DVB Logo
Home
နိုင်ငံတကာ
ရပ်ထားခဲ့ရသည့် လေကြောင်းခရီးစဉ်များ ပုံမှန်ပြန်လည်ပတ်နေပြီဟု အမေရိကန်ဝန်ကြီး ပြော
DVB
·
November 15, 2026
Photo: Reuters
Photo: Reuters
Donate to DVB

အမေရိကန်နိုင်ငံတဝန်း အဓိက ပြည်တွင်းလေကြောင်းလိုင်းတွေဟာ ခရီးစဉ်ပေါင်း ၄,၀၀၀ ကျော်ကို နိုဝင်ဘာ ၁၄ ရက်က ဖျက်သိမ်းခဲ့ရပြီး နောက်ထပ် ခရီးစဉ် ၃,၀၀၀ ကျော်လည်း နှောင့်နှေးကြန့်ကြာခဲ့ပါတယ်။

၂၀၀၁ ခုနှစ်၊ စက်တင်ဘာ ၁၁ ရက် တိုက်ခိုက်မှုတွေနောက်ပိုင်း နိုင်ငံတဝန်း လေကြောင်းခရီးစဉ်တွေ အရှည်ကြာဆုံး ရပ်တန့်သွားအပြီး ပြန်နာလန်ထူဖို့ ကြိုးပမ်းခဲ့ရတာပါ။

သောကြာနေ့က ဆက်သွယ်ရေးစနစ် ကြီးကြီးမားမား ချို့ယွင်းမှုကြောင့် အမေရိကန် ပြည်ထောင်စု လေကြောင်းဦးစီးဌာန (FAA) က နိုင်ငံတဝန်း လေယာဉ်ထွက်ခွာမှု အားလုံးနီးပါးကို ၅ နာရီနီးပါးကြာ ရပ်တန့်ခဲ့ရတာပါ။ 

ဒီဖြစ်ရပ်ကြောင့် လေကြောင်းလိုင်းတွေဟာ ခရီးစဉ်ပေါင်း ၁၀,၀၀၀ နီးပါးကို ဖျက်သိမ်းခဲ့ရပြီး ခရီးစဉ်ပေါင်း ၇,၀၀၀ ကျော်ကို နှောင့်နှေးခဲ့ရလို့ အမေရိကန်သမိုင်းမှာ ခရီးသွားမှုဆိုင်ရာ အဆိုးဆုံးနေ့တွေထဲက တနေ့ဖြစ်ခဲ့ပါတယ်။

အမေရိကန် သယ်ယူပို့ဆောင်ရေး ဝန်ကြီးရှောင်ဒပ်ဖီက "ကျနော်တို့အနေနဲ့ ဘာကြောင့် ဒီလိုဖြစ်ရလဲဆိုတာကို စိစစ်နေပါတယ်။ အသုံးပြုသူဘက်က အမှားလား၊ L3Harris ကုမ္ပဏီက တပ်ဆင်ပေးသူတွေဘက်က အမှားလား၊ ဒါမှမဟုတ် သူတို့တပ်ဆင်ပေးလိုက်တဲ့ (ကွန်ရက်ချိတ်ဆက်ကိရိယာ) မှာပဲ ချို့ယွင်းချက်ရှိနေတာလား ဆိုတာကို စိစစ်နေပါတယ်။ အမှားအယွင်းက ဘာလဲဆိုတာကိုတော့ အတိအကျ မသိရသေးပါဘူး" လို့ သတင်းစာရှင်းလင်းပွဲမှာ ပြောပါတယ်။ 

သောကြာနေ့က ပြဿနာဟာ အမေရိကန်လေကြောင်းသွားလာမှု ထိန်းချုပ်ရေးစနစ် ကြုံတွေ့နေရတဲ့ ဖိအားတွေနဲ့ ပတ်သက်ပြီး နောက်ဆုံးနဲ့ အထင်ရှားဆုံး သာဓကတခုပါ။ 

စနစ်ဟာ နည်းပညာနဲ့ စက်ကိရိယာတွေ ဟောင်းနွမ်းနေခြင်း၊ ဆက်သွယ်ရေးဆိုင်ရာ ပြဿနာတွေ ရှိနေခြင်းနဲ့ လေကြောင်းထိန်းချုပ်ရေး ဝန်ထမ်းဦးရေ ထောင်ချီ လိုအပ်နေခြင်း စတဲ့ အခက်အခဲတွေနဲ့ ရင်ဆိုင်နေရပါတယ်။

လေကြောင်းသွားလာမှု ထိန်းချုပ်ရေးစနစ်တွေကို အဆင့်မြှင့်တင်ဖို့ ရန်ပုံငွေ ဒေါ်လာ ၅၀ ဘီလီယံ လိုတယ်လို့ ရှောင်ဒပ်ဖီက သောကြာနေ့မှာ တောင်းဆိုခဲ့ပြီး ဒါဟာအရင်က တောင်းဆိုထားခဲ့တဲ့ ဒေါ်လာ ၃၀ ဘီလီယံထက် ပိုများတဲ့ ပမာဏပါ။ 

လက်ငင်းဖြစ်ခဲ့တဲ့ ပြဿနာကို ဖြေရှင်းပြီးဖြစ်သလို လေကြောင်းခရီးစဉ်တွေလည်း ဘေးကင်းလုံခြုံတယ်လို့ ဒပ်ဖီက ပြောပါတယ်။

အလားတူ ချို့ယွင်းချက်မျိုး ထပ်မဖြစ်စေဖို့ လေကြောင်းသွားလာမှု ထိန်းချုပ်ရေးစနစ်တခုလုံးကို ကျယ်ကျယ်ပြန့်ပြန့် ပြုပြင်မွမ်းမံဖို့ လိုတယ်လို့လည်း သူက သတိပေးပြောပါတယ်။ 

Source: Reuters 

Support DVB
Live
DVB Donate
မြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013