
စစ်ရာဇတ်မှုတွေကျူးလွန်နေတဲ့ မြန်မာစစ်အာဏာရှင် မင်းအောင်လှိုင်ကို ချက်ချင်းဖမ်းဆီးပြီး အပြည်ပြည်ဆိုင်ရာ ရာဇဝတ်မှုတရားရုံး (ICC) ဆီကို ပို့ဆောင်ဖို့ ဖိလစ်ပိုင်တက္ကသိုလ် ကျောင်းသားတွေနဲ့ တက်ကြွလှုပ်ရှားသူတွေက တောင်းဆိုလိုက်ပါတယ်။
နိုဝင်ဘာ ၁၅ ရက်က အာဆီယံထိပ်သီးအစည်းအဝေးကျင်းပနေတဲ့ ဖိလစ်ပိုင်မြို့နယ် မနီလာမှာ ဆန္ဒပြသူတွေဟာ မြန်မာအာဏာရှင် မင်းအောင်လှိုင်ရဲ့ ပုံပါတဲ့ ဗီနိုင်းပိုစတာကြီးတခုကို ဖြန့်ခင်းပြသပြီး ခုလိုတောင်းဆိုလိုက်တာ ဖြစ်ပါတယ်။
Burma Solidarity Philippines (BSP) အဖွဲ့နဲ့ ဖိလစ်ပိုင်တက္ကသိုလ် ကျောင်းသားအဖွဲ့အစည်းဖြစ်တဲ့ BUKLOD CSSP တို့ ပူးပေါင်းစီစဉ်တဲ့ ဆန္ဒပြပွဲမှာ BSP ရဲ့ ဦးဆောင်စီစဉ်သူ အီဆာဂါနီ အာဘွန်ဒါ - ၂ က မင်းအောင်လှိုင်ကို ဖမ်းဆီးသင့်တယ်လို့ လူအုပ်ကြီးကို ပြောပါတယ်။
“သူ့ကို ICC ဆီ ပို့လိုက်ပါ။ သူ ဘာတွေလုပ်ခဲ့လဲဆိုတာကို ကိုယ်တိုင် ကြုံတွေ့ရှင်သန်ကျန်ရစ်ခဲ့သူတွေဆီကနေ တကမ္ဘာလုံး ကြားပါစေ။ ဒီနေ့မှာ အာဆီယံ ခေါင်းဆောင်တွေ ထိပ်သီးအစည်းအဝေးအတွက် ဒီမနီလာမှာ စုဝေးနေကြပါတယ်။ အဲဒီအစည်းအဝေးခန်းထဲမှာ လူတယောက်တော့ ရှိနေမှာ မဟုတ်ပါဘူး။ မြန်မာနိုင်ငံကို အင်အားသုံး သိမ်းပိုက်ခဲ့တဲ့ ဗိုလ်ချုပ်မင်းအောင်လှိုင်ကို ဖိတ်ကြားထားခြင်း မရှိပါဘူး။ အာဆီယံက သူ့ကို အပြင်မှာပဲ ထားခဲ့ပါတယ်။ ဒါဟာ မှန်ကန်တဲ့ ဆုံးဖြတ်ချက်ပါ။ ဒါပေမဲ့ အစည်းအဝေးခန်းထဲ ပေးမဝင်ရုံနဲ့ မလုံလောက်သေးဘူးဆိုတာ ကျနော် ဒီနေရာကနေ ပြောချင်ပါတယ်။ မနီလာမြို့က ကျောင်းသားသမဂ္ဂ အဆောက်အအုံကနေ အာဆီယံကို ကျနော်တို့ သတင်းစကားတခု ပါးလိုက်ပါတယ်။ မင်းအောင်လှိုင်ဟာ ခေါင်းဆောင်တယောက် မဟုတ်ပါဘူး။ သူနဲ့ထိုက်တန်တဲ့ နေရာက အကျဉ်းခန်းထဲမှာပါ။ မင်းအောင်လှိုင်ကို ICC ဆီ ပို့လိုက်ပါ။”
နယ်သာလန်နိုင်ငံ၊ သည်ဟိတ်ဂ်မြို့ရှိ အပြည်ပြည်ဆိုင်ရာတရားရုံး (ICJ)မှာ ဂမ်ဘီယာနိုင်ငံက မြန်မာနိုင်ငံအပေါ် တရားစွဲထားတဲ့ ရိုဟင်ဂျာလူမျိုးတုံးသတ်ဖြတ်မှု အမိန့်မချမှတ်မီ ၄ ရက်အလိုမှာ မနီလာမြို့က အခုဆန္ဒပြလှုပ်ရှားမှု ပေါ်ပေါက်လာတာ ဖြစ်ပါတယ်။
အီဆာဂါနီ အာဘွန်ဒါ ၂ က “တကမ္ဘာလုံးက စောင့်ကြည့်နေပါတယ်။ ‘နောက်တကြိမ် ဘယ်တော့မှ ထပ်မဖြစ်စေရဘူး’ လို့ ပြောနေကြတဲ့ အစိုးရတိုင်း စမ်းသပ်ခံရပါလိမ့်မယ်။ အာဆီယံခေါင်းဆောင်တွေလည်း စမ်းသပ်ခံရမှာပါ။ ခင်ဗျားတို့အနေနဲ့ ကျူးလွန်ခံရသူတွေဘက်က ရပ်တည်မှာလား၊ ဒါမှမဟုတ် စစ်ယူနီဖောင်းဝတ်ထားတဲ့ လူဘက်က ရပ်တည်မှာလား။ ကျနော်တို့မှာ စစ်တပ်တွေ၊ ယာဉ်တန်းတွေ မရှိပါဘူး။ ဒါပေမဲ့ ကျနော်တို့မှာ အသံတွေ ရှိပါတယ်။ လူမျိုးတုံးသတ်ဖြတ်မှု၊ စစ်ရာဇဝတ်မှုနဲ့ လူသားမျိုးနွယ်အပေါ် ကျူးလွန်တဲ့ ရာဇဝတ်မှုတွေရှေ့မှာ ကျနော်တို့ ဘယ်တော့မှ နှုတ်ဆိတ်နေမှာ မဟုတ်ပါဘူး” လို့ ပြောကြားခဲ့ပါတယ်။
ဒါ့အပြင် စစ်အာဏာရှင်သမ္မတ မင်းအောင်လှိုင်နဲ့ ထိတွေ့ဆက်ဆံနေတဲ့ ကမ္ဘောဒီးယား၊ လာအို၊ မလေးရှား၊ ထိုင်းနဲ့ ဗီယက်နမ် အာဆီယံ ၅ နိုင်ငံကိုလည်း ဆန္ဒပြသူတွေ ရှုတ်ချလိုက်ပါတယ်။
အီဆာဂါနီ အာဘွန်ဒါ ၂ က “သူတို့က ဒီမနီလာမှာတော့ တံခါးပိတ်ထားပြီး သူတို့နိုင်ငံတွေမှာကျတော့ နန်းတော်တံခါးတွေ ဖွင့်ပေးထားကြတယ်။ ဒါဟာ မူဝါဒခိုင်မာတာ မဟုတ်ပါဘူး။ ဒါဟာ ဟန်ဆောင်လိမ်ညာတာပါ။ လူရှေ့သူရှေ့မှာ ဖယ်ကြဉ်ထားသလို ဆက်ဆံပြီး ကွယ်ရာကျမှ လက်ဆွဲနှုတ်ဆက်နေလို့ မရပါဘူး” လို့ ပြောပါတယ်။
မြန်မာ့အရေးအတွက် အာဆီယံရဲ့ ဘုံသဘောတူညီချက် ၅ ရပ်နဲ့ ပတ်သက်ပြီးလည်း ဘာမှ ဖြစ်မလာခဲ့ကြောင်းနဲ့ ဒီဘုံသဘောတူညီချက်ဟာ ကျရှုံးသွားပါပြီလို့ ဆန္ဒပြခေါင်းဆောင်က ပြောပါတယ်။
မြန်မာနိုင်ငံမှာ ၂၀၂၁ ခုနှစ် အာဏာသိမ်းပြီးနောက်ပိုင်း စစ်အာဏာရှင်တပ်ကြောင့် အရပ်သား ၈,၃၀၀ ကျော် သေဆုံးခဲ့ရတယ်လို့ အောက်တိုဘာလ ၂၉ ရက်နေ့က ထုတ်ပြန်တဲ့ ကုလသမဂ္ဂ အစီရင်ခံစာတခုမှာဖော်ပြပါတယ်။
ကမ္ဘာလုံးဆိုင်ရာ ပဋိပက္ခစောင့်ကြည့်ရေးအဖွဲ့ (ACLED) ရဲ့ အဆိုအရ အာဏာသိမ်းပြီးကတည်းက မြန်မာနိုင်ငံမှာ ပဋိပက္ခနဲ့ဆက်နွှယ်တဲ့ အကြမ်းဖက်မှုတွေကြောင့် လူပေါင်း ၁ သိန်းကျော် သေဆုံးခဲ့ရပါတယ်။
ဒါ့အပြင် လူဦးရေ ၃ သန်းခွဲကျော် အဓမ္မ နေရပ်စွန့်ခွာ ထွက်ပြေးနေရပြီး နိုင်ငံလူဦးရေရဲ့ ၃ ပုံ ၁ ပုံဟာ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီတွေ လိုအပ်နေတယ်လို့ ကုလသမဂ္ဂက ခန့်မှန်းထားပါတယ်။











