
အမေရိကန် ဖက်ဒရယ်လေကြောင်းစီမံခန့်ခွဲရေးဌာန (FAA) က အရှေ့ပိုင်းစံတော်ချိန် ည ၈ နာရီ ၁၅ မိနစ်မှာ အမေရိကန် လေပိုင်နက်ကို ပြန်လည်ဖွင့်လှစ်ပေးခဲ့ပြီး မိုင်ယာမီ အပြည်ပြည်ဆိုင်ရာလေဆိပ် အပါအဝင် လေဆိပ်တွေမှာ လေယာဉ်တွေ ပြန်လည် လှုပ်ရှားသွားလာနေပြီ ဖြစ်ပါတယ်။
ဒါပေမဲ့ လေကြောင်းလိုင်းတွေ ပုံမှန်လုပ်ငန်းလည်ပတ်မှု ပြန်စနိုင်ဖို့နဲ့ နေ့လယ်ပိုင်းက ဖြစ်ပေါ်ခဲ့တဲ့ ခရီးသွားလာရေး ရှုပ်ထွေးမှုတွေ ပြေလည်သွားဖို့ အချိန်ယူရဦးမယ်လို့ ဒပ်ဖီက သတိပေးပါတယ်။
ဒီဖြစ်ရပ်ဟာ ၂၀၀၁ ခုနှစ် စက်တင်ဘာ ၁၁ ရက် အယ်ကိုင်းဒါးအကြမ်းဖက် တိုက်ခိုက်မှု နောက်ပိုင်း နိုင်ငံတဝန်း အကြာမြင့်ဆုံးနဲ့ ဒုတိယအကြိမ်မြောက် လေကြောင်းပိတ်ချမှု ဖြစ်လာခဲ့ပါတယ်။
အခုလို လေကြောင်းခရီးစဉ်တွေ ၄ နာရီကြာ ရပ်နားသွားခဲ့ရမှုကြောင့် လေယာဉ်ခရီးစဉ်ပေါင်း ၆,၆၀၀ ကျော် ဖျက်သိမ်းခဲ့ရပြီး ၈,၆၀၀ ကျော် နှောင့်နှေးကြန့်ကြာခဲ့ကာ တနင်္ဂနွေနေ့အတွက်လည်း နောက်ထပ် ခရီးစဉ် ၁,၅၀၀ ကို ကြိုတင်ဖျက်သိမ်းထားရပါတယ်။
၄ နာရီကြာ တနိုင်ငံလုံး လေယာဉ်ရပ်နားလိုက်ရမှုကြောင့် လေကြောင်းလိုင်းတွေရဲ့ အချိန်ဇယားတွေ ရက်ပေါင်းများစွာ အနှောင့်အယှက် ဖြစ်သွားနိုင်တယ်လို့ လေကြောင်းဆိုင်ရာ ကျွမ်းကျင်သူတွေက ပြောပါတယ်။
အမေရိကန်နိုင်ငံရဲ့ သက်တမ်းရင့် လေကြောင်းထိန်းချုပ်မှုစနစ်အတွင်းရှိ ကွန်ရက်လမ်းကြောင်းပေးစက်တွေ (Routers) ဝန်ပိသွားတာကြောင့် အချက်အလက် ကွဲလွဲမှုတွေ ဖြစ်ပေါ်ခဲ့လို့ အန္တရာယ်ကင်းရှင်းရေးအတွက် ကြိုတင်ကာကွယ်တဲ့အနေနဲ့ တာဝန်ရှိသူတွေက စနစ်ကို ပိတ်ချခဲ့ရပါတယ်။
ဒီအကျပ်အတည်းကို သမ္မတ ဒေါ်နယ်ထရမ့်ပ်ကိုယ်တိုင် အပြည့်အဝ အနီးကပ် စောင့်ကြည့်ကိုင်တွယ်နေတယ်လို့ အမေရိကန် သယ်ယူပို့ဆောင်ရေးဝန်ကြီး ရှောင်ဒပ်ဖီက နိုဝင်ဘာ ၁၃ ရက်မှာ ပြောပါတယ်။
အိမ်ဖြူတော်မှာ အမိမြေလုံခြုံရေးဝန်ကြီး မာ့ခ်ဝိန်းမူလင်နဲ့အတူ ရှိနေချိန်မှာ ဒပ်ဖီက သက်တမ်းရင့် အန်နာလော့ဂ် နည်းပညာတွေကို အဆင့်မြှင့်တင်ဖို့အတွက် ကွန်ဂရက်လွှတ်တော်ဆီ အရေးပေါ်ရန်ပုံငွေ ဒေါ်လာ ဘီလီယံ ၅၀ တောင်းခံခဲ့ပါတယ်။
ဆိုက်ဘာတိုက်ခိုက်ခံရတာ ဒါမှမဟုတ် ဉာဏ်ရည်တု (AI) နည်းပညာသုံးပြီး ဝင်ရောက်နှောင့်ယှက်ခံရတာမျိုး လုံးဝ အထောက်အထား မရှိဘူးလို့ ဝန်ကြီး မူလင်က သတင်းထောက်တွေကိုပြောခဲ့ပါတယ်။
အခုဖြစ်ရပ်ဟာ စက်ပိုင်းဆိုင်ရာ ချို့ယွင်းချက်ကြောင့် ဖြစ်ပေါ်လာတာဖြစ်ကာ လူ့အသက်နဲ့ လေယာဉ်ခရီးစဉ်တွေအပေါ် ဘယ်တုန်းကမှ အန္တရာယ် မကျရောက်ခဲ့ဘူးလို့ ဆိုပါတယ်။
မူလင်က "ပြည်သူတွေအနေနဲ့ စိုးရိမ်ပူပန်နေစရာ ဒါမှမဟုတ် ကိုယ့်ချစ်ခင်ရသူတွေအတွက် ကြောက်ရွံ့နေစရာ အကြောင်းမရှိပါဘူး။ ဒါဟာ နောက်ထပ် 9/11 လို အကြမ်းဖက် တိုက်ခိုက်မှုမျိုး မဟုတ်ပါဘူး" လို့ ပြောပါတယ်။
အခုချို့ယွင်းမှုဟာ သက်တမ်းရင့် နည်းပညာတွေ၊ စက်ကိရိယာနဲ့ ဆက်သွယ်ရေးဆိုင်ရာ ပြဿနာတွေအပြင် လေကြောင်းထိန်းချုပ်ရေး ဝန်ထမ်း ထောင်ပေါင်းများစွာ လိုအပ်နေတဲ့ အခက်အခဲတွေနဲ့ ရင်ဆိုင်နေရတဲ့ အမေရိကန် လေကြောင်းထိန်းချုပ်ရေးစနစ်အပေါ် ဖိအားတွေ များနေတာကို ပြသနေတဲ့ နောက်ဆုံးနဲ့ အထင်ရှားဆုံး သာဓကတခုလည်း ဖြစ်ပါတယ်။











