ပိတ်ဆို့ အရေးယူမှုနဲ့ မြန်မာ (အပိုင်း ၂)

စကားပြောတာနဲ့ ပိတ်ဆို့မှု ဖြေလျှော့တာ မတူပါ — ဖြေလျှော့ဖို့ ဘာပေးရမလဲ၊ ကျနော်တို့ ဘာလုပ်နိုင်သလဲ
စစ်အုပ်စုအပေါ် နိုင်ငံတကာ သဘောထား ပြောင်းလာနေပါတယ်။ အောက်တိုဘာလမှာ အမေရိကန်က စစ်ဗိုလ်ချုပ်တွေနဲ့ တိုက်ရိုက်ဆွေးနွေးခဲ့ပြီး စစ်တပ်နဲ့ ဆက်စပ်တဲ့ စီးပွားရေးသမားတဦးရဲ့ သမီးကို ပိတ်ဆို့စာရင်းက ဖယ်ရှားခဲ့ပါတယ်။ အဲဒီစာရင်းက “အမေရိကန် မူဝါဒ ရည်မှန်းချက်တွေကို ထိထိရောက်ရောက် မထောက်ပံ့တော့ဘူး” လို့ ဆိုပါတယ် (Reuters via US News)။ မနီလာ အာဆီယံ ထိပ်သီးအစည်းအဝေးမတိုင်ခင် ရက်ပိုင်းမှာ ထိုင်း နိုင်ငံခြားရေးဝန်ကြီးက နိုဝင်ဘာ ၁၂ မှာ နေပြည်တော်ကို သွားမှာဖြစ်ပြီး ထိုင်းက ဆက်ဆံရေး ပုံမှန်ပြန်ဖြစ်ဖို့ တွန်းနေပါတယ် (The Star)။ ကမ္ဘာက စစ်ဗိုလ်ချုပ်တွေကို ခွင့်လွှတ်တော့မလားလို့ မြန်မာ အများအပြား မေးနေကြပါတယ်။
အဖြေက ဘာကို စောင့်ကြည့်သလဲ ဆိုတာပေါ် မူတည်ပါတယ်။ စကားပြောတာနဲ့ ပိတ်ဆို့မှု ဖြေလျှော့တာ မတူပါဘူး။ ဦးမင်းအောင်လှိုင် ကိုယ်တိုင် အမေရိကန် ပိတ်ဆို့စာရင်းထဲမှာ ရှိနေဆဲဖြစ်ပြီး နိုင်ငံပိုင်ဘဏ်၊ လေယာဉ်ဆီနဲ့ MOGE ကို ငွေကြေးဝန်ဆောင်မှု မပေးရဆိုတဲ့ အဓိက အရေးယူမှုတွေလည်း ဆက်ရှိနေပါတယ် (OFAC)။ တကယ့် မေးခွန်းက ဖြေလျှော့မှု တခုခု ပေးရင် ဘာနဲ့ လဲလှယ်တာလဲ၊ မြန်မာပြည်သူတွေရဲ့ ဘဝကို ပြောင်းလဲစေမဲ့အရာ တခုခု ရသလား ဆိုတာပါ။
အမေရိကန်သံရုံးရဲ့ မဟာဗျူဟာ အသစ်က ဝါရှင်တန်ရဲ့ အာရုံ ဘယ်ကို ရွှေ့သွားသလဲ ဆိုတာ ပြပါတယ် (US State Department)။ ဒါကို ဩဂုတ် ၃၁ မှာ အတည်ပြုပြီး အောက်တိုဘာမှာ ထုတ်ပြန်ခဲ့ပါတယ်။ ဒါဟာ အမေရိကန် သံတမန်တွေ ဘာကို ဦးစားပေး လုပ်မလဲ ဆိုတာ စီစဉ်ထားတဲ့ လုပ်ငန်း အစီအစဉ်ပါ။ ဥပဒေ မဟုတ်သလို နှစ်ဖက် သဘောတူ စာချုပ်လည်း မဟုတ်ပါဘူး။ ရည်မှန်းချက်တွေက လိမ်လည်ရေး စခန်းနဲ့ မူးယစ်ဆေး တိုက်ဖျက်ရေး၊ အမေရိကန် ကုန်သွယ်မှု တိုးချဲ့ရေး၊ ညှိနှိုင်းတဲ့ ငြိမ်းချမ်းရေးကို ထောက်ပံ့ရေးနဲ့ အမေရိကန် ဩဇာ တိုးမြှင့်ရေးပါ။ ပြည်နယ်တွေ ဝင်ငွေ ဘယ်လို ခွဲဝေမလဲ၊ နယ်နိမိတ် ဘယ်လို သတ်မှတ်မလဲ ဆိုတဲ့ ဆွေးနွေးပွဲတွေ ကျင်းပဖို့ အဆိုပြုထားပြီး အဲဒီ ဆွေးနွေးပွဲတွေက “မြန်မာ့ ပေါကြွယ်တဲ့ ရှားပါးမြေသတ္တု သယံဇာတကို ရယူခွင့် ဖန်တီးပေးမယ်” လို့ ဆိုပါတယ်။ ပိတ်ဆို့မှု၊ ဒီမိုကရေစီ ဆိုတဲ့ စကားလုံး မပါပါဘူး။ ၂၀၂၂ မဟာဗျူဟာ အဟောင်းရဲ့ အဓိက ရည်မှန်းချက်ကတော့ “မြန်မာ့ အားလုံးပါဝင်တဲ့ ဒီမိုကရေစီ လမ်းကြောင်းကို ပြန်ဖော်ဆောင်ဖို့” ဖြစ်ခဲ့ပါတယ် (US State Department)။
ဒါက အလေးပေးချက် အမှန်တကယ် ပြောင်းတာပါ။ ဒါပေမဲ့ ပိတ်ဆို့မှုကို ဖျက်သိမ်းတာ မဟုတ်ပါဘူး။ ၂၀၂၂ မြန်မာဥပဒေ (BURMA Act) အရ ပိတ်ဆို့မှု တခုလုံးကို ရုပ်သိမ်းဖို့ စံနှုန်းက မြင့်ပါတယ်။ နိုင်ငံရေး အကျဉ်းသားတွေ လွှတ်ပေးရမယ်၊ ရွေးကောက်ခံ အစိုးရကို ပြန်အပ်ရမယ်၊ ဒါမှမဟုတ် လွတ်လပ်မျှတတဲ့ ရွေးကောက်ပွဲ ကျင်းပရမယ်၊ ၂၀၂၀ ရွေးကောက်ပွဲ အနိုင်ရသူတွေအပေါ် စွဲချက်တွေ ရုပ်သိမ်းရမယ်၊ စစ်တပ်ကို အရပ်သား ကြီးကြပ်မှုအောက် ထားရမယ် (US Code)။ ဒီဥပဒေကို ၂၀၃၂ အထိ သက်တမ်းတိုးဖို့ ဥပဒေကြမ်းကို အောက်လွှတ်တော်က အတည်ပြုပြီးပါပြီ (Congress.gov)။ မဟာဗျူဟာထဲမှာ ဒီမိုကရေစီ လှုပ်ရှားမှုအတွက် အကျိုးရှိတဲ့ အပိုင်းတွေလည်း ပါပါတယ်။ ဖက်ဒရယ်ဆိုတာ တိုင်းရင်းသားနဲ့ ဒီမိုကရေစီ အင်အားစုတွေရဲ့ ကြာမြင့်ပြီးသား တောင်းဆိုချက်ပါ။ ရှားပါးမြေသတ္တု သိုက်တွေဟာ တိုင်းရင်းသားလက်နက်ကိုင်တွေ ထိန်းချုပ်တဲ့ နယ်မြေမှာ အဓိက ရှိတယ်လို့ အမေရိကန် အရာရှိတွေ ကိုယ်တိုင် ဝန်ခံထားပါတယ် (Reuters)။ ဒါကြောင့် လေးလေးနက်နက် သယံဇာတ အစီအစဉ် မှန်သမျှဟာ နေပြည်တော် တခုတည်းကနေ မဟုတ်ဘဲ ဖက်ဒရယ် အဖြေ တခုကနေ ဖြတ်သွားရမှာပါ။
နောက်တခုက အာဆီယံပါ။ ၂၀၂၁ ကစပြီး ဒေသတွင်း အဖွဲ့ကြီးက စစ်အုပ်စု ခေါင်းဆောင်တွေကို ထိပ်သီးအစည်းအဝေးတွေကနေ ဖယ်ထားပြီး ၂၀၂၆ ဥက္ကဋ္ဌ တာဝန်ကိုလည်း ရုပ်သိမ်းခဲ့ပါတယ်။ ဦးမင်းအောင်လှိုင် "သမ္မတ" ဘွဲ့ ယူပြီးနောက်မှာတောင် ဒီပိတ်ပင်မှု ဆက်ရှိပါတယ်။ မေလ စီဘူး ထိပ်သီးအစည်းအဝေးမှာ မြန်မာကို အမြဲတမ်းအတွင်းဝန် အဆင့် အရာထမ်း တဦးပဲ ကိုယ်စားပြုခွင့် ရခဲ့ပါတယ် (CSIS)။ တချို့က ဒါကို ပုံဆောင်ရုံပါလို့ ပေါ့ပေါ့ပါးပါး ပြောကြပါတယ်။ ကျနော်ကသဘောမတူပါဘူး။ စစ်အုပ်စုကို ငွေကြေးအရ ဘာမှ မကုန်ကျစေပေမဲ့ စစ်အုပ်ချုပ်မှုကို တဖြည်းဖြည်း ပုံမှန်လို လက်ခံသွားမှာကို တားထားတဲ့ ဒေသတွင်း အဓိက အတားအဆီးပါ။ လေ့လာသူတွေက ဒါကို "အာဆီယံ စုပေါင်းပြီး သုံးနိုင်တဲ့ ဖိအား အနည်းငယ်ထဲက တခု” လို့ ခေါ်ပြီး (Stimson Center) စည်းကမ်းချက် မပြည့်ဘဲ ဒေသတွင်း တရားဝင်မှု ရသွားရင် အာဆီယံမှာ "သုံးစရာ နည်းလမ်း အများကြီး လျော့သွားမယ်" လို့ သတိပေးပါတယ် (Reuters)။ စစ်အုပ်စုကိုယ်တိုင် ဒီနေရာကို ဘယ်လောက် တန်ဖိုးထားသလဲ ဆိုတာ သူ့လုပ်ရပ်က ပြပါတယ်။ ဦးမင်းအောင်လှိုင်က မကြာသေးခင်လတွေအတွင်း အာဆီယံ နိုင်ငံ ငါးနိုင်ငံကို သွားရောက်ခဲ့ပါတယ် (Reuters)။
ဖြေလျှော့မှု ရဖို့ ဘာပေးရမလဲ။ ကျနော်လှေကား ရိုးရိုးလေး တခု အဆိုပြုပါတယ်။ အကျဉ်းသား တဦးကို နေအိမ်အကျယ်ချုပ်သို့ ရွှေ့တာ၊ လွတ်ငြိမ်းခွင့်ပေးပြီး ပြန်ဖမ်းတာ၊ နိုင်ငံခြားသား တဦးတည်း ပြန်လွှတ်တာလို ဟန်ပြ လုပ်ရပ်တွေက စကားဝိုင်း ရနိုင်ပေမဲ့ ဖြေလျှော့မှု မရသင့်ပါဘူး။ အရပ်သားတွေအပေါ် လေကြောင်းတိုက်ခိုက်မှုကို စောင့်ကြည့်စစ်ဆေးနိုင်အောင် ရပ်တာ၊ တနိုင်ငံလုံးအကူအညီ အဟန့်အတားမရှိ ရောက်ခွင့်ပေးတာ၊ နိုင်ငံရေး အကျဉ်းသား အရေအတွက် လျော့လာတာလို စိစစ်အတည်ပြုနိုင်တဲ့ ခြေလှမ်းတွေကတော့ ကျဉ်းမြောင်းတဲ့၊ အချိန်ကန့်သတ်ထားတဲ့၊ ပြန်ရုပ်သိမ်းလို့ရတဲ့ ဖြေလျှော့မှု ရနိုင်ပါတယ်။ လေယာဉ်ဆီ၊ နိုင်ငံပိုင်ဘဏ်၊ MOGE နဲ့ စစ်ပိုင် လုပ်ငန်းစုကြီးတွေလို စစ်ပွဲကို ငွေထောက်ပံ့တဲ့ အရေးယူမှုတွေကတော့ စစ်တပ်နဲ့ သူ့လုပ်ငန်းတွေ အရပ်သား ထိန်းချုပ်မှုအောက် မရောက်မချင်း ဆက်ထားသင့်ပါတယ်။ ဘယ်တော့မှ အပေးအယူ လုပ်ကွက် မဖြစ်သင့်တာ နှစ်ခု ရှိပါတယ်။ လူသားချင်း စာနာမှုအတွက် ခွင့်ပြုချက်တွေနဲ့ ဥပဒေစံနှုန်း မမီတော့တဲ့ လူတဦးချင်း စာရင်းကို ပြင်တာပါ။ ဒါတွေကို သူ့အကျိုးအကြောင်းအလိုက် ဆုံးဖြတ်ရမှာပါ။ လိမ်လည်ရေး စခန်း၊ ပြန်ပို့ရေး၊ကုန်သွယ်ရေး ဒါမှမဟုတ် သတ္တု ကိစ္စတွေမှာ ပူးပေါင်းဆောင်ရွက်တာ ဆက်လုပ်နိုင်ပေမဲ့ ဘယ်ဟာမှ စစ်ဗိုလ်ချုပ်တွေ ပြောင်းလဲကြောင်း အထောက်အထား မဟုတ်ပါဘူး။ လိမ်လည်ရေးစခန်းကို ပြကွက်အဖြစ် ဝင်စီးတာ၊ သတ္တုစာချုပ် ချုပ်တာ၊ ကာချုပ်ကို ဘွဲ့အသစ် ပေးတာတွေက ဗုံး တလုံးကိုမှ မရပ်စေပါဘူး။
ဒါတွေကို နိုင်ငံခြား မြို့တော်တွေမှာပဲ ဆုံးဖြတ်တာ မဟုတ်ပါဘူး။ ပိတ်ဆို့မှုဆိုတာ သူ့နောက်က အထောက်အထား၊ အကောင်အထည်ဖော်မှုနဲ့ နိုင်ငံရေး ဆန္ဒရှိသလောက်ပဲ အားကောင်းပါတယ်။ ဒီသုံးခုလုံးကို မြန်မာပြည်သူတွေ ဖြည့်ပေးနိုင်ပါတယ်။
ပထမက အထောက်အထားပါ။ ထိရောက်ခဲ့တဲ့ စာရင်းသွင်းမှု အများစုဟာ ပေါက်ကြားလာတဲ့ စာရွက်စာတမ်း၊ သင်္ဘောမှတ်တမ်းနဲ့ စုံစမ်းဖော်ထုတ်မှုတွေကနေ စခဲ့တာပါ။ လေယာဉ်ဆီ ပို့သူတွေ စာရင်းက လွတ်ဖို့ နာမည်ပြောင်းတဲ့အခါ အစိုးရတွေ အရေးယူနိုင်ဖို့ နာမည်အသစ်တွေကို တယောက်ယောက်က ပြပေးခဲ့ရပါတယ် (Stimson Center)။ အာဏာဖီဆန်ရေးလှုပ်ရှားမှုမှာ ပါဝင်ခဲ့တဲ့ ဝန်ထမ်းတွေ၊ ဘဏ်၊ အကောက်ခွန်၊ ဆိပ်ကမ်းနဲ့ လေဆိပ်တွေမှာ လုပ်နေဆဲ စာနာထောက်ခံသူတွေက နိုင်ငံခြားစုံစမ်းသူတွေ မသိနိုင်တာတွေကို သိပါတယ်။ ဒီလို သတင်းမျှဝေဖို့ လုံခြုံတဲ့ လမ်းကြောင်းနဲ့ မျှဝေသူကို ကာကွယ်ပေးနိုင်တဲ့စနစ် တည်ဆောက်တာဟာ လှုပ်ရှားမှု လုပ်နိုင်တဲ့ အတန်ဖိုးအရှိဆုံး အလုပ်တွေထဲက တခုပါ။
ဒုတိယက တရားမျှတမှုပါ။ စစ်အုပ်စု လက်ထဲက အားအကောင်းဆုံး ဆင်ခြေက ပိတ်ဆို့မှုက သာမန် ပြည်သူကို ထိခိုက်တယ် ဆိုတာပါ။ ပိတ်မိတဲ့ ငွေလွှဲ၊ ဘဏ်က ငြင်းတဲ့ အကူအညီငွေ၊ ဟွန်ဒီကို နှိမ်နင်းတာလို တကယ့် ဘေးထွက်ဆိုးကျိုးတွေကို မှတ်တမ်းတင်ပြီး ပြင်ဖို့ တောင်းဆိုရင် ဒီဆင်ခြေကို ဖယ်ရှားနိုင်ပါတယ်။ စာရင်းသစ်အတွက် အထောက်အထားနဲ့ ပြင်ဖို့လိုတဲ့ ထိခိုက်မှု အထောက်အထား နှစ်မျိုးလုံးကို အစိုးရတွေဆီ ယူသွားရင် နှစ်ခုလုံးမှာ ပိုယုံကြည်ခံရပါတယ်။
တတိယက ဖြေလျှော့မှုရဲ့ တန်ဖိုးကို အတူတကွ သတ်မှတ်တာပါ။ အမျိုးသားညီညွတ်ရေးအစိုးရ၊ တိုင်းရင်းသားအဖွဲ့အစည်းတွေနဲ့ အရပ်ဖက် လူ့အဖွဲ့အစည်းတွေက ပိတ်ဆို့မှု ဖြေလျှော့ဖို့ စည်းကမ်းချက် တစုတည်းကို ထုတ်ပြန်ပြီး ပိတ်ဆို့ထားတဲ့ အစိုးရတိုင်းနဲ့ အာဆီယံကို တင်ပြသင့်ပါတယ်။ ဘာက တိုးတက်မှုလဲ ဆိုတာ ကျနော်တို့ မပြောရင် တခြားသူတွေက ကျနော်တို့ကိုယ်စား ဆုံးဖြတ်သွားပါလိမ့်မယ်။ သူတို့က သတ္တုစာချုပ် တခု ဒါမှမဟုတ် ပြန်ပို့တဲ့ လေယာဉ်တစင်းကို တိုးတက်မှုလို့ ယူဆသွားနိုင်ပါတယ်။ ဘုံရပ်တည်ချက် ရှိတာက သီးခြား အပေးအယူတွေ ကမ်းလှမ်းပြီး ဆန့်ကျင်သူတွေကို ခွဲခြားတဲ့ စစ်အုပ်စုရဲ့ အဟောင်းဆုံး လှည့်ကွက်ကိုလည်း ကာကွယ်ပါတယ်။
စတုတ္ထက နယ်မြေထိန်းချုပ်မှုကို ဖိအားအဖြစ် ပြောင်းတာပါ။ ဝါရှင်တန်က ဖက်ဒရယ်နဲ့ နယ်နိမိတ်ဆွေးနွေးပွဲတွေ ကျင်းပရင် ဒီမိုကရေစီနဲ့ တိုင်းရင်းသားအင်အားစုတွေဟာ ကိုယ့်ရပ်တည်ချက်ကို ကြိုပြင်ဆင်ပြီး အခန်းထဲမှာ ရှိနေသင့်ပါတယ်။ စည်းကမ်းချက် သုံးခုကို အခိုင်အမာ တောင်းဆိုသင့်ပါတယ်။ နေပြည်တော် တခုတည်းကနေ သယံဇာတ အပေးအယူ မလုပ်ရ၊ ဘယ်သတ္တု ကုန်သွယ်မှုမဆို စည်းကမ်းချက်နဲ့ စာရင်းစစ်ကို ထုတ်ပြန်ရမယ်၊ လေကြောင်းတိုက်ခိုက်မှု ဆက်ဖြစ်နေသရွေ့ ဘယ်ဆွေးနွေးပွဲကိုမှ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်လို့ မသတ်မှတ်ရ။ ဒေသန္တရ အုပ်ချုပ်ရေးတွေက သယံဇာတကို ပွင့်လင်းမြင်သာစွာ၊ ဒေသခံတွေရဲ့ သဘောတူညီချက်နဲ့၊ ဝင်ငွေကို မျှမျှတတ ခွဲဝေပြီး စစ်ပွဲကို မကျွေးဘဲ စီမံနိုင်ကြောင်း ပြနိုင်ပါတယ်။ မြေပြင်မှာ ထိန်းချုပ်ထားရုံနဲ့ ပိုင်ဆိုင်မှုနဲ့ အနာဂတ် ဖက်ဒရယ်ဝင်ငွေခွဲဝေရေး မေးခွန်းတွေ ပြေလည်မသွားတဲ့အတွက် ဘယ်အစီအစဉ်မဆို အဲဒီမြေပေါ်မှာ နေထိုင်တဲ့ ပြည်သူတွေနဲ့ အတူ တည်ဆောက်ရပါမယ်။
ပဉ္စမက နိုင်ငံရပ်ခြား မြန်မာတွေရဲ့ အလုပ်ပါ။ အမေရိကန်၊ ကနေဒါ၊ ဥရောပ၊ ဩစတြေးလျ၊ ဂျပန်နဲ့ အာရှတဝန်းမှာ နေတဲ့ မြန်မာနွယ်ဖွားတွေဟာ ပိတ်ဆို့မှုချမှတ်တဲ့ အစိုးရတွေရဲ့ မဲဆန္ဒရှင်တွေပါ။ အမေရိကန် ပိတ်ဆို့မှု ဥပဒေကို ၂၀၃၂ အထိ သက်တမ်းတိုးပြီး မြန်မာ့စီးပွားရေးဘဏ်နဲ့ လေယာဉ်ဆီ ပို့သူတွေအကြောင်း နှစ်စဉ် ဆုံးဖြတ်ချက်ချခိုင်းမဲ့ BRAVE Burma Act ဥပဒေကြမ်းကို ထောက်ခံနိုင်ပါတယ် (Congress.gov)။ အောက်တိုဘာလမှာ အဖွဲ့ ၉၂ ဖွဲ့ တောင်းဆိုခဲ့သလို MOGE အပါအဝင် ရေနံနဲ့ ဓာတ်ငွေ့ကဏ္ဍကို ပိတ်ဆို့ဖို့ ကနေဒါကို တောင်းဆိုနိုင်ပါတယ် (DVB)။ ဓာတ်ငွေ့ဖိုးကို ကာကွယ်ထားတဲ့ ငွေစာရင်းမှာ ထိန်းဖို့ ထိုင်းကို တိတ်တိတ်ဆိတ်ဆိတ်နဲ့ ဇွဲရှိရှိ တောင်းဆိုနိုင်ပါတယ်။
နောက်ဆုံးမှာ လှုပ်ရှားမှုရဲ့ ကိုယ်ပိုင် အပြုအမူကလည်း အရေးကြီးပါတယ်။ ပိတ်ဆို့မှုဆိုတာ စစ်တပ်က ပြင်းထန်တဲ့ ချိုးဖောက်မှုတွေ ကျူးလွန်နေလို့ ငွေမထောက်ပံ့သင့်ဘူး ဆိုတဲ့ ကိုယ်ကျင့်တရား ဆင်ခြေပေါ်မှာ အခြေခံပါတယ်။ တော်လှန်ရေးက စစ်ပွဲ ဥပဒေတွေကို လေးစားတဲ့အခါ၊ အရပ်သားတွေကို ကာကွယ်တဲ့အခါ၊ ထိန်းချုပ်တဲ့ နယ်မြေကို တရားမျှတစွာ အုပ်ချုပ်တဲ့အခါ ဒီဆင်ခြေက အားအကောင်းဆုံး ဖြစ်ပါတယ်။ တော်လှန်ရေးတပ်တွေရဲ့ ချိုးဖောက်မှု သတင်း တခုချင်းက ပြည်ပမှာ ဆင်ခြေကို အားနည်းစေပြီး ပြန်ဖွင့်တဲ့ ကျောင်း တကျောင်းချင်း၊ တရားမျှတတဲ့ ဒေသခံ တရားရုံး တခုချင်းက အားကောင်းစေပါတယ်။
ဒီမိုကရေစီ လှုပ်ရှားမှုက ဆက်ဆံမှုကို ရှုတ်ချဖို့ မလိုပါဘူး။ အောင်မြင်မှုဆိုတာ ဘာလဲ ဆိုတာကို သတ်မှတ်ပေးဖို့ လိုပါတယ်။ အာဆီယံက မနီလာမှာနဲ့ ၂၀၂၇ စင်ကာပူ ဥက္ကဋ္ဌ သက်တမ်းအထိ သူ့ရပ်တည်ချက်ကို ဆက်ထိန်းသင့်ပါတယ်။ နေပြည်တော်နဲ့ စကားပြောတဲ့ မြို့တော်တိုင်းကို မေးခွန်း တခု မေးသင့်ပါတယ်။ စစ်အုပ်စုက ဒါကို ရထိုက်အောင် ဘာ “ပြော” ခဲ့သလဲ မဟုတ်ဘဲ ဘာ “လုပ်”ခဲ့သလဲ။ ပိတ်ဆို့မှုက မြန်မာကို လွတ်မြောက်စေမှာ မဟုတ်ပါဘူး။ မြန်မာပြည်သူတွေပဲ လွတ်မြောက်စေမှာပါ။ ဒါပေမဲ့ ပိတ်ဆို့မှုက စစ်ပွဲကို ပိုကုန်ကျစေနိုင်တယ်၊ စစ်ဗိုလ်ချုပ်တွေ ငွေနဲ့ ဂုဏ်သိက္ခာ ပြန်ဝယ်တာကို တားနိုင်တယ်၊ ညှိနှိုင်းချိန် ရောက်လာတဲ့အခါ ဒီမိုကရေစီ လှုပ်ရှားမှုကို ဖိအားပေးနိုင်တယ်။ ဒီဖိအားဟာ ကာကွယ်ထိုက်ပါတယ်။ ဒါကို ကာကွယ်နိုင်တဲ့ အင်အား မြန်မာပြည်သူတွေမှာ ထင်ထားတာထက် ပိုရှိပါတယ်။
ဂျိမ်းစ်အိပ်ချ်ရွှေ
(ဆောင်းပါးရှင် ဂျိမ်းစ်အိပ်ချ်ရွှေဟာ ကယ်လီဖိုးနီးယားမှာ နေထိုင်တဲ့ မြန်မာနွယ်ဖွား အမေရိကန် ဒီမိုကရေစီ လှုပ်ရှားသူ၊ လွတ်လပ်တဲ့ မူဝါဒ လေ့လာသုံးသပ်သူ ဖြစ်ပါတယ်။)
ပိတ်ဆို့ အရေးယူမှုနဲ့ မြန်မာ ( အပိုင်း ၁ ) ဖတ်ရှုရန် Link
https://burmese.dvb.no/post/509257











