ခြိမ်းခြောက်မှုကို ရင်ဆိုင်ရန် တွန့်ဆုတ်နေမည်မဟုတ်ဟု အီရန်တပ်မှူး ပြော

ခြိမ်းခြောက်မှုတွေကို ရင်ဆိုင်ရာမှာရော၊ မိမိတို့ရဲ့ စွမ်းအားကို သုံးရာမှာပါ ဘယ်လို တွန့်ဆုတ်မှုမှ ရှိမှာ မဟုတ်ဘူးလို့ အီရန်တော်လှန်ရေးအစောင့်တပ်ဖွဲ့ (IRGC) ရဲ့ လေကြောင်းနဲ့ အာကာသဆိုင်ရာ တပ်မှူး မာဂျစ်မူဆာဗီက နိုဝင်ဘာ ၂၁ ရက်မှာ နိုင်ငံပိုင်မီဒီယာကနေ ပြောလိုက်ပါတယ်။
စစ်ပွဲ ၂ ခုကြား ကာလအတွင်း စွမ်းဆောင်ရည်တွေ တိုးတက်လာခဲ့တယ်လို့လည်း မူဆာဗီက ပြောပါတယ်၊
တပ်ဖွဲ့ထဲမှာ ရန်သူကို ဟန့်တားနိုင်စွမ်းရှိပြီး အပြင်းအထန် ချေမှုန်းနိုင်တဲ့ သဘောသဘာဝရှိတဲ့ အံ့အားသင့်စရာ ထိရောက်တဲ့ လက်နက်ကိရိယာတွေကို ဖန်တီးတည်ဆောက်ထားနိုင်ပြီလို့လည်း သူကဖြည့်စွက်ပြောပါတယ်။
အရှေ့အလယ်ပိုင်းဒေသကို မတည်မငြိမ်ဖြစ် စေပြီး၊ ရေကြောင်းသွားလာမှုကို အနှောင့်အယှက်ဖြစ်စေတဲ့အပြင် ကမ္ဘာလုံးဆိုင်ရာ စွမ်းအင်ဈေးနှုန်းတွေကို မြင့်တက်စေပြီး ဒေသတွင်း နိုင်ငံအများအပြားကိုပါ ပါဝင်ပတ်သက်လာစေတဲ့ ဒီပဋိပက္ခကို အဆုံးသတ်ဖို့ သံတမန်ရေးရာ ကြိုးပမ်းချက်တွေကို ဆက်ဆောင်ရွက်နေချိန်မှာ ခုလိုပြောဆိုခဲ့တာပါ။
မကြာသေးမီ သီတင်းပတ်တွေအတွင်း အီရန်နိုင်ငံနဲ့ ပဋိပက္ခကို ဖြေရှင်းဖို့ ကြိုးပမ်းချက်တွေနဲ့ ပတ်သက်ပြီး နှစ်ဖက်စလုံး အပေးအယူမလုပ်ဘဲ တင်းမာနေချိန်မှာ၊ ထရမ့်ပ်က အီရန်အပေါ် ပဋိပက္ခကို ပိုပြင်းထန်လာစေမဲ့ ခြိမ်းခြောက်မှု တွေလုပ်ရင်း ပဋိပက္ခကို လျှော့ချနိုင်ခြေရှိကြောင်း အရိပ်အမြွက် ပြောတာတွေကို အလှည့်ကျ ဆောင်ရွက်နေပါတယ်။
ကာတာနဲ့ အီရန် တာဝန်ရှိသူတွေ အင်္ဂါနေ့က တွေ့ဆုံဆွေးနွေးခဲ့ကြပြီး၊ ဆွေးနွေးပွဲရဲ့ ရည်ရွယ်ချက်က အမြင်သဘောထားတွေကို ပေါင်းကူးပေးဖို့နဲ့ လက်ရှိတင်ပြထားတဲ့ အဆိုပြုချက်တွေကြား ကွာဟချက်ကို ကျဉ်းမြောင်းစေဖို့ပါလို့ ကာတာနိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူက ပြောပါတယ်။
Source: Reuters











