
အီရန်နိုင်ငံ အစ္စလာမ္မစ် တော်လှန်ရေးအစောင့်တပ်ဖွဲ့ (IRGC) ရဲ့ လေကြောင်းနဲ့ အာကာသတပ်ဖွဲ့က ဘာရိန်းနိုင်ငံထဲက အမေရိကန် လေကြောင်းရန်ကာကွယ်ရေး ရေဒါစခန်းတခုကို ဒရုန်းတွေသုံးပြီး တိုက်ခိုက်ခဲ့တယ်လို့ နိုဝင်ဘာ ၁၅ ရက်မှာ ထုတ်ပြပါတယ်။
အယ်လ်ရစ်ဖှာ ရဟတ်ယာဉ်စခန်းထဲက ရေဒါစနစ်ကို ဒရုန်း ၆ စင်းနဲ့ တိုက်ခိုက်ခဲ့ပြီး ဒါဟာ အီရန်နိုင်ငံအပေါ် အမေရိကန်စစ်တပ်ရဲ့ သိသာထင်ရှားတဲ့ ကျူးကျော်တိုက်ခိုက်မှုအပေါ် ပြတ်သား ပြင်းထန်တဲ့ လက်တုံ့ပြန်မှုရဲ့ ဒုတိယအဆင့်ဖြစ်တယ်လို့ IRGC ရဲ့ တရားဝင်သတင်းဌာန ဆီပါနယူးစ်က ဖော်ပြပါတယ်။
ဒါ့အပြင် အမေရိကန်က သင်္ဘောတွေကို လိုက်ပါစောင့်ရှောက်ပေးတယ်ဆိုတဲ့ အကြောင်းပြချက်နဲ့ ဟော်မုဇ် ရေလက်ကြားကတဆင့် ရေနံတွေကို တရားမဝင် သယ်ဆောင်ဖို့ ကြိုးပမ်းချက်က လုံးဝကျရှုံးခဲ့ရပြီး ခုတော့ သူတို့ဟာ ရေလက်ကြား ပိတ်ဆို့ခံထားရတဲ့ အမှန်တရားကနေ ကမ္ဘာ့ပြည်သူတွေရဲ့ အာရုံကို လွှဲဖို့ သေးငယ်ပြီး မှားယွင်းတဲ့ လုပ်ရပ်တွေကို လုပ်နေတယ်လို့ IRGC က ထပ်ပြောခဲ့ပါတယ်။
“အမေရိကန်ရန်သူရဲ့ ကျူးကျော်မှုမှန်သမျှကို ပိုပြင်းထန်တဲ့ တုံ့ပြန်မှုနဲ့ ရင်ဆိုင်ရလိမ့်မယ်” လို့ IRGC က ထပ်ပြောခဲ့ပါတယ်။
တနင်္ဂနွေနေ့မှာလည်း ခွင့်ပြုချက်မရှိတဲ့ လမ်းကြောင်းကနေ ဟော်မုဇ် ရေလက်ကြားကို ဖြတ်ကျော်ဖို့ ကြိုးစားနေတဲ့ ချိုးဖောက်တဲ့ ရေနံတင်သင်္ဘော ၂ စင်းဟာ ရေတပ်မိုင်းတွေ ထိမှန်ပြီးတဲ့နောက် ပေါက်ကွဲပြီး မီးလောင်သွားခဲ့တယ်လို့ IRGC ရေတပ်က ပြောပါတယ်။
ဘာရိန်းကာကွယ်ရေးတပ်ဖွဲ့က အဲဒီနေ့မှာပဲ သူတို့ရဲ့ လေကြောင်းရန်ကာကွယ်ရေးစနစ်တွေက အီရန်ဆီက လေကြောင်းပစ်မှတ် အများအပြားကို ကြားဖြတ်ဖျက်ဆီးခဲ့တယ်လို့ ကြေညာခဲ့ပါတယ်။
အမေရိကန်ရေတပ်ရဲ့ အမှတ် ၅ ရေတပ်စခန်းရှိရာ ဘာရိန်းနိုင်ငံက နိုင်ငံသားတွေနဲ့ ဒေသခံတွေ စိတ်အေးအေးထားပြီး အနီးဆုံး ဘေးကင်းရာဆီ ရွှေ့ပြောင်းဖို့ တိုက်တွန်းခဲ့တယ်လို့ ပြည်ထဲရေးဝန်ကြီးဌာနက ပြောပါတယ်။
Source: Reuters











