DVB Logo
Home
မြန်မာသတင်း
မြန်မာ-ထိုင်းနယ်စပ် ဒုက္ခသည်စခန်းများတွင် ခိုလှုံနေသူ ၁ သိန်းကျော် ရှိလာ
DVB
·
November 9, 2026
Photo: DVB
Photo: DVB
Donate to DVB

 

မြန်မာ-ထိုင်း နယ်စပ်တလျှောက်မှာရှိတဲ့ ဒုက္ခသည်စခန်းတွေမှာ ခိုလှုံနေထိုင်သူ စုစုပေါင်း ၁၀၁,၆၀၇ ယောက် ရှိလာပြီးလို့ The Border Consortium (TBC) က နို၀င်ဘာ ၉ ရက်မှာ ထုတ်ပြန်ပါတယ်။

ထိုင်းနိုင်ငံ မယ်ဟောင်ဆန်၊ တာ့ခ်၊ ကန်ချနာဘူရီ၊ ရက်ချာဘူရီနယ်တလျှောက်ရှိ ဒုက္ခသည်စခန်းတွေမှာ ခိုလှုံသူစာရင်းတွေ ဖြစ်ပါတယ်။

ဒီထဲမှာ အမျိုးသမီးဦးရေက ၅၂,၆၁၈ ယောက် (၅၁ ဒသမ ၈ ရာခိုင်နှုန်း)ရှိပြီး အမျိုးသားဦးရေက ၄၈,၉၈၉ ယောက် (၄၈ ဒသမ ၂ ရာခိုင်နှုန်း) ရှိတယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။

တာ့ခ်ခရိုင်ဘက်မှာ ဒုက္ခသည်အများဆုံးရှိနေပြီး ၅၇,၂၉၀ ယောက် ခိုလှုံနေတာပါ။ ဒီထဲမှာ မယ်လစခန်းတခုတည်းမှာ ၃၆,၅၉၆ ယောက် ရှိတယ်လို့ ထောက်ပြထားပါတယ်။

ဒုတိယအများဆုံးကတော့ မယ်ဟောင်ဆောင်ခရိုင်ဘက်မှာ ဒုက္ခသည် ၃၅,၅၃၁ ယောက် ရှိပြီး မယ်ရာမလွန်နဲ့ မယ်လအွန်စခန်းမှာ အများဆုံး နေထိုင်တာ ဖြစ်ပါတယ်။

ကန်ချနာဘူရီခရိုင်၊ ဘန်ဒေါင်ယန်စခန်းမှာ ၂,၃၉၉ ယောက်၊ ရက်ချာဘူရီခရိုင် ထမ်ဟင်စခန်းမှာ ၆,၃၈၇ ယောက် ခိုလှုံနေထိုင်ကြတယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။

ဒုက္ခသည်လူမျိုးစုအလိုက် ပါဝင်မှုကို ကြည့်ရင် ကရင်လူမျိုးက အများဆုံးဖြစ်ပြီး ၈၁ ဒသမ ၁ ရာခိုင်နှုန်း၊ ကရင်နီ ၉ ရာခိုင်နှုန်းနဲ့ ဒုတိယ၊ ဗမာ ၅ ဒသမ ၁ ရာခိုင်နှုန်းနဲ့ တတိယမှာ ရှိနေတာ ဖြစ်ပါတယ်။

မွန်လူမျိုး ၀ ဒသမ ၅ ရာခိုင်နှုန်းနဲ့ တခြားလူမျိုးတွေက ၄ ဒသမ ၃ ရာခိုင်နှုန်းအထိ အစဉ်လိုက် ရပ်တည်နေတာလို့ TBC ရဲ့ အချက်အလက်တွေအရ သိရပါတယ်။

အသက်အရွယ်လိုက် ကြည့်ရင် အသက် ၁၈ နှစ်နဲ့ အထက် လူကြီးပိုင်းက ၆၁ ဒသမ ၂ ရာခိုင်နှုန်း၊ ၅ နှစ်ကနေ အသက် ၁၈ နှစ်ကြား ကလေးငယ်နဲ့ လူငယ်ပိုင်းက ၃၀ ဒသမ ၅ ရာခိုင်နှုန်း၊ ၆ လကနေ ၅ နှစ်ကြား ကလေးငယ်က ၇ ဒသမ ၉ ရာခိုင်နှုန်းနဲ့ မွေးကင်းစကနေ ၆ လအောက် ကလေးငယ်က ၀ ဒသမ ၃ ရာခိုင်နှုန်း ရှိတယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။

TBC အဖွဲ့ရဲ့ မှတ်တမ်းအရ ကုလသမဂ္ဂနဲ့ ထိုင်းအစိုးရအကူအညီနဲ့ ပြီးခဲ့တဲ့နှစ်က ဒုက္ခသည် ၆,၈၀၀ ကျော်ဟာ စခန်းပြင်ပမှာ တရားဝင် အလုပ်အကိုင်တွေ ရရှိခဲ့ပြီး မိသားစုတွေကို ထောက်ပံ့ ပံ့ပိုးပေးနိုင်ခဲ့ကြကြောင်း၊ စခန်းကော်မတီတွေကလည်း ဒေသဆိုင်ရာ အာဏာပိုင်တွေ၊ အလုပ်ရှင်တွေနဲ့ ညှိနှိုင်းပြီး လုံခြုံရေးနဲ့ သွားလာရေးဆိုင်ရာတွေကို စနစ်တကျ ကူညီဆောင်ရွက် ပေးခဲ့တယ်လို့ သိရပါတယ်။

ဒါပေမဲ့ လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ အကူအညီ ဘတ်ဂျက်တွေ လျော့ကျလာတဲ့အတွက် အသက်ကြီးသူတွေနဲ့ မသန်စွမ်းသူတွေအတွက် အခက်အခဲတွေ ရှိနေဆဲ ဖြစ်တာကြောင့် နိုင်ငံတကာအသိုက်အဝန်းနဲ့ အလှူရှင်တွေအနေနဲ့ ဒုက္ခသည်တွေကိုယ်တိုင် ဦးဆောင်တဲ့ အုပ်ချုပ်မှုစနစ်မှာ ပိုမိုပံ့ပိုးပေးကြဖို့ လိုအပ်နေပါတယ်။

TBC အဖွဲ့ဟာ မြန်မာနိုင်ငံအတွင်း ပဋိပက္ခတွေကြောင့် ထိုင်းမြန်မာနယ်စပ်ဘက်ကို ထွက်ပြေး တိမ်းရှောင်နေကြရတဲ့ ဒုက္ခသည်တွေနဲ့ နေရပ်စွန့်ခွာထွက်ပြေးရသူတွေအတွက် အဓိက လူသားချင်းစာနာထောက်ထားမှုတွေ လုပ်နေတဲ့အဖွဲ့အစည်းတခု ဖြစ်ပါတယ်။

Support DVB
Live
DVB Donate
မြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013