
လာမဲ့ ၄၉ ကြိမ်မြောက် အာဆီယံ ထိပ်သီးအစည်းအဝေးမှာ စစ်အာဏာရှင် မင်းအောင်လှိုင် တက်ခွင့်မရတဲ့ အာဆီယံ ဆုံးဖြတ်ချက်ကို ကြိုဆိုတယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) နိုင်ငံခြားရေးဝန်ကြီး ဒေါ်ဇင်မာအောင်က ပြောပါတယ်။
NUG နိုင်ငံခြားရေးဝန်ကြီး ဒေါ်ဇင်မာအောင်က “ဒီအခြေအနေကတော့ ကျမတို့ ကြိုးစား တိုက်တွန်းခဲ့တဲ့ အခြေအနေတခုပါပဲ။ အနိမ့်ဆုံးအဆင့် အာဆီယံက Non Political representation ကို ဆက်ထိန်းထားရမယ်။ စစ်အုပ်စုကို နိုင်ငံရေးအရ ကိုယ်စားပြုခွင့် မပေးဖို့ ဆိုတဲ့ကိစ္စက ကျမတို့ရဲ့ အခြေခံတောင်းဆိုချက်တွေထဲက တခုဖြစ်တယ်” လို့ ပြောပါတယ်။
ဒါ့အပြင် အာဆီယံအနေနဲ့ မြန့်မာအရေးနဲ့ပတ်သက်ပြီး ဘုံသဘောတူညီချက် ၅ ရပ်ကို အကောင်အထည်ဖော်ဖို့အတွက် စစ်အာဏာရှင်အစိုးရကို ဖိအားပေးဖို့ ဒေါ်ဇင်မာအောင်က တိုက်တွန်းလိုက်ပါတယ်။
“အကြမ်းဖက်မှုတွေ လျှော့ချဖို့၊ လေကြောင်းတိုက်ခိုက်မှုတွေ အရပ်သားတွေအပေါ်မှာ တိုက်ခိုက်မှုတွေကို ရပ်တန့်ဖို့၊ နောက်ပြီးတော့ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီတွေကို အတားအဆီးမရှိ ပေးဖို့ဆိုတဲ့ ကိစ္စတွေ၊ အထူးသဖြင့်တော့ ဒီ အာဆီယံ Asean 5 point consensus မှာပါတဲ့ အချက်အလက်တွေကို အပြည့်အဝ ပူးပေါင်းဆောင်ရွက် အကောင်အထည်ဖော်နိုင်ဖို့ ဆိုရင် ဒီထက် ဖိအားတွေ ပေးဖို့လိုဦးမှာတော့ ဖြစ်ပါတယ်။”
နိုဝင်ဘာ ၁၅ ရက်ကနေ ၁၇ ရက်အထိ ဖိလစ်ပိုင်နိုင်ငံ၊ မနီလာမြို့မှာ ကျင်းပမဲ့ အာဆီယံ ထိပ်သီးအစည်းအဝေးနဲ့ ဆက်စပ် အစည်းအဝေးတွေကို အာဆီယံခေါင်းဆောင်တွေနဲ့ ကမ္ဘာ့ခေါင်းဆောင်တွေ တက်ရောက်ကြမှာဖြစ်ပေမဲ့ မြန်မာနိုင်ငံကတော့ စစ်အာဏာရှင် မင်းအောင်လှိုင် တက်ခွင့်ရမှာမဟုတ်ဘဲ ညွှန်ကြားရေးမှူးချုပ် အဆင့်ရှိသူသာ တက်ခွင့်ရမယ်လို့ ဖိလစ်ပိုင် နိုင်ငံခြားရေးဌာနက နိုဝင်ဘာ ၁၁ ရက်မှာ ထုတ်ပြန်ခဲ့တာ ဖြစ်ပါတယ်။
မြန်မာနိုင်ငံမှာ အာဏာသိမ်းစစ်တပ်က အာဆီယံ ဘုံသဘောတူညီချက် ၅ ရပ်ကို အကောင်အထည်ဖော်ဖို့ ပျက်ကွက်နေတာကြောင့် မင်းအောင်လှိုင် အပါအဝင် စစ်ခေါင်းဆောင်တွေကို အာဆီယံ အဆင့်မြင့်အစည်းအဝေးတွေမှာ တက်ရောက်ခွင့်မပေးဘဲ ထားရှိတာ ဖြစ်ပါတယ်။
လာမဲ့ အာဆီယံ ထိပ်သီးအစည်းအဝေးမှာ ဖိလစ်ပိုင်နိုင်ငံရဲ့ အာဆီယံဥက္ကဋ္ဌ တာဝန်ယူမှု အောင်မြင်မှုတွေကို သုံးသပ်ကြမှာဖြစ်သလို မြန်မာ့အရေး အပါအဝင် ပေါ်ပေါက်လာနေတဲ့ ဒေသတွင်းနဲ့ ကမ္ဘာ့စိန်ခေါ်မှုတွေကို စုပေါင်းဖြေရှင်းနိုင်စွမ်း တိုးတက်လာစေဖို့ နည်းလမ်းတွေကို ဆွေးနွေးကြမယ်လို့ ဆိုပါတယ်။
မြန်မာနိုင်ငံဟာ ၂၀၂၆ ခုနှစ်မှာ အာဆီယံအလှည့်ကျ ဥက္ကဋ္ဌတာဝန်ကို ရယူဖို့ စီစဉ်ထားပေမဲ့လည်း စစ်တပ်အာဏာသိမ်းထားပြီး ပြည်တွင်းစစ်ဖြစ်နေတဲ့ အခြေအနေကြောင့် ဥက္ကဋ္ဌ တာဝန်ကို အာဆီယံက ရွှေ့ဆိုင်းခဲ့ပြီး ဖိလစ်ပိုင်နိုင်ငံကို အစားထိုး တာဝန်ယူစေခဲ့တာပါ။
ဖိလစ်ပိုင်သမ္မတဟာ အခုနှစ် အာဆီယံထိပ်သီးအစည်းအဝေးရဲ့ ပိတ်ပွဲအခမ်းအနားကို ဦးဆောင်ကျင်းပပြီး အာဆီယံဥက္ကဋ္ဌတာဝန်ကို စင်ကာပူနိုင်ငံဆီ လွှဲပြောင်းပေးအပ်သွားမှာလည်း ဖြစ်ပါတယ်။
မြတ်သဇင်











