ဟော်မုဇ်တွင် စည်းမျဉ်းချိုးဖောက်သည့် ရေနံတင်သင်္ဘောကြီး ၂ စင်း မိုင်းထိပေါက်ကွဲခဲ့ဟု အီရန် ပြော

ဟော်မုဇ်ရေလက်ကြားအတွင်း ခွင့်ပြုချက်မရှိတဲ့ လမ်းကြောင်းတွေကနေ ဖြတ်သန်းသွားလာနေတဲ့ “စည်းမျဉ်းချိုးဖောက်တဲ့” ရေနံတင်သင်္ဘောကြီး ၂ စင်းဟာ ရေအောက်မိုင်းတွေကို တိုက်မိပြီး ပေါက်ကွဲခဲ့တယ်လို့ အီရန် အစ္စလာမ္မစ်တော်လှန်ရေး အစောင့်တပ်ဖွဲ့ (IRGC) ရဲ့ ရေတပ်က နိုဝင်ဘာ ၂၃ ရက်မှာ ပြောပါတယ်။
အီရန်ရေတပ်ရဲ့ ညွှန်ကြားချက်တွေကို မလိုက်နာတဲ့ ဒီရေနံတင်သင်္ဘောတွေ မိုင်းထိခဲ့ပြီးတဲ့နောက် အိုမန်နိုင်ငံပိုင် အယ်လ်ဂါနမ်ကျွန်းရဲ့ မြောက်ဘက်နဲ့ ဟော်မုဇ် ရေလက်ကြားရဲ့ အရှေ့ဘက်နေရာမှာ ရပ်တန့်သွားခဲ့ရတယ်လို့ ရေတပ်ရဲ့ ထုတ်ပြန်ချက်ကို ကိုးကားပြီး IRGC ရဲ့ တရားဝင်သတင်းဌာန Sepah News က ဖော်ပြပါတယ်။
တနင်္ဂနွေနေ့က ထုတ်ပြန်ခဲ့တဲ့ နောက်ထပ်သတင်းတခုမှာ IRGC ရဲ့ လေကြောင်းနဲ့ အာကာသဌာနခွဲက လေကြောင်းရန်ကာကွယ်ရေးတပ်ဖွဲ့တွေဟာ ဟော်မုဇ် ရေလက်ကြား အရှေ့ဘက်မှာ အမေရိကန်နိုင်ငံထုတ် MQ-1 Predator ဒရုန်းတစင်းကို ကြားဖြတ်ပစ်ချခဲ့တာကို ဖော်ပြထားပါတယ်။
ဒါ့အပြင် ဟော်မုဇ်ရေလက်ကြား အရှေ့ဘက်မှာ ရေအောက်မိုင်းတွေနဲ့ တိုက်မိပြီးတဲ့နောက် “စည်းမျဉ်းချိုးဖောက်တဲ့” ရေနံတင်သင်္ဘော ၂ စင်း မီးလောင်ကျွမ်းခဲ့တယ်လို့ အီရန်စစ်တပ်ရဲ့ ရေတပ်က တနင်္ဂနွေနေ့မှာ ထုတ်ပြန် ကြေညာပါတယ်။
ဒီသင်္ဘောတွေက အမှတ်အသားပြုစနစ်တွေနဲ့ လမ်းကြောင်းပြစနစ်တွေကို ပိတ်ထားခဲ့ပြီး အရင်က ပေးထားတဲ့ သတိပေးချက်တွေကို လျစ်လျူရှုရင်း ရေလမ်းကြောင်းရဲ့ အရှေ့ဘက်က “တားမြစ်ထားတဲ့” ဧရိယာထဲကို ဝင်လာခဲ့တယ်လို့ ကြေညာချက်မှာ ဖော်ပြပါတယ်။
အစ္စရေးနဲ့ အမေရိကန်တို့ ပူးပေါင်းပြီး အီရန်ပိုင်နက်ထဲကို တိုက်ခိုက်ခဲ့ပြီးတဲ့နောက် အီရန်နိုင်ငံဟာ ဖေဖော်ဝါရီ ၂၈ ရက်ကစပြီး ဟော်မုဇ်ရေလက်ကြားအပေါ် ထိန်းချုပ်မှုကို တင်းကျပ်ခဲ့ပါတယ်။
အစ္စရေးနဲ့ အမေရိကန်တို့ ပိုင်တဲ့ ဒါမှမဟုတ် သူတို့နဲ့ ဆက်နွှယ်နေတဲ့ သင်္ဘောတွေ ဘေးကင်းကင်း ဖြတ်သန်းသွားလာခွင့်ကိုလည်း ပိတ်ပင်ထားပါတယ်။
Source: Reuters











