
မွန်ပြည်နယ်နဲ့ ပဲခူးတိုင်းအစပ် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) တပ်မဟာ ၁ နယ်မြေအတွင်းရှိ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ကာကွယ်ရေးဝန်ကြီးဌာနရဲ့ အထူးတိုင်းစစ်ဌာနချုပ် အပါအဝင် တပ်စခန်း ၁၁ ခုကို စစ်အာဏာရှင်တပ်က တိုက်ခိုက်သိမ်းပိုက်ခဲ့ပါတယ်။
မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်၊ သိမ်ဇရပ်မြို့ အရှေ့မြောက်ဘက်နဲ့ ပဲခူးတိုင်း ရွှေကျင်မြို့နယ်အတွင်းကို စစ်အာဏာရှင်တပ်က အကြမ်းဖက်ချေမှုန်းရေး စစ်ဆင်ရေးနာမည်နဲ့ နိုဝင်ဘာ ၅ ရက်က စပြီး ၈ ရက်အထိ လူအင်အားအများအပြားနဲ့ ဝေဟင် မြေပြင် ပစ်ကူရယူကာ စစ်ကြောင်းထိုးခဲ့ပါတယ်။
ဒါကြောင့် ၄ ရက်တာအတွင်း NUG ရဲ့ အထူးတိုင်းစစ်ဌာနချုပ်၊ PDF စခန်းတွေ၊ တပ်မဟာ ၁ လက်အောက်ခံ ကရင်အမျိုးသားလွတ်မြောက်ရေး တပ်မတော် (KNLA) တပ်ရင်း ၃ ဌာနချုပ်နဲ့ ယာယီတပ်စခန်း ၁၁ ခု၊ လက်နက်ခဲယမ်းတွေကို သိမ်းယူရရှိခဲ့တယ်လို့ နိုဝင်ဘာ ၉ ရက်မှာ ထုတ်ပြန်ပါတယ်။
စစ်ရေးသတင်းရင်းမြစ်တယောက်က “စိုးရိမ်စရာ အရမ်းကောင်းတာကတော့ သတင်းပေါက်ကြားတာတို့၊ သတင်းက ပေါက်ကြားတယ် ဆိုတာက ရန်သူ့လူ ရှိကောင်းရှိနိုင်တယ်။ ထောက်လှမ်းရေး အပိုင်းမှာ။ ထောက်လှမ်းရေးဆိုတာ အမျိုးမျိုးထောက်လှမ်းတာ။ ဝေဟင်ကလည်း ထောက်လှမ်းတယ်။ မြေပြင်ကလည်း ထောက်လှမ်းတယ်။ ပြည်သူလူထု ကြားထဲမှာလည်း ထောက်လှမ်းတယ်။ ပြီးတော့ ကိုယ့်ဘက်က သတင်းပေါက်ကြားမှုလည်း ပါတယ်။ ဆိုရှယ်မီဒီယာပေါ် တင်တာတို့။ များသောအားဖြင့် ဒါက သတင်းပေါက်ကြားမှုတခုပဲလေ။ တော်လှန်ရေးသမား ဆိုတာက ဘာကိုမှ ပေါ့ပေါ့တန်တန် ထားလို့မရဘူး။ ပေါ့ပေါ့ဆဆလည်း နေလို့မရဘူး။ ကျစ်ကျစ်လျစ်လျစ် နေရမှာပဲ။ စစ်ရေးပိုင်းပဲဖြစ်ဖြစ်၊ ဒီလုံခြုံရေးပဲဖြစ်ဖြစ် အဲဒါတွေကတော့ အဓိက သတိကြီးကြီးထားရမယ့်ကိစ္စ ဖြစ်တယ်” လို့ ပြောပါတယ်။
စစ်တပ်က နိုဝင်ဘာ ၅ ရက်မှာ သိမ်ဇရပ် အရှေ့မြောက်ဘက် ကော်ကတ်ရွာအနီးက PDF ယာယီစခန်းတခု၊ နိုဝင်ဘာ ၆ ရက်က ကော်ထီးထရွာအနီးက PDF ယာယီစခန်းတခု၊ နိုဝင်ဘာ ၇ ရက်နေ့က ကော်ထီးထရွာအနီးက KNU/KNLA တပ်မဟာ ၁၊ တပ်ရင်း ၃ ဌာနချုပ် အပါအဝင် ယာယီစခန်း ၄ ခုနဲ့ နိုဝင်ဘာ ၈ ရက်က ရွှေကျင်မြို့နယ်အတွင်းက ပွိုင့် ၄၈၀ တောင်ကုန်းအနီး၊ ထီးကလာချောင်းနားတဝိုက်က NUG အထူးတိုင်းစစ်ဌာနချုပ် အပါအဝင် စခန်း ၅ ခုကို တိုက်ခိုက် သိမ်းပိုက်ခဲ့တာပါ။
ဒါကြောင့် တော်လှန်ရေးတပ်ဖွဲ့ဝင်တွေအနေနဲ့ ဒစ်ဂျစ်တယ်လုံခြုံရေးနဲ့ ပတ်သက်ပြီး လေးလေးနက်နက် သတိကြီးစွာထားပြီး လုပ်ဆောင်သင့်ပြီလို့ ကရင်စစ်ရေးလေ့လာသူတွေက ပြောပါတယ်။
ကရင်စစ်ရေးလေ့လာသူတယောက်က “စကမဘက်က ထိုးစစ်တွေ ဒီထက်ပိုပြီးတော့ ကြမ်းလာဖို့ ရှိတယ်၊ ဆိုးလာဖို့ရှိတယ်။ မြေပြင်ကော ဝေဟင်ကော သူတို့ စိတ်မထင်ရင် မထင်သလို သူတို့ မသင်္ကာတဲ့ နေရာတွေကို ဝေဟင်ကနေ ဗုံးတွေကြဲမယ်။ မြေပြင်ကနေ ထိုးစစ်တွေ ဆင်မယ်ဆိုတဲ့ စစ်နည်းဗျူဟာကိုလည်း သူတို့က တခါတည်း တပြိုင်နက်တည်း အကောင်အထည်ဖော် လုပ်ဆောင်နေတယ် ဆိုတာကို ဒီဘက် ပွင့်လင်းရာသီမှာ ကျနော်တို့ မြင်တွေ့လာရတယ်။ ဒီထဲမှာလည်း ပိုပြီးတော့ တိကျတဲ့ စစ်ရေးပစ်မှတ်တွေကို ဖြိုခွင်းနိုင်ဖို့အတွက် အဆင့်မြင့်နည်းပညာတွေကို အသုံးပြုနေတယ် ဆိုတာကို ကျနော်တို့ သိဖို့လိုတယ်။ တဖက်က စကမရဲ့ လုပ်ဆောင်ချက်တွေကို သိလာပြီဆိုရင် တပ်ဖွဲ့ဝင်တွေကို လုံခြုံရေးပိုင်းနဲ့ ပတ်သက်ပြီးတော့မှ သတင်းအချက်အလက် မပေါက်ကြားဖို့အတွက် digital security နဲ့ ပတ်သက်ပြီးတော့မှ လေးလေးနက်နက် သတိကြီးစွာ ထားပြီးတော့မှ အကောင်အထည်ဖော် လုပ်ဆောင်သင့်နေပြီလို့ ကျနော်တို့က ပြောချင်ပါတယ်” လို့ ပြောပါတယ်။
စစ်တပ်သိမ်းပိုက်ခဲ့တဲ့ စခန်းတွေနဲ့ ပတ်သက်ပြီး တပ်မဟာ ၁ တာဝန်ရှိသူတွေကို DVB က ဆက်သွယ်ခဲ့ပေမဲ့ အခုသတင်းထုတ်လွှင့်ချိန်အထိ ပြန်လည်ဖြေဆိုတာ မရှိပါဘူး။
ဒါ့အပြင် နိုဝင်ဘာ ၁၀ ရက်နေ့ မနက်ပိုင်းက စစ်တပ်က ဝင်ရောက်စီးနင်းပြီး သိမ်းဆည်းထားတဲ့ ကျိုက်ထိုမြို့နယ်၊ ကျောက်ဖျာကျေးရွာအုပ်စုတွင်းက တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့တွေရဲ့ တပ်စခန်းနေရာကို KNLA ပူးပေါင်းတပ်ဖွဲ့တွေက ပြန်လည်တိုက်ခိုက်သိမ်းပိုက်ခဲ့ရာ လက်နက်ခဲယမ်းတချို့ ပြန်လည်ရရှိခဲ့တယ်လို့ စစ်ရေးသတင်းရင်းမြစ်တွေဆီက သိရပါတယ်။











