အီရန် ဆက်နွှယ်သည့် လုပ်ကြံသတ်ဖြတ်ရန် ကြံစည်မှုဖြင့် လူ ၅ ဦးကို ဖမ်းဆီး
ဂရိနိုင်ငံမှာ လုပ်ကြံသတ်ဖြတ်မှုတခု ကျူးလွန်ဖို့ အီရန်နဲ့ ဆက်နွှယ်နေတယ်လို့ သံသယရှိရတဲ့ ကြံစည်မှုနဲ့ ပတ်သက်ပြီး မြောက်မက်ဆီဒိုးနီးယားနဲ့ ဂရိနိုင်ငံတို့က လူ ၅ ယောက်ကို ဖမ်းဆီးလိုက်ကြောင်း နှစ်နိုင်ငံလုံးရဲ့ အာဏာပိုင်တွေနဲ့ ထောက်လှမ်းရေးအရာရှိတွေက နိုဝင်ဘာ ၁၇ ရက်မှာ ပြောပါတယ်။
မြောက်မက်ဆီဒိုးနီးယား အမျိုးသားလုံခြုံရေးအေဂျင်စီဟာ ၂၀၂၆ ခုနှစ် နှစ်ဆန်းပိုင်းကတည်းက ဂရိအမျိုးသားထောက်လှမ်းရေးဌာန၊ တခြားမိတ်ဖက်အဖွဲ့တွေနဲ့ ပူးပေါင်းစုံစမ်းခဲ့ရာကနေ အမည်မဖော်ပြထားတဲ့ ပစ်မှတ်တခုကို လုပ်ကြံဖို့ အီရန်နိုင်ငံသား အက်ဒရစ်စ် ဂျာဟန်ဂီရီ မာဗာနေး ရဲ့ တိုက်ရိုက်ညွှန်ကြားမှုအောက်မှာ စီစဉ်နေတဲ့ ကွန်ရက်တခုကို ဖော်ထုတ်နိုင်ခဲ့တာပါ။
စုံစမ်းစစ်ဆေးချက်အရ မာဗာနေးဟာ အီရန်လုံခြုံရေးဌာနတွေနဲ့သာမက လုပ်ကြံမဲ့သူတွေကို ငှားရမ်းပေးတဲ့ အီရန် မူးယစ်ရာဇာ ဂိုဏ်းခေါင်းဆောင် နာဂျီ ရှာရီဖီ ဇင်ဒါ့ရှ်တီ နဲ့ပါ ဆက်စပ်နေကြောင်း အေဂျင်စီ ညွှန်ကြားရေးမှူး ဘိုယန် ဟရစ်စ်တော့ဗ်စကီးက အတည်ပြုပါတယ်။
မြောက်မက်ဆီဒိုးနီးယား ပြည်တွင်းရာဇဝတ်ဂိုဏ်းတွေနဲ့ ဆက်နွှယ်နေတဲ့ အဲဒီကွန်ရက်ဝင်တွေဟာ မာဗာနေးရဲ့ ညွှန်ကြားချက်အရ ဂရိနိုင်ငံက ပစ်မှတ်ကို လုပ်ကြံဖို့ ထောက်ပံ့ပို့ဆောင်ရေးဆိုင်ရာ ကြိုတင်ပြင်ဆင်မှုတွေ လုပ်ဆောင်ခဲ့ကြတာဖြစ်ပြီး ဒီကိစ္စနဲ့ပတ်သက်လို့ အီရန်ဘက်က ချက်ချင်းတုံ့ပြန်တာ မရှိသေးပါဘူး။
ဂရိလုံခြုံရေးအရာရှိတွေရဲ့ အဆိုအရ နိုဝင်ဘာ ၁၂ ရက်မှာ ဂရိနိုင်ငံအတွင်း မြောက်မက်ဆီဒိုးနီးယား နိုင်ငံသားတယောက်ကို ဖမ်းဆီးပြီး မြောက်မက်ဆီဒိုးနီးယားဆီ ပြန်လည်လွှဲပြောင်းပေးခဲ့ရာကနေ ကျန်အဖွဲ့ဝင် ၄ ယောက်ကိုပါ ဖမ်းဆီးနိုင်မဲ့ စစ်ဆင်ရေးကို စတင်နိုင်ခဲ့တာပါ။
ဖမ်းဆီးခံရသူတွေထဲက တယောက်ဟာ အီရန်နိုင်ငံသားနဲ့ တွေ့ဆုံခဲ့မှုအပြင် လုပ်ကြံမဲ့ အစီအစဉ်တွေကို ဖွင့်ဟခဲ့ပုံရတယ်လို့ ဂရိထောက်လှမ်းရေးအရာရှိတယောက်က ပြောပါတယ်။
ဖမ်းဆီးထားသူ ၅ ယောက်ထဲက ၄ ယောက်ကို အချုပ်နဲ့ ထိန်းသိမ်းထားပြီး တယောက်ကို နေအိမ်အကျယ်ချုပ် ချထားကြောင်းနဲ့ လွတ်မြောက်နေဆဲဖြစ်တဲ့ ၆ ယောက်မြောက် သံသယရှိသူ တယောက်ကိုလည်း အပူတပြင်း လိုက်လံရှာဖွေနေကြောင်း ပြည်သူ့လုံခြုံရေးဗျူရို ညွှန်ကြားရေးမှူး အလက်ဇန္ဒား ယာနက်ဗ်က ပြောပါတယ်။
ရှာဖွေမှုတွေအတွင်း ဖုန်းတွေ၊ လက်ပ်တော့၊ ကွန်ပျူတာနဲ့ USB တွေအပြင် ဆက်သွယ်ဖို့ အချက်အလက်တွေပါတဲ့ မှတ်စုစာအုပ်တွေ၊ တည်နေရာ အမှတ်အသားပါ ပုံကြမ်းတွေနဲ့ တရားမဝင် လက်နက်ခဲယမ်းတွေကိုပါ သိမ်းဆည်းရမိခဲ့ပြီး မှုခင်းဆေးပညာနဲ့ နည်းပညာပိုင်းဆိုင်ရာ စစ်ဆေးမှုတွေ ဆက်လုပ်သွားမယ်လို့ သူက ဆိုပါတယ်။
ရာဇဝတ်မှုမှတ်တမ်းဟောင်းတွေ ရှိထားတဲ့ အဲဒီ သံသယရှိသူအုပ်စုဟာ အီရန်နိုင်ငံကို သွားရောက်ခဲ့ပြီး အဆက်အသွယ် ကျယ်ပြန့်သလို အီရန်ထောက်လှမ်းရေးနဲ့ ပူးပေါင်းလုပ်ဆောင်နေတဲ့ မာဗာနေးနဲ့ တွေ့ဆုံခဲ့ကြတာ ဖြစ်ပါတယ်။
Source: Reuters











