
Nvidia ရဲ့ အာရှ-ပစိဖိတ် မိတ်ဖက်ဖြစ်တဲ့ စင်ကာပူအခြေစိုက် cloud-computing ကုမ္ပဏီ Megaspeed အပေါ် ရာဇဝတ်မှုဆိုင်ရာ စုံစမ်းစစ်ဆေးမှုကို တရားရေးဝန်ကြီးဌာန (DOJ) က ဦးဆောင်ကိုင်တွယ်နေပြီး ကျူးလွန်ခဲ့တဲ့ ပြစ်မှုတွေအတွက် ဥပဒေအရ အပြင်းထန်ဆုံး အရေးယူ သွားမယ်လို့ အမေရိကန် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနနဲ့ တရားရေးဝန်ကြီးဌာနတို့က နိုဝင်ဘာ ၁၆ ရက်မှာ ပူးတွဲထုတ်ပြန်လိုက်ပါတယ်။
ပုံမှန်အားဖြင့် စစ်ဆေးဆဲအမှုတွေကို မှတ်ချက်ပေးတာ မရှိပေမဲ့ အများပြည်သူကြား ပျံ့နှံ့နေတဲ့ သတင်းအမှားတွေကို ဖြေရှင်းဖို့နဲ့ အချက်အလက်အမှန်တွေကို သိရှိစေဖို့အတွက် အခုလို ထုတ်ပြန်ရတာဖြစ်ကြောင်း ဝန်ကြီးဌာန ၂ ခုက ဆိုပါတယ်။
အရေးကြီးတဲ့ ဆီမီးကွန်ဒတ်တာ ပစ္စည်းတွေ တခြားကို လမ်းကြောင်းလွှဲ ရောက်ရှိသွားနိုင်ခြေကို ကြိုတင် စာင့်ကြည့်စစ်ဆေးရာကနေ သံသယဖြစ်စရာ လှုပ်ရှားမှုတွေကို တွေ့ရှိခဲ့ပြီးနောက် ပို့ကုန် ထိန်းချုပ်မှု စည်းမျဉ်းတွေကို ချိုးဖောက်မှု ရှိ၊ မရှိ စစ်ဆေးဖို့ ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနက Megaspeed ကို ၂၀၂၄ ခုနှစ်ကတည်းက စတင်စုံစမ်းစစ်ဆေးခဲ့တာပါ။
အဲဒီနောက် ၂၀၂၅ ခုနှစ် မေလမှာ ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန စုံစမ်းစစ်ဆေးရေးမှူးတွေက Megaspeed ဆီ တိုက်ရိုက် ဒါမှမဟုတ် သွယ်ဝိုက်ရောင်းချထားတဲ့ မှတ်တမ်းတွေကို Nvidia ဆီကနေ တောင်းခံခဲ့ပြီး ဇွန်လမှာတော့ Nvidia က Megaspeed ကို သူတို့ရဲ့ "မရောင်းချရ" (no-sell) စာရင်းထဲ ထည့်သွင်းခဲ့ပါတယ်။
တဆက်တည်းမှာပဲ ၂၀၂၅ ခုနှစ် ဇွန်လထဲမှာ ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနရဲ့ စက်မှုနှင့် လုံခြုံရေးဗျူရို (BIS) က အေးဂျင့်တွေဟာ စင်ကာပူ တရားဥပဒေစိုးမိုးရေး အရာရှိတွေနဲ့ ပူးပေါင်းပြီး Megaspeed ကုမ္ပဏီဆီ ကိုယ်တိုင်သွားရောက် ကွင်းဆင်းစစ်ဆေးခဲ့သလို အဲလစ်ဟွမ် ကိုလည်း လူကိုယ်တိုင် တွေ့ဆုံစစ်ဆေးမေးမြန်းခဲ့တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
အဲဒီစစ်ဆေးမှုအပြီးမှာ တရားရေးဝန်ကြီးဌာနက ရာဇဝတ်မှုဆိုင်ရာ စုံစမ်းစစ်ဆေးမှုအဖြစ် လွှဲပြောင်း ဦးဆောင်ခဲ့တာ ဖြစ်ပါတယ်။
Nvidia ရဲ့ အမှုဆောင်အရာရှိချုပ်ဟောင်း ဂျန်ဆန်ဟွမ်ဟာ Megaspeed ရဲ့ အဆင့်မြင့် အရာရှိဟောင်းတယောက်ဖြစ်တဲ့ တရုတ်စီးပွားရေးလုပ်ငန်းရှင် အမျိုးသမီး အဲလစ်ဟွမ်နဲ့ လူမှုရေး ဖောက်ပြန်မှု ရှိခဲ့တယ်ဆိုတဲ့ သတင်းတွေ ထွက်ပေါ်လာပြီးနောက်ပိုင်း Megaspeed ဟာ စောင့်ကြည့်စစ်ဆေးခံရတဲ့ အခြေအနေကို ရောက်လာတာပါ။
အဲလစ်ဟွမ်ဟာ တရုတ်သူလျှိုလုပ်ငန်းတွေနဲ့ ဆက်နွှယ်မှုရှိနိုင်တယ်လို့ အမေရိကန် အာဏာပိုင် တချို့က သံသယရှိနေကြပါတယ်။
ဂျန်ဆန်ဟွမ်ဟာ နိုဝင်ဘာ ၁၂ ရက်မှာ Nvidia ကနေ နုတ်ထွက်သွားခဲ့ပြီး အဲလစ်ဟွမ် ဆီကနေ မှတ်ချက်ရယူဖို့ ရိုက်တာသတင်းဌာနက ဆက်သွယ်ခဲ့ပေမဲ့ အဆက်အသွယ် မရသေးသလို၊ ရုံးချိန် ပြင်ပ ဖြစ်နေတာကြောင့် Nvidia ဆီကနေ မှတ်ချက်တောင်းခံမှုအပေါ်လည်း ချက်ချင်း တုံ့ပြန် ဖြေကြားတာမျိုး မရှိသေးပါဘူး။
Source: Reuters











