အမေရိကန်ပိတ်ဆို့မှုကို ချိုးဖျက်နိုင်သည့် စစ်ရေးနည်းလမ်း အီရန်တွင်ရှိနေ

တီဟီရန်မှာ အမေရိကန်ရဲ့ ပိတ်ဆို့မှုကို ချိုးဖျက်နိုင်စွမ်းရှိတဲ့ စစ်ရေးနည်းလမ်းတွေ ရှိနေပြီး လိုအပ်လာရင် အဲဒီလို အရေးယူဆောင်ရွက်သွားမယ်လို့ အီရန်လွှတ်တော်ဥက္ကဋ္ဌ မိုဟာမက် ဘာဂါ ကာလီဘာဖ်က နိုဝင်ဘာ ၂၃ ရက်က သတိပေးလိုက်ပါတယ်။
ဒါ့အပြင် သံတမန်ရေးရာနဲ့ စစ်ပွဲ နှစ်ရပ်စလုံးဟာ ရန်သူကို တားဆီးဟန့်တားနိုင်စွမ်း ရရှိစေဖို့ အသုံးချရတဲ့ နည်းလမ်းတွေ ဖြစ်တယ်လို့လည်း သူက အလေးအနက် ပြောဆိုခဲ့ပါတယ်။
နိုင်ငံရင်ဆိုင်နေရတဲ့ စစ်ပွဲအရိပ်အယောင်ကို သံတမန်ရေးရာ တခုတည်းနဲ့ ဖယ်ရှားနိုင်မှာ မဟုတ်သလို စစ်ပွဲတခုတည်းနဲ့လည်း ဒီခြိမ်းခြောက်မှုကို အပြီးတိုင် ဖယ်ရှားပစ်နိုင်မှာ မဟုတ်ဘူးလို့ ကာလီဘာဖ်က ထောက်ပြခဲ့ပါတယ်။
မကြာသေးခင်ကပဲ အမေရိကန်ပြည်ထောင်စုဟာ အီရန်အပေါ် ပိတ်ဆို့မှုကို ပင်လယ်ပြင်ကနေ ကုန်းလမ်းကြောင်းတွေအထိပါ တိုးချဲ့လိုက်ပါတယ်။
အီရန်အနေနဲ့ ကုန်းလမ်းနဲ့ တခြားနည်းလမ်းတွေကနေ နယ်စပ်ဖြတ်ကျော် ပစ္စည်းသယ်ယူပို့ဆောင်တာတွေကို တားဆီးဖို့ ရည်ရွယ်တဲ့ "Task Force Iron Gate" (သံတံခါး အထူးတပ်ဖွဲ့) ဟာ "အပြည့်အဝ လည်ပတ်ဆောင်ရွက်နေပြီ" လို့ အမေရိကန်သမ္မတ ဒေါ်နယ် ထရမ့်ပ်က နိုဝင်ဘာ ၈ ရက်မှာ ပြောပါတယ်။
ကာလီဘာဖ်က “သမိုင်းတလျှောက် အကြီးမားဆုံး ရေကြောင်းပိတ်ဆို့မှုနဲ့ ပေါင်းစပ်လိုက်တဲ့အခါ အီရန်ထဲကို ဘာမှ သိပ်ဝင်လို့မရသလို ထွက်လို့လည်း မရတော့ဘူး” လို့လည်း ပြောပါတယ်။
ဆက်စပ်ဖြစ်ရပ်တခုအနေနဲ့ ပြီးခဲ့တဲ့ နာရီပိုင်းအတွင်း ဟော်မုဇ်ရေလက်ကြားမှာ ရေနံတင်သင်္ဘော ၃ စင်း မိုင်းထိမှန်ခဲ့ပြီး ပေါက်ကွဲမှုတွေနဲ့ မီးလောင်မှုတွေ ဖြစ်ပွားခဲ့တယ်လို့ အီရန်အစ္စလာမ္မစ် တော်လှန်ရေးအစောင့်တပ်ဖွဲ့ (IRGC) ရဲ့ ရေတပ်က နိုဝင်ဘာ ၂၄ ရက် အစောပိုင်းမှာ ထုတ်ပြန်ကြေညာခဲ့ပါတယ်။
ရေနံတင်သင်္ဘောတစင်းက ရေလက်ကြားရဲ့ တောင်ဘက်ကမ်းရိုးတန်းအနီးမှာ မိုင်းထိမှန်ခဲ့တာ ဖြစ်ပြီး ကျန်တဲ့သင်္ဘော ၂ စင်းကတော့ ရေလက်ကြားရဲ့ အရှေ့ဘက်ခြမ်းမှာ မိုင်းထိမှန်ခဲ့တာ ဖြစ်ပါတယ်။
IRGC ရေတပ်ရဲ့ ပြောကြားချက်အရ အဲဒီဖြစ်စဉ်တွေ ဖြစ်ပွားချိန်မှာ သင်္ဘောတွေဟာ အမေရိကန်စစ်တပ်ရဲ့ အနီးကပ် လေကြောင်းကာကွယ်စောင့်ရှောက်မှုနဲ့ အစောင့်အကြပ်အောက်မှာ ရှိနေခဲ့တာလို့ ဆိုပါတယ်။
Source: Reuters











