
လာမဲ့ အာဆီယံထိပ်သီးအစည်းအဝေးမှာ မြန်မာ့အရေး ထည့်သွင်းဆွေးနွေးမှာဖြစ်ပြီး ဒေသတွင်းက အာဆီယံခေါင်းဆောင်တွေနဲ့ ကမ္ဘာ့ခေါင်းဆောင်တွေ တက်ရောက်ကြမှာဖြစ်ပေမဲ့ မြန်မာနိုင်ငံကတော့ စစ်အာဏာရှင် မင်းအောင်လှိုင် တက်ခွင့်ရမှာမဟုတ်ဘဲ ညွှန်ကြားရေးမှူးချုပ် အဆင့်ရှိသူသာ တက်ခွင့်ရမယ်လို့ ဖိလစ်ပိုင်နိုင်ငံခြားရေးဌာနရဲ့ နိုဝင်ဘာ ၁၁ ရက်နေ့ ထုတ်ပြန်ချက်အရ သိရပါတယ်။
၄၉ ကြိမ်မြောက် အာဆီယံထိပ်သီးအစည်းအဝေးနဲ့ ဆက်စပ် ထိပ်သီးအစည်းအဝေးတွေကို နိုဝင်ဘာ ၁၅ ရက်ကနေ ၁၇ ရက်အထိ မနီလာမြို့မှာ ကျင်းပမှာဖြစ်ပြီး နိုင်ငံအသီးသီးက အစိုးရနဲ့ နိုင်ငံတော်အကြီးအကဲတွေကို ကြိုဆိုသွားဖို့ ပြင်ဆင်ထားတယ်လို့ လက်ရှိ အာဆီယံ အလှည့်ကျဥက္ကဋ္ဌ ဖိလစ်ပိုင်နိုင်ငံရဲ့ နိုင်ငံခြားရေးဌာနက ထုတ်ပြန်လိုက်တာပါ။
ညီလာခံမှာ အာဆီယံခေါင်းဆောင်တွေဟာ ဖိလစ်ပိုင်နိုင်ငံရဲ့ အာဆီယံဥက္ကဋ္ဌ တာဝန်ယူမှု အောင်မြင်မှုတွေကို သုံးသပ်ကြမှာဖြစ်သလို မြန်မာ့အရေး အပါအဝင် ပေါ်ပေါက်လာနေတဲ့ ဒေသတွင်းနဲ့ ကမ္ဘာ့စိန်ခေါ်မှုတွေကို စုပေါင်းဖြေရှင်းနိုင်စွမ်း တိုးတက်လာစေဖို့ နည်းလမ်းတွေကို ဆွေးနွေးကြမယ်လို့ ဆိုပါတယ်။
ထိပ်သီးအစည်းအဝေးကို သဘာပတိအဖြစ် ဆောင်ရွက်မဲ့ သမ္မတ ဖာဒီနန် မားကို့စ် ဂျူနီယာနဲ့အတူ ဘရူနိုင်း၊ ကမ္ဘောဒီးယား၊ လာအို၊ အင်ဒိုနီးရှား၊ မလေးရှား၊ စင်ကာပူ၊ ထိုင်း၊ တီမောလက်စတေနဲ့ ဗီယက်နမ် စတဲ့ အာဆီယံအဖွဲ့ဝင်နိုင်ငံတွေက ခေါင်းဆောင်တွေ တက်ရောက်ကြမှာဖြစ်ပြီး မြန်မာနိုင်ငံကတော့ နိုင်ငံခြားရေးဝန်ကြီးဌာန၊ အာဆီယံရေးရာဦးစီးဌာနရဲ့ ညွှန်ကြားရေးမှူးချုပ်က ကိုယ်စားပြု တက်ရောက်မှာလို့ ဆိုပါတယ်။
ညီလာခံမှာ ဒီနှစ်ဥက္ကဋ္ဌရဲ့ အထူးဧည့်သည်တော်တွေအဖြစ် ဘရာဇီးနဲ့ ကနေဒါနိုင်ငံတို့က ခေါင်းဆောင်တွေအပြင် အာဆီယံရဲ့ ဆွေးနွေးဖက်နိုင်ငံတွေဖြစ်တဲ့ သြစတြေးလျ၊ တရုတ်၊ အိန္ဒိယ၊ ဂျပန်၊ နယူးဇီလန်၊ တောင်ကိုရီးယား၊ ရုရှား၊ အမေရိကန်နဲ့ ကုလသမဂ္ဂက တာဝန်ရှိသူတွေလည်း တက်ရောက်ကြမှာပါ။
ဒါ့အပြင် အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ပ် တက်ရောက်မဲ့ အာဆီယံ-အမေရိကန် အထူးထိပ်သီးအစည်းအဝေးပွဲလည်း ကျင်းပသွားဖို့ ရှိနေပါတယ်။
ဖိလစ်ပိုင်သမ္မတဟာ အခုနှစ် အာဆီယံထိပ်သီးအစည်းအဝေးရဲ့ ပိတ်ပွဲအခမ်းအနားကို ဦးဆောင်ကျင်းပပြီး အာဆီယံဥက္ကဋ္ဌတာဝန်ကို စင်ကာပူနိုင်ငံဆီ လွှဲပြောင်းပေးအပ်သွားမယ်လို့လည်း ထုတ်ပြန်ချက်အရ သိရပါတယ်။
မြန်မာနိုင်ငံမှာ အာဏာသိမ်းစစ်တပ်က အာဆီယံ ဘုံသဘောတူညီချက် ၅ ရပ်ကို အကောင်အထည်ဖော်ဖို့ ပျက်ကွက်နေတာကြောင့် မင်းအောင်လှိုင် အပါအဝင် စစ်ခေါင်းဆောင်တွေကို အာဆီယံ အဆင့်မြင့်အစည်းအဝေးတွေမှာ တက်ရောက်ခွင့်မပေးဘဲ ထားရှိတာ ဖြစ်ပါတယ်။











