ကိုရီးယားကျွန်းဆွယ်မှာ ငြိမ်းချမ်းစွာ အတူယှဉ်တွဲနေထိုင်နိုင်မဲ့ ခေတ်သစ်တခု ဖန်တီးနိုင်ဖို့အတွက် တရုတ်နိုင်ငံနဲ့ အတူတကွ ပူးပေါင်းဆောင်ရွက်သွားဖို့ မျှော်လင့်ထားကြောင်း တောင်ကိုရီးယားသမ္မတ အီဂျယ်မြောင်က တရုတ်သမ္မတ ရှီကျင့်ဖျင်ကို နိုဝင်ဘာ ၁၈ ရက်မှာ ပြောကြားလိုက်ပါတယ်။
အာရှ-ပစိဖိတ် စီးပွားရေးပူးပေါင်းဆောင်ရွက်မှု (APEC) အစည်းအဝေး ကျင်းပနေချိန်အတွင်း ခေါင်းဆောင် ၂ ယောက်ဟာ သီးခြားတွေ့ဆုံဆွေးနွေးခဲ့ကြတာ ဖြစ်ပါတယ်။
တောင်ကိုရီးယားနဲ့ တရုတ်နိုင်ငံအကြား မဟာဗျူဟာမြောက် ပူးပေါင်းဆောင်ရွက်မှု မိတ်ဖက်ဆက်ဆံရေး ရင့်ကျက်ဖွံ့ဖြိုးလာစေဖို့အတွက် ကိုရီးယားကျွန်းဆွယ် ငြိမ်းချမ်းတည်ငြိမ်ရေးကို မဖြစ်မနေ ထိန်းသိမ်းရမှာလို့ ဆိုပါတယ်။
အဲဒီငြိမ်းချမ်းတည်ငြိမ်ရေးဟာ ၂ နိုင်ငံစလုံးရဲ့ ဘုံအကျိုးစီးပွား ဖြစ်တာကြောင့် ကျွန်းဆွယ်မှာ ငြိမ်းချမ်းစွာ အတူယှဉ်တွဲနေထိုင်နိုင်မဲ့ ခေတ်ကာလတခု ဖော်ဆောင်နိုင်ဖို့ အတူတကွ ပူးပေါင်းဆောင်ရွက်သွားဖို့ မျှော်လင့်ထားတယ်လို့ သီးခြားတွေ့ဆုံချိန်အတွင်းမှာ သမ္မတ အီဂျယ်မြောင်က တရုတ်သမ္မတ ရှီကျင့်ဖျင်ကို ပြောကြားခဲ့တာပါ။
တရုတ်သမ္မတ ရှီကျင့်ဖျင်ကလည်း မျှတပြီး ကျိုးကြောင်းဆီလျော်တဲ့ ကမ္ဘာလုံးဆိုင်ရာ စီမံခန့်ခွဲမှုစနစ်ကို မြှင့်တင်နိုင်ဖို့အတွက် ကမ္ဘာလုံးဆိုင်ရာ ကုန်ထုတ်လုပ်မှုနဲ့ ထောက်ပံ့ရေး ကွင်းဆက်တွေ တည်ငြိမ်ချောမွေ့စွာ လည်ပတ်နိုင်ရေး တောင်ကိုရီးယားနဲ့ ဆက်သွယ် ပူးပေါင်းဆောင်ရွက်မှုတွေ တိုးမြှင့်လုပ်ဆောင်သွားဖို့ တရုတ်နိုင်ငံဘက်က အသင့်ရှိနေကြောင်း ပြောပါတယ်။
အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ပ်က သူ့ရဲ့ အာရှခရီးစဉ်အတွင်း မြောက်ကိုရီးယားခေါင်းဆောင် ကင်မ်ဂျုံအန်းနဲ့ တွေ့ဆုံနိုင်ခြေရှိကြောင်း အရိပ်အမြွက် ပြောဆိုထားပေမဲ့ အတည်မပြုရသေးပါဘူး။
တရုတ်ဘက်ကလည်း ဖြစ်လာနိုင်ခြေရှိတဲ့ အဲဒီတွေ့ဆုံမှုနဲ့ ပတ်သက်ပြီး သူတို့အနေနဲ့ ဘာသတင်းအချက်အလက်မှ မသိရှိထားကြောင်း ပြောဆိုထားပါတယ်။
Source: Reuters











