ယူကရိန်းနိုင်ငံက ဒွန်ဘတ်စ်ဒေသကနေ ဆုတ်ခွာပေးမယ်ဆိုရင် မြောက်အတ္တလန္တိတ် စစ်ရေးမဟာမိတ်အဖွဲ့ (NATO) မှာ အဖွဲ့ဝင်အဖြစ် ဝင်ရောက်ခွင့်ရနိုင်တယ်လို့ အမေရိကန်က အကြံပြုထားတဲ့အကြောင်း ယူကရိန်းသမ္မတ ဇလန်းစကီးက ပြောခဲ့တယ်လို့ မီဒီယာသတင်းတွေက ဖော်ပြထားပါတယ်။
ယူကရိန်းသာ NATO အဖွဲ့ဝင်ဖြစ်လာမယ်ဆိုရင် ဒွန်ဘတ်စ်ဒေသကနေ ဆုတ်ခွာပေးမှာလား ဆိုတဲ့ မေးခွန်းတခုကို အမေရိကန်ဘက်က မေးမြန်းလာပါတယ်။
ဒီလိုမေးခွန်းမျိုး ပေါ်လာတာ ဒါ ပထမဆုံးအကြိမ်ပါပဲလို့ ဇလန်းစကီးက စနေနေ့မှာ သူ့ရုံးက ထုတ်ပြန်တဲ့ မှတ်ချက်စကားတွေအတွင်း သတင်းထောက်တွေကို ပြောပါတယ်။
ယူကရိန်းအနေနဲ့ နောက်ဆုတ်သွားမှာ မဟုတ်သလို နယ်မြေတွေကိုလည်း လက်လွှတ်ပေးမှာ မဟုတ်ဘူးလို့ ဇလန်းစကီးက ထပ်အတည်ပြုပြော ပါတယ်။
ငြိမ်းချမ်းရေး ဆွေးနွေးပွဲတွေအတွင်း ကမ်းလှမ်းနိုင်မဲ့ ဘက်စုံလုံခြုံရေးဆိုင်ရာ အစီအစဉ်တခု နဲ့ပတ်သက်ပြီး ယူကရိန်းက မိတ်ဖက်နိုင်ငံတွေနဲ့ ဆွေးနွေးနေတယ်လို့လည်း သူက ပြောပါတယ်။
ဒီအစီအစဉ်ထဲမှာ NATO နဲ့ ဥရောပသမဂ္ဂ (EU) တို့ကပေးမဲ့ တိကျတဲ့ လုံခြုံရေး အာမခံချက်တွေ၊ လုံလောက်တဲ့ လူအင်အားနဲ့ လက်နက်ခဲယမ်းတွေ တပ်ဆင်ထားတဲ့ ခိုင်မာတောင့်တင်းတဲ့ တပ်မတော်၊ သတ်မှတ် ကာလတခုအထိ ဘဏ္ဍာရေး အထောက်အပံ့တွေနဲ့ ရှင်းလင်းတိကျတဲ့ ရင်းမြစ်တွေက ရန်ပုံငွေတွေ ပါတယ်လို့ ဇလန်းစကီးက ပြောပါတယ်။
ရုရှား၊ အမေရိကန်နဲ့ ယူကရိန်းတို့ ပါတဲ့ ၃ ပွင့်ဆိုင် ဆွေးနွေးပွဲတွေဟာ အာရပ် စော်ဘွားများပြည်ထောင်စု (UAE) နိုင်ငံရဲ့ မြို့တော် အဘူဒါဘီမှာ ဗုဒ္ဓဟူးနေ့က ပြီးဆုံးသွားတာပါ။
ဒါပေမဲ့ အပစ်အခတ်ရပ်စဲရေး၊ နယ်မြေအငြင်းပွားမှုတွေ၊ ရေရှည်လုံခြုံရေး အာမခံချက်တွေနဲ့ ပတ်သက်ပြီး ဘယ်သဘော တူညီချက်ကိုမှ ထုတ်ပြန်ကြေညာတာ မရှိခဲ့ပါဘူး။
ကြာသပတေးနေ့မှာ အမေရိကန်ကိုယ်စားလှယ် ဂျရဒ်ကုရှ်နာက လူမှုကွန်ရက်စာမျက်နှာမှာ ရေးသားဖော်ပြချက်တခုထဲမှာ ရုရှားနဲ့ ယူကရိန်းတို့ နောက်တကြိမ် ဆွေးနွေးပွဲမှာ ဥရောပ မိတ်ဖက်နိုင်ငံတွေပါ ထည့်သွင်းတက်ရောက်စေဖို့ သဘောတူခဲ့တယ်လို့ ပြောထားပါတယ်။
ဒါဟာ နယ်မြေဆိုင်ရာ ကိစ္စရပ်တွေနဲ့အတူ စစ်ပွဲအပြီး ဥရောပလုံခြုံရေးဆိုင်ရာ စီစဉ်ဆောင်ရွက်ချက်တွေကို ပိုကျယ်ကျယ်ပြန့်ပြန့် ဆွေးနွေးနိုင်မယ်လို့လည်း သူက ပြောပါတယ်။
Source: Reuters











