မြန်မာအရေးနဲ့ ပတ်သက်ပြီး ချမှတ်ထားတဲ့ အာဆီယံဘုံသဘောတူညီချက် ၅ ရပ်ကို အကောင်အထည်ဖော်ရာမှာ အဓိပ္ပာယ်ပြည့်ဝတဲ့ တိုးတက်မှုတွေ မရှိသေးသရွေ့ အာဆီယံထိပ်သီးအစည်းအဝေးတွေမှာ မြန်မာစစ်အာဏာရှင် အစိုးရခေါင်းဆောင်တွေကို တက်ရောက်ခွင့် မပြုဖို့ အာဆီယံက ဆက်လက် ဆုံးဖြတ်လိုက်ပါတယ်။
အာဆီယံဘုံသဘောတူညီချက် ၅ ရပ်ကို အကောင်အထည်ဖော်မှုမှာ လုံလောက်တဲ့ တိုးတက်မှု မရှိသေးတာအပေါ် အလွန်အမင်း စိုးရိမ်ပူပန်တဲ့ အကြောင်းနဲ့ သဘောတူညီချက် ၅ ရပ်ကို အပြည့်အဝ အကောင်အထည်ဖော်ဖို့လည်း အာဆီယံက တိုက်တွန်းလိုက်ပါတယ်။
ဖိလစ်ပိုင်နိုင်ငံ မနီလာမြို့မှာ ကျင်းပတဲ့ အာဆီယံထိပ်သီးအစည်းဝေးကာလအတွင်း ဘုံသဘောတူညီချက် ၅ ရပ် အကောင်အထည်ဖော်မှုအပေါ် အာဆီယံခေါင်းဆောင်တွေရဲ့ ပြန်လည်သုံးသပ်ချက်နဲ့ ဆုံးဖြတ်ချက်တွေကို နိုဝင်ဘာ ၁၅ ရက်မှာ ထုတ်ပြန် တိုက်တွန်းလိုက်တာပါ။
ဘုံသဘောတူညီချက် ၅ ရပ်ကို အကောင်အထည်ဖော်ရာမှာ အဓိပ္ပာယ်ပြည့်ဝတဲ့ တိုးတက်မှုတွေ မရှိသေးသရွေ့ အာဆီယံထိပ်သီးအစည်းအဝေးတွေနဲ့ အာဆီယံနိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေးတွေမှာ မြန်မာနိုင်ငံအနေနဲ့ နိုင်ငံရေးအရ ကိုယ်စားမပြုသူသာ တက်ရောက်စေရေး ဆိုတဲ့ အာဆီယံ စုပေါင်းဆုံးဖြတ်ချက်ကို ဆက်လက်ကိုင်စွဲကျင့်သုံးသွားဖို့ အာဆီယံ အစည်းအဝေးကနေ ဆုံးဖြတ်လိုက်ပါတယ်။
ဒါပေမဲ့ တခြား အာဆီယံ ကဏ္ဍအလိုက် ဝန်ကြီးအဆင့် အဖွဲ့အစည်းတွေ ဒါမှမဟုတ် ယန္တရားတွေရဲ့ အစည်းအဝေးတွေမှာတော့ မြန်မာနိုင်ငံရဲ့ ပါဝင်တက်ရောက်မှုဟာ အဆင့်တိုင်းမှာ ကန့်သတ်ချက်မရှိ ဖြစ်သင့်တယ်လို့လည်း သုံးသပ်ထားပါတယ်။
မြန်မာနိုင်ငံဘက်က ဘုံ သဘောတူညီချက် ၅ ရပ် အကောင်အထည်ဖော်ရာမှာ စဉ်ဆက်မပြတ်နဲ့ လက်ဆုပ်လက်ကိုင်ပြနိုင်တဲ့ တိုးတက်မှုတွေ ရှိလာမှုအပေါ် မူတည်ပြီး အာဆီယံအနေနဲ့ မြန်မာနိုင်ငံရဲ့ အပြည့်အဝ နိုင်ငံရေးကိုယ်စားပြုခွင့်ကို တဖြည်းဖြည်း ပြန်လည်ပေးအပ်ဖို့ စဉ်းစားနိုင်တယ်လို့ ဆိုပါတယ်။
လက်ရှိ မနီလာမြို့မှာ ကျင်းပတဲ့ အာဆီယံထိပ်သီးအစည်းဝေးနဲ့ ဆက်စပ် အစည်းအဝေးတွေမှာလည်း မြန်မာစစ်အာဏာရှင် သမ္မတ မင်းအောင်လှိုင်နဲ့ အစိုးရဝန်ကြီးတွေကို တက်ရောက်ခွင့်မပေးဘဲ နိုင်ငံရေးအရကိုယ်စားမပြုတဲ့ ညွှန်ကြားရေးမှူးချုပ် ဦးဟန်ဝင်းအောင်ကို သာ တက်ရောက်ခွင့်ပြုထားပါတယ်။
အာဆီယံ အစည်းအဝေးမှာ မြန်မာနိုင်ငံရဲ့ ဖြစ်ပေါ်တိုးတက်မှုတွေကို ဆွေးနွေးခဲ့ကြပြီး၊ နိုင်ငံအတွင်း ဖြစ်ပွားနေတဲ့ ပဋိပက္ခတွေနဲ့ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အခြေအနေတွေအပေါ် အလွန်အမင်း စိုးရိမ်ပူပန်ကြောင်း၊ ဘုံသဘောတူညီချက် ၅ ရပ်ကို အကောင်အထည်ဖော်ရာမှာ လက်ဆုပ်လက်ကိုင်ပြနိုင်တဲ့ တိုးတက်မှုတွေ ရှိလာဖို့ တိုက်တွန်းခဲ့ကြောင်းလည်း ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။
ဒါ့အပြင် မြန်မာနိုင်ငံမှာ အရပ်သားတွေနဲ့ အများပြည်သူဆိုင်ရာ အဆောက်အအုံတွေအပေါ် အကြမ်းဖက်တိုက်ခိုက်နေတဲ့ လုပ်ရပ်တွေကို ရှုတ်ချလိုက်ပြီး ပါဝင်ပတ်သက်နေတဲ့ အဖွဲ့အစည်း အားလုံးအနေနဲ့ အကြမ်းဖက်နေတာတွေကို ချက်ချင်းရပ်တန့်ဖို့၊ အရပ်သားပြည်သူအားလုံးနဲ့ အရပ်ဘက် အခြေခံအဆောက်အအုံတွေရဲ့ ဘေးကင်းလုံခြုံရေးကို အာမခံပေးဖို့အပြင်၊ အကူအညီလိုအပ်နေသူတွေထံ လူသားချင်းစာနာမှု အကူအညီတွေ ပေးပို့နိုင်ဖို့နဲ့ အားလုံးပါဝင်တဲ့ နိုင်ငံရေးဆွေးနွေးပွဲတွေ ဖြစ်ပေါ်လာစေဖို့အတွက် သင့်တင့်လျောက်ပတ်တဲ့ ပတ်ဝန်းကျင်တခု ဖန်တီးပေးဖို့ လက်တွေ့ကျတဲ့ လုပ်ဆောင်ချက်တွေကို လုပ်ဆောင်ကြဖို့ တိုက်တွန်းထားပါတယ်။
မြန်မာနိုင်ငံရဲ့ နိုင်ငံရေးအကျပ်အတည်းကို ဖြေရှင်းရာမှာ သဘောတူညီချက် ၅ ရပ်ကို အဓိက ရည်ညွှန်းကိုးကားရာ မူဘောင်အဖြစ် ထပ်လောင်းအတည်ပြုပြီး၊ မြန်မာပြည်သူတွေရဲ့ အကျိုးစီးပွား ပိုမိုကောင်းမွန်လာစေဖို့နဲ့ ဒေသတွင်း ငြိမ်းချမ်းရေး၊ လုံခြုံရေးနဲ့ တည်ငြိမ်ရေးကို အထောက်အကူဖြစ်စေဖို့အတွက် မြန်မာနိုင်ငံသားတွေကိုယ်တိုင် ပိုင်ဆိုင်ပြီး ဦးဆောင်တဲ့ အားလုံးပါဝင်ပြီး ရေရှည်တည်တံ့တဲ့ ငြိမ်းချမ်းသော အဖြေတခု ရရှိအောင် ကူညီပေးနိုင်ဖို့ သဘောတူညီချက် ၅ ရပ်ကို အပြည့်အဝ အကောင်အထည်ဖော်ဖို့ အာဆီယံကတိုက်တွန်းပါတယ်။
မြန်မာနိုင်ငံဆိုင်ရာ အာဆီယံဥက္ကဋ္ဌရဲ့ အထူးကိုယ်စားလှယ်အဖြစ် နိုင်ငံခြားရေးဝန်ကြီး လာဇာရိုရဲ့ နေပြည်တော်ကို သွားရောက်ခဲ့တဲ့ ခရီးစဉ်တွေကို ကြိုဆိုကြောင်း၊ သူဦးဆောင်ပြီး မြန်မာနိုင်ငံကို သွားရောက်ခဲ့တဲ့ အာဆီယံ သဘာဝဘေးအန္တရာယ်ဆိုင်ရာ လူသားချင်းစာနာမှု အကူအညီပေးရေး ညှိနှိုင်းမှုဗဟိုဌာန (AHA Centre) ရဲ့ ခရီးစဉ်မှာ မြန်မာ အိမ်ထောင်စုပေါင်း ၁၁,၀၀၀ ကျော်ကို လူသားချင်းစာနာမှု အထောက်အပံ့တွေ ဖြန့်ဝေခဲ့ကြောင်းနဲ့ အကူအညီ မရောက်ရှိသေးတဲ့ လိုအပ်နေသော ရပ်ရွာလူထုတွေအတွက် လူသားချင်းစာနာမှု အကူအညီတွေ တိုးချဲ့ပေးအပ်နိုင်ဖို့ လုပ်ဆောင်နေကောင်းလည်း ကြေညာချက်မှာဖော်ပြပါတယ်။
ဒါ့အပြင် မြန်မာနိုင်ငံမှာ အားလုံးပါဝင်တဲ့ အမျိုးသားအဆင့် ဆွေးနွေးပွဲတွေ ဖြစ်ပေါ်လာစေဖို့ ဘေးကင်းပြီး သင့်တင့်လျောက်ပတ်တဲ့ ပတ်ဝန်းကျင်တခု ဖန်တီးနိုင်ရေးအတွက် တနိုင်ငံလုံး အတိုင်းအတာနဲ့ ရေရှည်တည်တံ့တဲ့ အပစ်အခတ်ရပ်စဲရေးဟာ အလွန်အရေးကြီးကြောင်း အာဆီယံခေါင်းဆောင်တွေက အလေးပေး ပြောကြားပါတယ်။
မြန်မာနိုင်ငံဆိုင်ရာ အာဆီယံ အထူးကိုယ်စားလှယ် ရာထူးတာဝန်မှာ စဉ်ဆက်မပြတ် လုပ်ဆောင်နိုင်စေဖို့နဲ့ မြန်မာနိုင်ငံရဲ့ တိုးတက်မှုတွေကို အကဲဖြတ်နိုင်မဲ့ အချက်အလက်တွေ ပါဝင်တဲ့ ရေရှည်သက်တမ်းရှိ မြန်မာနိုင်ငံဆိုင်ရာ အာဆီယံ အထူးကိုယ်စားလှယ် ခန့်အပ်ရေးကိစ္စတွေလည်း ဆွေးနွေးခဲ့ကြပါတယ်။
ဒီဆုံးဖြတ်ချက်တွေကို အနာဂတ် အစည်းအဝေးတွေမှာ ပြန်လည်သုံးသပ်သွားမှာဖြစ်ပြီး၊ တိုးတက်မှုအခြေအနေတွေကို ဆက်လက်စောင့်ကြည့်ကာ လာမဲ့ အာဆီယံထိပ်သီးအစည်းအဝေးကို အစီရင်ခံတင်ပြဖို့ အာဆီယံနိုင်ငံခြားရေးဝန်ကြီးတွေကို တာဝန်ပေးအပ်ထားပါတယ်။











