DVB Logo
Home
မြန်မာသတင်း
သံအမတ်ကြီး ဦးကျော်မိုးထွန်းကို ဆက်လက်ထောက်ခံပေးရန် အမေရိကန် လွှတ်တော်အမတ်များ တိုက်တွန်း
သုတချမ်းသာ
·
October 15, 2026
(Photo: သုတချမ်းသာ) စက်တင်ဘာ ၁၉ ရက်၊ နယူးယောက်မြို့ ကုလသမဂ္ဂဌာနချုပ်အနီး ထောက်ခံပွဲ။
(Photo: သုတချမ်းသာ) စက်တင်ဘာ ၁၉ ရက်၊ နယူးယောက်မြို့ ကုလသမဂ္ဂဌာနချုပ်အနီး ထောက်ခံပွဲ။
Donate to DVB

ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ် သံအမတ်ကြီး ဦးကျော်မိုးထွန်း ရာထူးတာဝန် ဆက်လက်ထမ်းဆောင်နိုင်ရေးအတွက် ကုလသမဂ္ဂဆိုင်ရာ အမေရိကန်သံအမတ်ကြီး မိုက်ခ်ဝေါ့ဇ်က အမေရိကန်ပြည်ထောင်စုကိုယ်စား ဆက်လက်ထောက်ခံပေးဖို့ အမေရိကန် လွှတ်တော်အမတ်တွေက အောက်တိုဘာ ၁၄ ရက်မှာ တရားဝင်တိုက်တွန်းစာ ပေးပို့လိုက်ပါတယ်။

စက်တင်ဘာလမှာ စတင်ကျင်းပခဲ့တဲ့ ၈၁ ကြိမ်မြောက် ကုလသမဂ္ဂ အထွေထွေညီလာခံမှာ ခန့်အပ်ထားတဲ့ အရည်အချင်းစစ်ကော်မတီ Credentials Committee မှာ အဖွဲ့ဝင်တွေအဖြစ် အမေရိကန်၊ တရုတ်၊ ရုရှား၊ ဘဟားမားစ်၊ ဘယ်လ်ဂျီယမ်၊ ဘီနင်၊ ဂျမေကာ၊ ယူဂန်ဒါ၊ ဗန်အာတူ စတဲ့ ၉ နိုင်ငံပါဝင်ပြီး အမေရိကန်ပြည်ထောင်စုရဲ့ ထောက်ခံအားပေးမှုဟာ သံအမတ်ကြီး ဦးကျော်မိုးထွန်းအတွက် အဓိက အရေးပါနေတာ ဖြစ်ပါတယ်။

လွှတ်တော်အမတ်တွေရဲ့ တိုက်တွန်းစာမှာ သံအမတ်ကြီး ဦးကျော်မိုးထွန်းဘက်က ဆက်လက်ထောက်ခံရပ်တည်ရေး အပါအဝင် မြန်မာစစ်အာဏာရှင်က ကုလသမဂ္ဂမှာ ကိုယ်စားလှယ် အစားထိုးဖို့ ကြိုးပမ်းနေတဲ့ ကိစ္စရပ်တိုင်းကို အမေရိကန်ဘက်က ပြတ်ပြတ်သားသား ဆန့်ကျင်ကန့်ကွက်ဖို့ တိုက်တွန်းချက်လည်း ပါဝင်ပါတယ်။

တိုက်တွန်းစာမှာ ကွန်ဂရက်လွှတ်တော် မြန်မာ့အရေးဆိုင်ရာအဖွဲ့ Congressional Burma Caucus ပူးတွဲဥက္ကဋ္ဌတွေဖြစ်တဲ့ ဘီလ် ဟိုင်ဇင်ဂါနဲ့ ဘက်တီ မက်ကော်လမ်၊ အောက်လွှတ်တော် နိုင်ငံခြားရေးရာကော်မတီအဖွဲ့ဝင် ဂရီဂိုရီ ဒဗလျူ မီးခ်စ်၊ အရှေ့အာရှနဲ့ ပစိဖိတ်ရေးရာ ဆပ်ကော်မတီ ဥက္ကဋ္ဌ ယန်းကင်မ်၊ အရှေ့အာရှနဲ့ ပစိဖိတ်ရေးရာ ဆပ်ကော်မတီအဖွဲ့ဝင် အေမီ ဘီရာ၊ အောက်လွှတ်တော်အမတ် ဂျက်ဖာဆင် ရှရေ့ဗ်တို့ ပါဝင်လက်မှတ်ရေးထိုးထားတာ ဖြစ်ပါတယ်။

ပါဝင်လက်မှတ်ရေးထိုးထားတဲ့ အမတ်တွေဟာ ရီပတ်ဘလစ်ကန်နဲ့ ဒီမိုကရက် ၂ ပါတီစလုံးက အမတ်တွေ ဖြစ်တာကြောင့် သံအမတ်ကြီး ဦးကျော်မိုးထွန်း ရာထူးတာဝန် ဆက်လက်ထမ်းဆောင်နိုင်ရေးဟာ ၂ ပါတီစလုံးရဲ့ လိုလားချက်ဖြစ်တယ်လို့ မြန်မာ့အရေး ဆောင်ရွက်သူတွေက မှတ်ချက်ပေးပါတယ်။

လော့စ်အိန်ဂျယ်လိစ် မြန်မာ လှုပ်ရှားမှုအဖွဲ့မှ ဂျိမ်းစ်ရွှေက “မိုက်ခ်ဝေါ့ဇ် ဆိုတာက UN ရဲ့ US မစ်ရှင်က ခေါင်းဆောင်ပေါ့၊ သူ့ကိုပို့လိုက်တာပေါ့။ စစ်တပ်က တင်မြှောက်တဲ့ ကိုယ်စားလှယ်ကို လက်မခံပါနဲ့။ ဦးကျော်မိုးထွန်းကို သူ့နေရာမှာ သူဆက်နေနိုင်အောင် အရင်တုန်းကလိုပဲ ဆုံးဖြတ်ချက်ကို နောက်တနှစ်ကို ရွှေ့လိုက်ပါ။ ခုံလွတ်ထားဖို့ ကြိုးစားလို့ရှိရင် ခုံလွတ်မထားပါနဲ့၊ အဲဒါကို ဆက်ထားပါဆိုပြီးတော့ ကျနော်တို့ တောင်းတာကို သူတို့ လုပ်ပေးလိုက်တာပေါ့လေ။ ကျနော်တို့ သဘောတူတဲ့ဥစ္စာကို လုပ်ပေးလိုက်တာကိုး။ အဲဒီတော့ အလားအလာ ကောင်းတယ်လို့တော့ အခုထက်ထိတော့ အကုန်လုံးက ပြောနေကြတုန်းပဲဗျာ” လို့ ပြောပါတယ်။

လွှတ်တော်အမတ်တွေရဲ့ တိုက်တွန်းစာမှာ အမေရိကန်ပြည်ထောင်စုဟာ ကုလသမဂ္ဂ အရည်အချင်းစစ်ကော်မတီရဲ့ အစဉ်အလာ အဖွဲ့ဝင်နိုင်ငံကြီး ဖြစ်တဲ့အတွက် ကော်မတီဝင် တခြားနိုင်ငံတွေ၊ ကုလသမဂ္ဂ အထွေထွေညီလာခံ ဥက္ကဋ္ဌရုံး၊ မဟာမိတ်နိုင်ငံတွေနဲ့ ကြိုတင်ညှိနှိုင်းတာတွေ ပြုလုပ်ပြီး မြန်မာစစ်အာဏာရှင်ရဲ့ ကုလသမဂ္ဂမှာ လူစားထိုးမဲ့ အစီအစဉ်ကို တားဆီးပိတ်ဆို့ဖို့ တိုက်တွန်း အကြံပြုထားပါတယ်။

သံအမတ်ကြီး ဦးကျော်မိုးထွန်း ရာထူးတာဝန် ဆက်လက်ထမ်းဆောင်နိုင်ရေး လူထုထောက်ခံပွဲတွေကို နိုင်ငံတကာရောက် မြန်မာတွေက စက်တင်ဘာတလလုံးမှာ လူထုလက်မှတ်ရေးထိုး တောင်းဆိုတာတွေ အပါအဝင် ကမ်ပိန်းတွေ အသီးသီးပြုလုပ်ခဲ့ကြတာပါ။

အမေရိကန်ပြည်ထောင်စု ပြည်နယ်အသီးသီးက မြန်မာတွေရဲ့ လွှတ်တော်အမတ်တွေဆီကို ပေးပို့ခဲ့တဲ့ အကြံပြုချက်တွေဟာ ထိရောက်မှုရှိခဲ့တဲ့သဘော ဖြစ်တယ်လို့ လေ့လာသူတွေက မှတ်ချက်ပေးပါတယ်။

မြန်မာ့ဒီမိုကရေစီအရေး မဟာမိတ်များအဖွဲ့မှ မခင်သီရိနန္ဒာစိုးက “သံအမတ်ကြီး မိုက်ခ်ဝေါ့ဇ်က ကုလသမဂ္ဂ အထွေထွေညီလာခံရဲ့ အရည်အချင်းစစ်ကော်မတီ Credentials Committee မှာ အမေရိကန်ပြည်ထောင်စုကို ကိုယ်စားပြုပြီးတော့မှ အဆုံးအဖြတ်ပေးနိုင်တဲ့ နေရာမှာ သူကရှိတယ်။ ဒီတောင်းဆိုချက်မှာက ပါတီစုံကနေပြီးတော့မှ ရီပတ်ဘလစ်ကန်ရော ဒီမိုကရက်ရော အမတ်တွေက အမေရိကန်သံအမတ်ကြီး အနေနဲ့ အရင်အတိုင်းပဲ ဆိုင်းငံ့ထားဖို့၊ မူဝါဒကို ဆက်ပြီးတော့ ဦးဆောင်ထိန်းသိမ်းဖို့အတွက်ကို တိုက်တွန်းထားတာ ဖြစ်တယ်ပေါ့။ ဒီလို ဆိုင်းငံ့ထားတာကြောင့်မို့လို့ စစ်ကောင်စီကို နေရာမပေးဘဲနဲ့ ဒီမိုကရေစီလိုလားတဲ့ သံအမတ်ကြီး ဦးကျော်မိုးထွန်းကို ကုလသမဂ္ဂ မြန်မာနေရာမှာ ဆက်ပြီးရပ်တည်ခွင့်ကို ရစေမှာ ဖြစ်တယ်ပေါ့လေ” လို့ ပြောပါတယ်။

စစ်အာဏာရှင်က ကုလသမဂ္ဂစင်မြင့်မှာ သံအမတ်ကြီး ဦးကျော်မိုးထွန်း နေရာမှာ လူစားမထိုးနိုင်ရင်တောင် တော်လှန်ရေးအစုအဖွဲ့တွေ အင်အားနည်းသွားအောင် နေရာလွတ်အဖြစ် သတ်မှတ်နိုင်ဖို့ ကြိုးစားနေတာပါ။

စစ်အာဏာရှင်ဘက်က ဖိအားပေးတာတွေ အမျိုးမျိုးရှိနေပေမဲ့ ကုလသမဂ္ဂမှာ ၆ နှစ်မြောက် ရာထူးတာဝန် ဆက်ထမ်းဆောင်နိုင်ရေး အခြေအနေကောင်းတွေ ဆက်ရှိနေတယ်လို့ သံအမတ်ကြီး ဦးကျော်မိုးထွန်းက စက်တင်ဘာ ၁၉ ရက် နယူးယောက်မြို့ ကုလသမဂ္ဂဌာနချုပ်အနီးမှာ ပြုလုပ်တဲ့ ထောက်ခံပွဲမှာ ပြောဆိုထားပါတယ်။

ကုလသမဂ္ဂ အထွေထွေညီလာခံ နှစ်စဉ်ပြုလုပ်နေကျ အစီအစဉ်တွေအတိုင်းဆိုရင် အရည်အချင်းစစ် ကော်မတီရဲ့ ကိုယ်စားလှယ်တွေကို အသိအမှတ်ပြု ခန့်အပ်ရေး ဆုံးဖြတ်ချက်တွေဟာ နိုဝင်ဘာလကုန် ဒီဇင်ဘာလဆန်းမှာ ထွက်ပေါ်လေ့ရှိပါတယ်။

Support DVB
Live
DVB Donate
မြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013