
အမေရိကန်က တရုတ်ကုမ္ပဏီတွေရဲ့ အဆင့်မြင့် AI နည်းပညာ ရယူနိုင်မှုကို ကန့်သတ်ပြီး ထိုင်း အပါအဝင် နိုင်ငံ ၅ နိုင်ငံကို AI ချစ်ပ်ပြား တင်ပို့မှု တင်းကျပ်လိုက်တဲ့အပေါ် တရုတ်အစိုးရက နိုဝင်ဘာ ၁၇ ရက်မှာ ပြင်းပြင်းထန်ထန် ဝေဖန်ပြီး လိုအပ်သလို တုံ့ပြန်သွားမယ်လို့ ပြောပါတယ်။
အမေရိကန်က နိုဝင်ဘာ ၁၆ ရက်မှာ ထုတ်ပြန်ခဲ့တဲ့ စည်းမျဉ်းသစ်အရ တရုတ်ကုမ္ပဏီတွေ နိုင်ငံခြား က ဒေတာစင်တာတွေကို အသုံးပြုပြီး အဆင့်မြင့် AI နည်းပညာ ရယူနိုင်မှုကိုပါ ကန့်သတ်လိုက်တာ ဖြစ်ပါတယ်။
တရုတ်ကုမ္ပဏီတွေကို AI အတွက် လိုအပ်တဲ့ ကွန်ပျူတာတွက်ချက်မှုစွမ်းအား အများအပြား ပံ့ပိုး ပေးနေတဲ့ နိုင်ငံခြားဒေတာစင်တာတွေဟာ ၂၀၂၇ ခုနှစ် ဖေဖော်ဝါရီလလယ်ကစပြီး အမေရိကန်ရဲ့ ခွင့်ပြုချက် ရယူရမှာ ဖြစ်ပါတယ်။
ဒါ့အပြင် ထိုင်း၊ စင်ကာပူ၊ မလေးရှား၊ အင်ဒိုနီးရှားနဲ့ ဘရာဇီးနိုင်ငံတွေကို အဆင့်မြင့် AI ချစ်ပ်ပြား တွေ တင်ပို့ဖို့လည်း အမေရိကန်ရဲ့ ခွင့်ပြုချက် လိုအပ်မှာ ဖြစ်ပါတယ်။
ဒီနိုင်ငံတွေကတဆင့် ချစ်ပ်ပြားတွေကို တရုတ်ဆီ တရားမဝင် လွှဲပြောင်းပို့ဆောင်နိုင်ခြေ ပုံမှန်ထက် မြင့်မားနေတာကြောင့် ကန့်သတ်တာလို့ အမေရိကန်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနက ပြောပါတယ်။
ဒီကန့်သတ်ချက်တွေဟာ Nvidia CEO ဟောင်း ဂျန်ဆန်ဟွမ်နဲ့ အိမ်ထောင်ရေး ဖောက်ပြန်ခဲ့တဲ့ အဲလစ် ဟွမ် အမှုဆောင်အရာရှိအဖြစ် တာဝန်ယူခဲ့တဲ့ စင်ကာပူအခြေစိုက် Megaspeed ကုမ္ပဏီက AI ချစ်ပ်ပြားတွေကို တရုတ်ဆီ တရားမဝင် ပို့ဆောင်ခဲ့သလားဆိုပြီး အမေရိကန်က စုံစမ်း စစ်ဆေး နေချိန်မှာ ထွက်ပေါ်လာတာ ဖြစ်ပါတယ်။
တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောခွင့်ရသူ ကော့ကျားခွန်း ကတော့ “အမေရိကန်ဟာ အမျိုးသားလုံခြုံရေးဆိုတဲ့ အကြောင်းပြချက်ကို အလွန်အကျွံချဲ့ထွင်ပြီး ပို့ကုန်ထိန်းချုပ်ရေး အစီအမံတွေကို အလွဲသုံးစားလုပ်နေတယ်” လို့ ဝေဖန်ခဲ့ပြီး တရုတ်ရဲ့ တရားဝင်အခွင့်အရေးနဲ့ အကျိုးစီးပွားတွေကို ကာကွယ်ဖို့ လိုအပ်တဲ့ အရေးယူဆောင်ရွက်မှုတွေ လုပ်သွားမယ်လို့လည်း ပြောပါတယ်။
တရုတ်ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနကလည်း ဒီကန့်သတ်ချက်တွေဟာ နိုင်ငံတကာ ကုန်သွယ်ရေးစနစ်နဲ့ ချစ်ပ်ပြားထုတ်လုပ်ရေး ထောက်ပံ့ရေးကွင်းဆက်တွေကို ထိခိုက်စေနိုင်တယ်လို့ ပြောပါတယ်။
ဒီစည်းမျဉ်းသစ်တွေကြောင့် အရှေ့တောင်အာရှက AI နည်းပညာကုမ္ပဏီတွေနဲ့ ဒေတာစင်တာ လုပ်ငန်းတွေမှာ စီမံကိန်းနှောင့်နှေးမှုတွေ၊ ရင်းနှီးမြှုပ်နှံမှု မရေရာမှုတွေ ဖြစ်လာနိုင်တယ်လို့ ကျွမ်းကျင်သူတွေက သုံးသပ်ပါတယ်။
ကုလသမဂ္ဂရဲ့ စာရင်းတွေအရ ၂၀၂၅ ခုနှစ် ပထမကိုးလအတွင်း ဒေတာစင်တာလုပ်ငန်းတွေမှာ ထိုင်းနိုင်ငံက အမေရိကန်ဒေါ်လာ ၉ ဘီလီယံနဲ့ မလေးရှားက ၄ ဘီလီယံ ရင်းနှီးမြှုပ်နှံမှု ရရှိခဲ့ပါတယ်။
Source: Reuters











