တရုတ်နိုင်ငံတောင်ပိုင်း၊ ကွမ်တုန်းပြည်နယ်၊ ရှန်ကျန်းမြို့မှာ နိုဝင်ဘာ ၁၈ ရက်ကနေ ၁၉ ရက်အထိ ကျင်းပနေတဲ့ ၃၃ ကြိမ်မြောက် APEC စီးပွားရေးခေါင်းဆောင်များ အစည်းအဝေးကို ကြိုဆိုတဲ့အနေနဲ့ နိုဝင်ဘာ ၁၇ ရက်မှာ လူပုံစံတူ စက်ရုပ်ပေါင်း ၁၅၁ ရုပ်ဟာ လမ်းမပေါ်မှာ စည်းချက်ညီညီ ကပြဖျော်ဖြေပြီး ဂင်းနစ်ကမ္ဘာ့စံချိန်သစ်တခု တင်လိုက်ပါတယ်။
တရုတ်နိုင်ငံရဲ့ ပထမဆုံး ကိုယ်ပိုင်ဉာဏ်ရည်သုံး စက်ရုပ်သရုပ်ပြဇုန်နဲ့ မြို့လယ်ရင်ပြင်တွေမှာ “စက်ရုပ် ယိမ်းအက” အဖြစ် ကျင်းပခဲ့တဲ့ ဒီပွဲမှာ စက်ရုပ် ၁၅၁ ရုပ်ဟာ တနာရီအတွင်း စုဝေးကပြနိုင်ခဲ့တာ ဖြစ်ပါတယ်။
ဂင်းနစ် ကမ္ဘာ့စံချိန်မှတ်တမ်းအဖွဲ့ရဲ့ တရားဝင် အကဲဖြတ်ဒိုင်လူကြီးက သတ်မှတ်ရည်မှန်းထားတဲ့ စက်ရုပ် ၁၁၀ ရုပ်ထက် ကျော်လွန်ပြီး အောင်မြင်စွာ ကပြနိုင်ခဲ့ကြောင်း အတည်ပြုပေးခဲ့ပါတယ်။
အဲဒီဖျော်ဖြေပွဲကို EngineAI ကုမ္ပဏီက တီထွင်ထားတဲ့ လူတရပ်စာ အရွယ်အစားရှိတဲ့ T800 လူပုံစံတူ စက်ရုပ်တွေက ဦးဆောင်ခဲ့တာပါ။
ပွဲထဲမှာ အဖြူနဲ့ အနီရောင် ပေါ့ပါးပြီး ထိခိုက်မှုဒဏ်ခံနိုင်တဲ့ အကာအကွယ်ဝတ်စုံတွေ ဝတ်ထားတဲ့ T800 စက်ရုပ် ၂၀ က တန်းစီနေရာယူခဲ့ကြပါတယ်။
အရပ်က ၁ ဒသမ ၇၃ မီတာရှိပြီး အလေးချိန် ၇၅ ကီလိုဂရမ်ရှိတဲ့ အဲဒီစက်ရုပ်က အပေါ်ပင့် လက်သီးထိုးချက်တွေ၊ ဝှေ့ယမ်းကန်ချက်တွေနဲ့ နောက်ပြန်ကျွမ်းထိုးတာတွေလို ရှုပ်ထွေးသွက်လက်တဲ့ လှုပ်ရှားမှုတွေကို လုပ်ဆောင်နိုင်စွမ်း ရှိပါတယ်။
T800 စက်ရုပ်တွေကို ဖျော်ဖြေရေး၊ စမတ်ယာဉ်ကြောစီမံခန့်ခွဲမှု၊ စီးပွားရေးဝန်ဆောင်မှု၊ စက်မှုကုန်ထုတ်လုပ်ရေး၊ သိပ္ပံသုတေသနနဲ့ ပညာရေးကဏ္ဍတွေမှာ အသုံးပြုဖို့ ရည်ရွယ်ထုတ်လုပ်ထားတာ ဖြစ်ပြီး အခုလို စံချိန်တင်နိုင်တဲ့ နောက်ကွယ်မှာ စက်ရုပ်လှုပ်ရှားမှုဆိုင်ရာ အယ်လ်ဂိုရစ်သမ်တွေ၊ အုပ်စုလိုက် စီမံခန့်ခွဲမှု စနစ်နဲ့ စက်ယန္တရားရဲ့ တည်ငြိမ်မှု စွမ်းဆောင်ရည် စတဲ့ အဆင့်မြင့်နည်းပညာတွေ ပါဝင်ပါတယ်။
ဒါ့အပြင် Galaxy Robotics 6S Base မှာဆိုရင် စက်ရုပ်တွေရဲ့ လက်ဝှေ့သိုင်းပညာ တိုက်ခိုက်ပြသမှုတွေ၊ သေးငယ်တဲ့ စက်ရုပ်ပုံစံငယ်တွေနဲ့ ဆော့ကစားတာတွေအပြင် စက်ရုပ်လက်တံနဲ့ ရေခဲမုန့်ဝန်ဆောင်မှု ပေးတာတွေကိုပါ ပြသခဲ့တာကြောင့် နေ့စဉ်ဝန်ဆောင်မှုလုပ်ငန်းတွေမှာ အလိုအလျောက်စနစ် အသုံးပြုမှု တိုးတက်လာတာကို မီးမောင်းထိုးပြနေပါတယ်။
“အတူတကွ ဖွံ့ဖြိုးတိုးတက်မဲ့ အာရှ-ပစိဖိတ် အသိုက်အဝန်းတခု တည်ဆောက်ခြင်း” ဆိုတဲ့ ဆောင်ပုဒ်နဲ့ ကျင်းပနေတဲ့ APEC အစည်းအဝေးကာလအတွင်း ရှန်ကျန်းမြို့ဟာ သူ့ရဲ့ အဆင့်မြင့်သိပ္ပံပညာဆိုင်ရာ အောင်မြင်မှုတွေနဲ့ စက်ရုပ်လုပ်ငန်းကဏ္ဍရဲ့ ဆန်းသစ်တီထွင်နိုင်စွမ်းတွေကို နိုင်ငံတကာကို ပြသနေတာ ဖြစ်ပါတယ်။
Source: Reuters











