အီရန်တိုက်ခိုက်မှုကြောင့် ဘာရိန်း စက်မှုလုပ်ငန်းဆိုင်ရာနေရာ ၁ ခု မီးလောင်

အီရန်ရဲ့ တိုက်ခိုက်မှုကြောင့် ဘာရိန်းနိုင်ငံမှာ အရပ်ဘက်စက်မှုလုပ်ငန်းဆိုင်ရာ နေရာတခု မီးလောင်ခဲ့ပေမဲ့ ထိခိုက်ဒဏ်ရာရသူ မရှိဘူးလို့ ဘာရိန်းအစိုးရက နိုဝင်ဘာ ၂၁ ရက်မှာ ပြောပါတယ်။
တချိန်တည်းမှာ အီရန် တော်လှန်ရေးအစောင့်တပ်က အမေရိကန်ရေတပ် အမှတ် ၅ ရေတပ်အုပ်စု အခြေစိုက်ရာ ဘာရိန်းနိုင်ငံအတွင်း အမေရိကန်စစ်စခန်းတွေကို ဒုံးကျည်တွေ၊ ဒရုန်းတွေနဲ့ တိုက်ခိုက်ခဲ့တယ်လို့ ထုတ်ပြန်ပြောပါတယ်။
စီထရာဒေသက အဆောက်အအုံတခု မီးလောင်ကျွမ်းနေပုံကို မျက်မြင်သက်သေတယောက် ရိုက်ကူးထားတဲ့ ဗီဒီယိုထဲမှာ တွေ့ရပါတယ်။
ဒီနေရာက မှတ်တမ်းပုံတွေ၊ ဂြိုဟ်တုဓာတ်ပုံတွေမှာပါတဲ့ လမ်းပုံစံ၊ ခြံစည်းရိုး၊ နံရံ၊ အဆောက်အအုံတွေနဲ့ ကိုက်ညီနေလို့ ရိုက်တာသတင်းဌာနက အတည်ပြုနိုင်ခဲ့ပါတယ်။
နိုဝင်ဘာ ၂၁ ရက်မှာ အရပ်ဘက်ဆိုင်ရာ နေရာတခု တိုက်ခိုက်ခံရပြီးတဲ့နောက် မီးလောင်ခဲ့တယ်လို့ ဘာရိန်း ပြည်ထဲရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်ထားလို့ ဗီဒီယိုရိုက်ကူးခဲ့တဲ့ ရက်စွဲကို အတည်ပြုနိုင်ခဲ့ပါတယ်။
နိုဝင်ဘာ ၂၁ ရက် မတိုင်မီက အွန်လိုင်းမှာ ဒီဗီဒီယိုနဲ့ ပတ်သက်တဲ့ တခြားဗားရှင်းဟောင်းတွေ တင်ထားတာ မတွေ့ရပါဘူး။
ဘာရိန်းပြည်ထဲရေးဝန်ကြီးဌာနက အစပိုင်းမှာ ခြိမ်းခြောက်မှုတခု ဖြစ်လာနိုင်ခြေရှိလို့ ဒေသခံတွေ အနီးဆုံး ဘေးကင်းရာနေရာဆီ ရွှေ့ပြောင်းကြဖို့ သတိပေးချက် ထုတ်ပြန်ခဲ့ပေမဲ့ အသေးစိတ် အချက်အလက်တွေကိုတော့ မပေးခဲ့ပါဘူး။
နောက်ပိုင်းမှာ အန္တရာယ်ကင်းရှင်းကြောင်း ကြေညာခဲ့ပြီးမှ ထပ်ပြီး သတိပေးချက်တခု ထုတ်ပြန်ခဲ့ပါတယ်။
အဲဒီနောက် ဘာရိန်းကာကွယ်ရေးတပ်ဖွဲ့က လေကြောင်းကာကွယ်ရေးစနစ်တွေနဲ့ အီရန်ဘက်ကနေ လေကြောင်းတိုက်ခိုက်မှု အများအပြားကို ကြားဖြတ်ဟန့်တားနိုင်ခဲ့တယ်လို့ ပြောပါတယ်။
ကြားဖြတ်ဟန့်တားမှုတွေကြောင့် လွင့်ထွက်လာတဲ့ အစိတ်အပိုင်းတွေကြောင့် ပစ္စည်းဥစ္စာတွေ ပျက်စီးဆုံးရှုံးခဲ့ပေမဲ့ လူထိခိုက်သေဆုံးမှု မရှိဘဲ အီရန်အစိုးရက ဘာရိန်းနိုင်ငံအပေါ် “စနစ်တကျ ရန်လိုတဲ့ ချဉ်းကပ်မှု” ကို ဆက်လုပ်နေတယ်လို့လည်း ပြောပါတယ်။
အီရန် လေကြောင်းနဲ့ အာကာသတပ်ဖွဲ့တွေက အယ်လ်ရစ်ဖ်ှာနဲ့ အဝါလီစခန်းတွေက အမေရိကန် တပ်စခန်းတွေကို ဒုံးကျည်တွေ၊ ဒရုန်းတွေနဲ့ ပူးတွဲတိုက်ခိုက်ခဲ့တယ်လို့ အီရန်တော်လှန်ရေး အစောင့်တပ်ဖွဲ့က အီရန်နိုင်ငံပိုင် သတင်းဌာန IRNA ကတဆင့် သတင်းထုတ်ပြန်ခဲ့ပါတယ်။
Source: Reuters











