DVB Logo
Home
နိုင်ငံတကာ
တရုတ်ပြည်တွင်းထုတ် ၇ တန် ကုန်တင်ဒရုန်း ပထမဆုံးစမ်းသပ်မှု အောင်မြင်
DVB
·
November 18, 2026
Photo:Reuters
Photo:Reuters
Donate to DVB

တရုတ်ပြည်တွင်းထုတ် ၇ တန်အဆင့် ကုန်တင်ဒရုန်းယာဉ် (UAV) ဟာ ပထမဆုံး ကုန်ပစ္စည်း သယ်ယူပို့ဆောင်ရေး စမ်းသပ်မှုကို အောင်မြင်စွာ ပြီးမြောက်ခဲ့ပါတယ်။

ဒီအောင်မြင်မှုဟာ အနာဂတ်မှာ ထောက်ပံ့ပို့ဆောင်ရေး၊ အရေးပေါ်ကူညီရေးနဲ့ တခြားကဏ္ဍတွေမှာ အသုံးပြုနိုင်ဖို့ ခိုင်မာတဲ့ အခြေခံအုတ်မြစ် ချပေးလိုက်တာ ဖြစ်ပါတယ်။

ဒီစမ်းသပ်မှုမှာ ချန်ယင်း-၈ (Changying-8) ကုန်တင်ဒရုန်းရဲ့ အဓိက စွမ်းဆောင်ရည်တွေဖြစ်တဲ့ ကုန်တင်အောက်ခံပြားစနစ်နဲ့ ကုန်တင်တာ၊ မီတာ ၃၀၀ အမြင့်ကနေ လေထီးနဲ့ ကုန်ပစ္စည်း ချပေးတာ၊ ကုန်ခန်းထဲကနေ အလိုအလျောက် ထွက်ခွာချိန် ထိန်းချုပ်တာ၊ လေထီးကြိုး ပြန်သိမ်းတာနဲ့ ပစ္စည်းကျရောက်မဲ့နေရာ အကဲဖြတ်စစ်ဆေးတာတွေကို အတည်ပြုနိုင်ခဲ့ပါတယ်။

ဒါဟာ အလားတူ ဒရုန်းအမျိုးအစားတွေထဲ အလေးချိန်များတဲ့ ကုန်ပစ္စည်းတွေကို လေထီးနဲ့ ချပေးနိုင်မှုမှာ အကောင်းဆုံး စံချိန်သစ် တင်နိုင်ခဲ့တာဖြစ်ပြီး၊ အဓိက နည်းပညာပေါင်း များစွာကို လည်း ပထမဆုံးအကြိမ် စမ်းသပ်အတည်ပြုနိုင်ခဲ့ပါတယ်။

လေထီးနဲ့ ချပေးရာမှာ ပစ်မှတ်နေရာနဲ့ မီတာ ၁၀၀ အတွင်း ကျရောက်ဖို့ ရည်မှန်းထားပေမဲ့ လက်တွေ့မှာ မီတာ ၅၀ အတွင်းသာ ကျရောက်ခဲ့လို့ မျှော်မှန်းထားတာထက် ပိုကောင်းတဲ့ ရလဒ်ရ ရှိခဲ့ကြောင်း ချန်ယင်း-၈ ရဲ့ ဦးဆောင်ဒီဇိုင်နာ ကန်းကျန့်ကျုံး က ပြောပါတယ်။

ချန်ယင်း-၈ ကုန်တင်ဒရုန်းမှာ ထုထည် ၁၈ ကုဗမီတာရှိတဲ့ အလွန်ကျယ်ဝန်းတဲ့ ကုန်သိုလှောင်ခန်း ပါရှိပြီး၊ အများဆုံး ပျံတက်နိုင်တဲ့ အလေးချိန် ၇ တန်နဲ့ ကုန်တင်ဆောင်နိုင်စွမ်း ၃ တန်ခွဲ ရှိပါတယ်။

ဒါ့အပြင် သာမန်ထောက်ပံ့ရေးပစ္စည်းတွေ၊ လတ်ဆတ်တဲ့ အစားအသောက်နဲ့ အအေးခန်းသုံး ကုန်ပစ္စည်းတွေအပြင် အရေးပေါ်သုံး စက်ကိရိယာတွေ အပါအဝင် ကုန်ပစ္စည်းအမျိုးမျိုးကို သယ်ဆောင်နိုင်ပါတယ်။

ဒီဒရုန်းဟာ အကွာအဝေး ကီလိုမီတာ ၃,၀၀၀ ကျော်အထိ ပျံသန်းနိုင်ပြီး၊ ကုန်းပြင်မြင့်ဒေသတွေ ဒါမှမဟုတ် ပြေးလမ်းအရှည် မီတာ ၂၀၀ သာရှိတဲ့ နေရာတွေမှာပါ အတက်အဆင်း လုပ်နိုင်ပါတယ်။

ချန်ယင်း-၈ ဟာ ဒီနှစ် မတ်လအတွင်းက သူ့ရဲ့ ပထမဆုံး ပျံသန်းမှုကို အောင်မြင်စွာ ပြုလုပ်ခဲ့ပါတယ်။ 

Source: Reuters 

Support DVB
Live
DVB Donate
မြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013