
မြန်မာနိုင်ငံနဲ့ ဆက်ဆံရေးမှာ ဖြေလျှော့ပေးတာမျိုး မရှိသေးသလို အာဆီယံရဲ့ ဘုံသဘောတူညီချက် ၅ ရပ်ကလည်း ဆက်လက်တည်ရှိနေဆဲဖြစ်တယ်လို့ ဖိလစ်ပိုင် နိုင်ငံခြားရေးဝန်ကြီး မာရီယာ ထရီဇာလာဇာရိုက နိုဝင်ဘာ ၁၄ ရက်မှာ ပြောကြားလိုက်ပါတယ်။
ပြီးခဲ့တဲ့ ဇူလိုင်လက ဘန်ကောက်မြို့မှာ အာဆီယံနိုင်ငံခြားရေးဝန်ကြီးတွေနဲ့ စစ်ကောင်စီခန့် မြန်မာနိုင်ငံခြားရေးဝန်ကြီး ဦးတင်မောင်ဆွေတို့ တွေ့ဆုံဆွေးနွေးခဲ့ကြပေမဲ့ လက်ရှိမှာ ဘာဆုံးဖြတ်ချက်မှ မရှိသေးသလို၊ အာဆီယံ အစည်းအဝေးတွေမှာ မြန်မာနိုင်ငံအတွက် သတ်မှတ်ထားတဲ့ ထိုင်ခုံနေရာမှာ မြန်မာနိုင်ငံခြားရေးဝန်ကြီး လာထိုင်ခွင့်ရမယ်ဆိုတဲ့ အချက်မျိုးလည်း မရှိသေးဘူးလို့ သူက ဆိုပါတယ်။
"ဒီကိစ္စက ဆွေးနွေးစရာ စားပွဲဝိုင်းပေါ်မှာ ရှိနေတုန်း၊ ဆွေးနွေးနေဆဲ အကြောင်းအရာတခု ဖြစ်နေတုန်းပါပဲ။ ဒါပေမဲ့ မြန်မာနိုင်ငံရဲ့ ထိုင်ခုံနေရာမှာ နိုင်ငံခြားရေးဝန်ကြီး လာထိုင်ခွင့်ရမယ်လို့ ဖော်ပြထားတာမျိုးတော့ ဘာမှမရှိပါဘူး" လို့ လာဇာရို က ပြောပါတယ်။
ဒါ့အပြင် တောင်တရုတ်ပင်လယ်အတွင်း လိုက်နာရမဲ့ ကျင့်ဝတ်စည်းမျဉ်းနဲ့ ပတ်သက်ပြီး အရှေ့တောင်အာရှ နိုင်ငံတွေနဲ့ တရုတ်နိုင်ငံတို့ကြား ဆွေးနွေးမှုတွေဟာ အနီးစပ်ဆုံး ကိန်းဂဏန်းအရ ၇၇ ရာခိုင်နှုန်းပြီးစီးသွားပြီ ဖြစ်ကြောင်းနဲ့ လာမဲ့သီတင်းပတ် မနီလာမြို့မှာ ကျင်းပမဲ့ ထိပ်သီးအစည်းအဝေးအတွင်း အာဆီယံ ခေါင်းဆောင်တွေဘက်က ဒီကိစ္စနဲ့ ပတ်သက်ပြီး ကြေညာချက်တစောင် ထုတ်ပြန်သွားမှာဖြစ်ကြောင်းလည်း သူက ပြောပါတယ်။
ဖိလစ်ပိုင်နိုင်ငံက အာဆီယံဥက္ကဋ္ဌ တာဝန်ယူချိန်ကစလို့ ကျင့်ဝတ်စည်းမျဉ်း ဆွေးနွေးမှု တိုးတက်မှုတွေ အရှိန်အဟုန်နဲ့ မြန်ဆန်လာခဲ့ပြီး ဒါကို အာဆီယံရော တရုတ်နိုင်ငံကပါ အသိအမှတ်ပြုထားတယ်လို့ လာဇာရို က ဆိုပါတယ်။
စွမ်းအင်ကုန်ကျစရိတ် မြင့်တက်လာမှု၊ လုံခြုံရေးဆိုင်ရာ တင်းမာမှုတွေနဲ့ နီးကပ်လာနေတဲ့ အယ်လ်နီညို ရာသီဥတုဖြစ်စဉ် စတဲ့ စိန်ခေါ်မှုတွေကို ဒေသတွင်းအဖွဲ့အစည်းအနေနဲ့ စုပေါင်းညှိနှိုင်း ဖြေရှင်းနိုင်ဖို့အတွက် အာဆီယံ နိုင်ငံခြားရေးဝန်ကြီးတွေရဲ့ အစည်းအဝေးတွေကို စနေနေ့က မနီလာမြို့မှာ စတင်ကျင်းပခဲ့တာ ဖြစ်ပြီး၊ အဲဒီစိန်ခေါ်မှုတွေကို ရင်ဆိုင်ဖို့ စုပေါင်းဆောင်ရွက်မှုတွေ လိုအပ်နေပြီလို့ ဖိလစ်ပိုင်သမ္မတ ဖာဒီနန် မားကို့စ် ဂျူနီယာက ပြောကြားထားပါတယ်။











