

လွှတ်တော်အမတ် ရာ့ချ်နုတ်က အာမခံပေးတဲ့ တရားသူကြီးနဲ့တကွ လာရောက် ဝိုင်းရံအားပေးသူတွေကို ကျေးဇူးတင်စကားပြောကြားပြီး အမှုကို ဆက်လက်ရင်ဆိုင်သွားမယ်၊ ဗဟိုတရားရုံးချုပ်က နောက်ဆုံးဆင့် စီရင်ချက်မချခင်အထိ လွှတ်တော်ကိုယ်စားလှယ်တာဝန်တွေကို အစွမ်းကုန် ထမ်းဆောင်သွားမယ်၊ ပြည်သူတွေရဲ့ ထောက်ခံအားပေးမှုကြောင့် သူ့မှာ စိတ်ဓာတ်ခွန်အားတွေ အမြဲရှိနေတယ်လို့ ပြောသွားပါတယ်။

အိုက်စ်ရာ့ချ်နုတ် ဆီနုတ်ဟာ ဘန်ကောက်ဇာတိဖြစ်ပြီး ထမဆတ်တက္ကသိုလ်ကနေ သိပ္ပံဘွဲ့ရခဲ့တယ်၊ ကျောင်းသူဘဝကတည်းက ကျောင်းသားလှုပ်ရှားမှုတွေမှာ တက်ကြွစွာပါဝင်ပြီး ကျောင်းပြီးတော့ လူ့အခွင့်အရေး ဆန္ဒပြလှုပ်ရှားမှုတွေမှာ ပါဝင်ခဲ့တယ်။

MFP (လိမ္မော်ရောင်ပါတီ) ကို ဝိုင်းရံတယ်၊ အဲဒီနောက် ပါတီထဲဝင်ပြီး ၂၀၂၃ ရွေးကောက်ပွဲမှာ ကိုယ်စားလှယ်လောင်းအဖြစ် ယှဉ်ပြိုင်ခဲ့ကာ စက်ဘီးစီးပြီး တအိမ်တက်ဆင်း မဲဆွယ်တဲ့ ကိုယ်ပိုင်ဟန်ကြောင့် လူသိများပြီး ဘန်ဘော်နယ်မြေမှာ မဲအများဆုံး အနိုင်ရခဲ့ပါတယ်။

သူတို့ပါတီဟာ အစိုးရ ၂ ဆက်မှာ အတိုက်အခံပါတီဖြစ်တာနဲ့အညီ အစိုးရရဲ့ ဟာကွက်တွေကို အချက်ကျကျ ထောက်ပြခဲ့တယ်၊ အရင်က အထူးတလည် ဖော်ထုတ်ခြင်း မခံခဲ့ရတဲ့ ဝန်ထမ်းခန့်ရေး လာဘ်စားမှု၊ လူမှုဖူလှုံရေး ရန်ပုံငွေ ပွင့်လင်းမြင်သာ မရှိတာတွေကို ဝေဖန်ဖော်ပြခဲ့တာကြောင့် ထောက်ခံသူများပြီး တဖက်ကလည်း တိုက်ခိုက်ခံရတာတွေ ရှိနေပါတယ်။

Source: ThaiPBS / The Standard

Support DVB
Live
DVB Donate
မြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013