အီရန်အပေါ် ချမှတ်ထားသည့် ပိတ်ဆို့မှုကို ချိုးဖောက်ရန် ကြိုးပမ်းသည့် သင်္ဘောကို အမေရိကန် ဟန့်တား

အီရန်အပေါ် ချမှတ်ထားတဲ့ ဒဏ်ခတ်ပိတ်ဆို့မှုကို ကျော်ဖြတ်ဖို့ ကြိုးပမ်းခဲ့တဲ့ ကုန်တင် သင်္ဘော တစင်းကို နိုဝင်ဘာ ၂၆ ရက်က ဟန့်တားဖျက်ဆီးခဲ့ကြောင်း အမေရိကန်စစ်တပ်က နိုဝင်ဘာ ၂၇ ရက်မှာ ထုတ်ဖော်ပြောကြားခဲ့ပြီး အဲဒီဖြစ်စဉ်နဲ့ ပတ်သက်တဲ့ ဗီဒီယိုဖိုင်ကိုလည်း ထုတ်ပြန်ခဲ့ပါတယ်။
အီရန်နိုင်ငံ ဘန်ဒါအက်ဘာ့စ်ဆိပ်ကမ်းမြို့ကနေ ထွက်ခွာလာတဲ့ ပလောင်းနိုင်ငံအလံတင် အမ်ဗွီ ပစိဖိတ် အာချာသင်္ဘောရဲ့ ပဲ့ပိုင်းကို အိုမန်ပင်လယ်ကွေ့အတွင်း စစ်လေယာဉ်တွေက ပစ်မှတ် တိကျတဲ့ လက်နက်တွေနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း အမေရိကန် ဗဟိုကွပ်ကဲမှုဌာနချုပ်က ထုတ်ပြန် ပါတယ်။
ဒီတိုက်ခိုက်မှုကြောင့် သင်္ဘောရဲ့ ရွေ့လျားမောင်းနှင်မှုစနစ် ပျက်စီးသွားခဲ့ပေမဲ့ သင်္ဘောပေါ်ပါ အရပ်သား ဝန်ထမ်းတွေကတော့ ထိခိုက်ဒဏ်ရာရတာ မရှိခဲ့ပါဘူး။
သောကြာနေ့မှာပဲ အီရန်နိုင်ငံရဲ့ အမြင့်ဆုံးခေါင်းဆောင်ရဲ့ အကြံပေးပုဂ္ဂိုလ်တယောက်က ဟော်မုဇ် ရေလက်ကြားကို ဆက်ပိတ်ထားမှာဖြစ်ပြီး မိမိတို့အပေါ် ချမှတ်ထားတဲ့ ပိတ်ဆို့မှုတွေကို ချိုးဖျက် သွားမယ်လို့ ပြောပါတယ်။
အီရန်နိုင်ငံပိုင် မီဒီယာတွေရဲ့ ဖော်ပြချက်အရ အမြင့်ဆုံးခေါင်းဆောင် အယာတိုလာ မို့ဂျ်တာဘာ ခါမေနီရဲ့ အကြံပေး မိုဟာမက် မော့ခ်ဘာက ဟော်မုဇ်ရေလက်ကြားကို ပြန်ဖွင့်ပေးမှာ မဟုတ်သလို ဒီပိတ်ဆို့မှုကိုလည်း ဆက်ရှိနေခွင့် ပြုမှာမဟုတ်ဘူးလို့ ပြောကြားခဲ့ကြောင်း အီရန်နိုင်ငံပိုင် မီဒီယာ တွေက ဖော်ပြပါတယ်။
ဒါပေမဲ့ ပိတ်ဆို့မှုတွေကို ချိုးဖျက်မဲ့ အီရန်ရဲ့ အစီအစဉ် အသေးစိတ်ကိုတော့ မော့ခ်ဘာက ထုတ်ဖော် ပြောဆိုခဲ့ခြင်း မရှိပါဘူး။
အမေရိကန်ဟာ ဇူလိုင်လအတွင်းက အီရန်ဆိပ်ကမ်းတွေအပေါ် ရေကြောင်းပိတ်ဆို့မှုတွေ ပြန်လည်ချမှတ်ခဲ့ပြီး ဒီလအစောပိုင်းမှာလည်း အီရန်နိုင်ငံရဲ့ ကုန်းမြေနယ်စပ်တွေနဲ့ ကက်စပီယံ ပင်လယ် တလျှောက် လက်နက်တွေနဲ့ ပိတ်ဆို့အရေးယူခံထားရတဲ့ ပစ္စည်းတွေ သယ်ယူပို့ဆောင်မှု ကို ကန့်သတ်ဖို့ အိုင်းယွန်းဂိတ် အထူးတပ်ဖွဲ့ကို ဖွဲ့စည်းကြောင်း ကြေညာခဲ့ပါတယ်။
Source:Reuters











