အီရန်ခြိမ်းခြောက်မှု သိသိသာသာ တိုးလာဟု အမေရိကန်ထောက်လှမ်းရေးပြော

အမေရိကန်ပြည်တွင်းရော ပြည်ပမှာပါရှိတဲ့ အမေရိကန်နိုင်ငံသားတွေအပေါ် အီရန်ရဲ့ ခြိမ်းခြောက်မှု တွေ သိသိသာသာ မြင့်တက်လာနေတယ်လို့ အမျိုးသားထောက်လှမ်းရေး ညွှန်ကြားရေးမှူး ဂျေးကလေတန်က နိုဝင်ဘာ ၁၈ ရက်မှာ လွှတ်တော်အမတ်တွေကို ပြောပါတယ်။
အမေရိကန်ပြည်တွင်းနဲ့ ပြည်ပမှာ အီရန်ရဲ့ အသက်အန္တရာယ်ပြုမဲ့ လျှို့ဝှက်ကြံစည်မှုတွေကို ဆက်လက်ထောက်လှမ်း ဟန့်တားတိုက်ဖျက်သွားမှာဖြစ်ကြောင်းနဲ့ နိုင်ငံသားအားလုံး ပိုကြီးမားတဲ့ ခြိမ်းခြောက်မှုနဲ့ ရင်ဆိုင်နေရကြောင်း အောက်လွှတ်တော် ပြည်တွင်းလုံခြုံရေးကော်မတီ ကြားနာပွဲမှာ သူက ပြောပါတယ်။
ဖေဖော်ဝါရီလက အမေရိကန်နဲ့ အစ္စရေးတို့ ပူးပေါင်းတိုက်ခိုက်ခဲ့ပြီးနောက် ၈ လကျော် ကြာတဲ့အထိ ဆက်ဖြစ်နေတဲ့ အမေရိကန်ရဲ့ တိုက်ခိုက်မှုတွေကို လက်တုံ့ပြန်ဖို့ အမေရိကန်တပ်တွေနဲ့ ဒေသတွင်း မဟာမိတ်တွေကို တိုက်ခိုက်မယ်လို့ အီရန်က သတိပေးထားတာပါ။
ပြီးခဲ့တဲ့လက ရိုက်တာသတင်းဌာနတွေ့ရှိခဲ့တဲ့ မှတ်တမ်းတစောင်မှာလည်း အီရန်ဟာ အမေရိကန် ဝန်ထမ်းတွေကို ပစ်မှတ်ထားဖို့ တိုးမြှင့်လုပ်ဆောင်နေပြီး အမေရိကန်နိုင်ငံသားတွေကို လုပ်ကြံမဲ့ အစီအစဉ်တွေဟာ "အဆင့်မြင့်အခြေအနေ" အထိ ရောက်နေပြီလို့ ကလေတန်က ဖော်ပြပါတယ်။
ဒီသီတင်းပတ်ထဲထွက်တဲ့ CNN သတင်းတပုဒ်မှာလည်း အီရန်ဟာ ဝါရှင်တန်မြို့တော်မှာ ရေဒီယို သတ္တိကြွဗုံးနဲ့ တိုက်ခိုက်ဖို့ စီစဉ်နေနိုင်ခြေရှိတယ်ဆိုတဲ့ အမေရိကန်ထောက်လှမ်းရေး သုံးသပ်ချက် တွေကို ကိုးကား ဖော်ပြပါတယ်။
ဗုဒ္ဓဟူးနေ့ ကြားနာပွဲမှာ အဲဒီသတင်းနဲ့ပတ်သက်လို့ မေးမြန်းရာမှာတော့ ကလေတန်က လျှို့ဝှက် အသေးစိတ် အချက်အလက်တွေကို ထုတ်ပြောလို့ မရပေမဲ့ အဲဒီခြိမ်းခြောက်မှုတွေအကြောင်း လွှတ်တော်ထိပ်တန်း ခေါင်းဆောင် ၈ ယောက်အဖွဲ့နဲ့ ထောက်လှမ်းရေးကော်မတီတွေထံ အပြည့်အစုံ တင်ပြထားပြီးဖြစ်ကြောင်းနဲ့ ဒါဟာ အသစ်အဆန်းတော့ မဟုတ်ကြောင်း ဝန်ခံ ပြောပါတယ်။
ဒါ့အပြင် ၉/၁၁ အကြမ်းဖက်မှုအပြီး ၂၅ နှစ်ကြာတဲ့အထိ အမေရိကန်ပြည်တွင်းရော ပြည်ပ အကျိုးစီးပွားတွေပါ မြင့်မားတဲ့ ခြိမ်းခြောက်မှုအောက်မှာ ဆက်ရှိနေဆဲဖြစ်ကြောင်း သူက ဆိုပါတယ်။
၉/၁၁ နောက်ပိုင်း NCTC နဲ့ ထောက်လှမ်းရေးအဖွဲ့တွေရဲ့ ကြိုးပမ်းမှုကြောင့် ကမ္ဘာလုံးဆိုင်ရာ အကြမ်းဖက်အဖွဲ့တွေရဲ့ စွမ်းဆောင်ရည်ကို လျှော့ချနိုင်ပြီး ကြံစည်မှုတွေကို ကြိုတင်ဟန့်တားနိုင်စွမ်း တိုးတက်လာပေမဲ့၊ ISIS နဲ့ အယ်လ်ကိုင်ဒါ အစွန်းရောက်တွေကနေ ရန်လိုတဲ့နိုင်ငံတွေ ပံ့ပိုးထားတဲ့ ကွန်ရက်တွေအထိ အကြမ်းဖက်အုပ်စုအမျိုးမျိုးက အမေရိကန်နိုင်ငံသားတွေရဲ့ အသက်အန္တရာယ် ကို ပုံစံပြောင်းပြီး အမြဲတမ်းခြိမ်းခြောက်နေဆဲဖြစ်ကြောင်း ကလေတန်က ဆိုပါတယ်။
သမ္မတ ဒေါ်နယ်လ်ထရမ့်ပ်နဲ့အတူ အာရှခရီးစဉ် ရောက်နေတဲ့ နိုင်ငံခြားရေးဝန်ကြီး မာကို ရူဘီယိုက အဲဒီသတင်းနဲ့ပတ်သက်ပြီး အမေရိကန်မြို့တော်အတွက် ချက်ချင်းလက်ငင်း ခြိမ်းခြောက်မှုမျိုး ရှိတယ်လို့ မထင်ကြောင်း မနေ့က ပြောပါတယ်။
သမ္မတ ထရမ့်ပ်ကတော့ အီရန်အနေနဲ့ တိုက်ခိုက်မှုတခု စီစဉ်နေနိုင်ခြေကို အမေရိကန်က အလေးအနက်ထား စောင့်ကြည့်နေကြောင်း အင်္ဂါနေ့မှာ ပြောကြားထားပါတယ်။
Source: Reuters











