ကူဝိတ်ကို တိုက်ခိုက်ခဲ့သည်ဟု စွပ်စွဲချက် အီရန် ငြင်းဆို

ကူဝိတ်နိုင်ငံမှာရှိတဲ့ ‘အရေးကြီးတဲ့’ နေရာတခုကို အီရန်က တိုက်ခိုက်ခဲ့တယ်ဆိုတဲ့ စွပ်စွဲချက်ကို အီရန်လက်နက်ကိုင်တပ်ဖွဲ့ရဲ့ အကြီးတန်းပြောရေးဆိုခွင့်ရှိသူ အဘိုလ်ဖာဇယ် ရှီကာချီက ငြင်းဆို ပါတယ်။
ဒေသတွင်းမှာ အီရန်တပ်ဖွဲ့တွေရဲ့ ထိုးစစ်ဆင်မှု ဒါမှမဟုတ် စစ်ရေးလှုပ်ရှားမှုတွေ မဖြစ်ပွားခဲ့ဘူးလို့ ပြောကြားကြောင်း နိုဝင်ဘာ ၂၆ ရက်မှာ အီရန်နိုင်ငံပိုင်မီဒီယာတွေက ဖော်ပြပါတယ်။
ကြာသပတေးနေ့က ကူဝိတ်နိုင်ငံမှာ ဖြစ်ပွားခဲ့တဲ့ ဒရုန်းတိုက်ခိုက်မှုတခုအတွင်း အီတလီနိုင်ငံသား နှစ်ယောက် သေဆုံးခဲ့ပြီး အီတလီနဲ့ ကူဝိတ်တို့က ဒါဟာ အီရန်ရဲ့လက်ချက်လို့ စွပ်စွဲထားပေမဲ့ တီဟီရန်ဘက်ကတော့ ဘယ်လိုပါဝင်ပတ်သက်မှုမျိုးကိုမဆို ငြင်းဆိုထားပါတယ်။
အဲဒီနှစ်ယောက်ဟာ ဂျာမန်ကာကွယ်ရေးလုပ်ငန်းစု ရိုင်းန်မက်တယ်လ်ရဲ့ အီတလီလုပ်ငန်းခွဲဖြစ်တဲ့ ရိုင်းန်မက်တယ်လ် အီတာလီယာအတွက် အလုပ်လုပ်နေတဲ့ နည်းပညာရှင်တွေ ဖြစ်ကြပြီး ကူဝိတ်နိုင်ငံက လေကြောင်းရန်ကာကွယ်ရေး စောင့်ကြည့်ရေးစခန်းတခုမှာ အီရန်ဒရုန်းတွေရဲ့ ပစ်မှတ်ထားခံရချိန်တုန်းက ရှိနေခဲ့ကြတာ ဖြစ်တယ်လို့ နိုင်ငံခြားရေးဝန်ကြီး အန်တိုနီယို တာဂျာနီက ရောမမြို့ အထက်လွှတ်တော်မှာ ပြောပါတယ်။
အီရန်ရဲ့ တိုက်ခိုက်မှုလို့ ဆိုထားတဲ့ ဖြစ်စဉ်အတွင်း ‘အရေးကြီးတဲ့ အဆောက်အအုံ’ တခု ပစ်မှတ် ထားခံရချိန် ပြုတ်ကျလာတဲ့ အပျက်အစီးတွေကြောင့် လူ ၄ ယောက် ဒဏ်ရာရရှိခဲ့တယ်လို့ ကူဝိတ်ကာကွယ်ရေးဝန်ကြီးဌာနက ကနဦး သတင်းထုတ်ပြန်ခဲ့ပြီးနောက် အီတလီနိုင်ငံသား နှစ်ယောက်ဟာ ဒဏ်ရာတွေကြောင့် သေဆုံးသွားပြီဖြစ်ကြောင်း အတည်ပြုခဲ့ပါတယ်။
ဒဏ်ရာရရှိတဲ့ ကျန်နှစ်ယောက်ကတော့ ကူဝိတ်နဲ့ ပါကစ္စတန်နိုင်ငံသားတွေ ဖြစ်ကြပြီး တိုက်ခိုက်မှု ကြောင့် ပစ္စည်းဥစ္စာ ပျက်စီးဆုံးရှုံးမှုတွေ ဖြစ်ပေါ်ခဲ့တယ်လို့ ဆိုပါတယ်။
ရောမမြို့မှာရှိတဲ့ အီရန်သံရုံးကလည်း လူမှုကွန်ရက် X မှာ တင်ထားတဲ့ ပို့စ်တခုကနေတဆင့် ကူဝိတ်နိုင်ငံက စစ်ဘက်ဆိုင်ရာ နေရာတခုကို အီရန်ဒရုန်းနဲ့ တိုက်ခိုက်ခဲ့တယ်ဆိုတဲ့ စွပ်စွဲချက်တွေကို ပြတ်ပြတ်သားသား ငြင်းဆိုခဲ့ပါတယ်။
Source: Reuters











