
နိုင်ဂျီးရီးယားနိုင်ငံ၊ လာဂို့စ် အပြည်ပြည်ဆိုင်ရာလေဆိပ်မှာ စွန့်ပစ်ထားတဲ့ ခရီးဆောင်အိတ် ၂ လုံးထဲကနေ ဆေးခြောက် ၃၃ ဒသမ ၉၅ ကီလိုဂရမ်ကို တာဝန်ရှိသူတွေက ရှာဖွေတွေ့ရှိခဲ့ပြီးနောက် ထိုင်းနိုင်ငံမှာ ပရော်ဖက်ရှင်နယ် ဘတ်စကက်ဘော ကစားနေတဲ့ အမေရိကန်နိုင်ငံသားတယောက်ကို ဖမ်းဆီးရမိခဲ့တယ်လို့ နိုင်ဂျီးရီးယား မူးယစ်ဆေးဝါးတိုက်ဖျက်ရေးအေဂျင်စီက ပြောပါတယ်။
သံသယရှိသူဟာ အမေရိကန်ပြည်ထောင်စု၊ ဂျော်ဂျီယာပြည်နယ်၊ ဆာဗန်နာမြို့က အသက် ၂၈ နှစ်အရွယ် ဂရင်းဒါမွန်တေး ခိုင်ရီး ဖြစ်ပြီး သူဟာ နိုဝင်ဘာ ၁၁ ရက်က ထိုင်းနိုင်ငံကနေ ဒူဘိုင်းမြို့ကတဆင့် အဲမရိတ် လေကြောင်းလိုင်းနဲ့ မာတာလာမိုဟာမက် အပြည်ပြည်ဆိုင်ရာ လေဆိပ်ကို ရောက်ရှိလာခဲ့တာပါ။
နိုင်ဂျီးရီးယား အမျိုးသားမူးယစ်ဆေးဝါး ဥပဒေစိုးမိုးရေး အေဂျင်စီ (NDLEA) ရဲ့ အဆိုအရ တာဝန်ရှိသူတွေဟာ သူ့ကို စောင့်ကြည့်နေခဲ့ကြရာကနေ သူ့နာမည်ပါ ကတ်ပြားတပ်ထားတဲ့ ခရီးဆောင်အိတ် ၂ လုံးကို ထားခဲ့ပြီးနောက် လေဆိပ်ကားရပ်နားရာ နေရာမှာ ဖမ်းဆီးရမိခဲ့တာ ဖြစ်ပါတယ်။
အဲဒီအိတ်တွေထဲမှာ ဆေးခြောက်ထုပ် ၃၂ ထုပ်နဲ့ ခြေရာခံစက်တခု ပါရှိတယ်လို့ အေဂျင်စီက ပြောပါတယ်။
သံသယရှိသူကတော့ သူဟာ ၂၀၂၅ ခုနှစ် အောက်တိုဘာလကတည်းက ထိုင်းနိုင်ငံမှာ နေထိုင်ပြီး ပရော်ဖက်ရှင်နယ် ဘတ်စကက်ဘော ကစားနေတာ ဖြစ်ကြောင်းနဲ့ နိုင်ဂျီးရီးယားနိုင်ငံကို အားလပ်ရက် အပန်းဖြေခရီး လာရောက်တာဖြစ်ကြောင်း တာဝန်ရှိသူတွေကို ပြောကြားခဲ့တယ်လို့ NDLEA က ဆိုပါတယ်။
ဒါပေမဲ့ သူ့ရဲ့ မိုဘိုင်းဖုန်းကို မှုခင်းဆိုင်ရာ နည်းပညာနဲ့ စစ်ဆေးကြည့်လိုက်တာမှာ သူနဲ့ အခုမူးယစ်ဆေးဝါးတင်ပို့မှုတို့ ဆက်စပ်နေကြောင်း ဖော်ပြတဲ့ အချက်အလက်တွေကို တွေ့ရှိခဲ့ရတယ်လို့ NDLEA က ထပ်လောင်း ပြောကြားထားပါတယ်။
Source: Reuters











