
ကရင်အမျိုးသားအစည်းအရုံး (KNU) နဲ့ ကရင်နီအမျိုးသားတိုးတက်ရေးပါတီ (KNPP) အပါအဝင် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေနဲ့ မြန်မာစစ်အာဏာရှင် အစိုးရကြား တွေ့ဆုံဆွေးနွေးမှုတွေ ဖြစ်မြောက်ရေး ကြားဝင်ကူညီပေးဖို့ အသင့်ရှိကြောင်း ထိုင်းနိုင်ငံက အဆိုပြုခဲ့ပြီး မြန်မာဘက်ကလည်း မူအားဖြင့် သဘောတူညီခဲ့တယ်လို့ ထိုင်းနိုင်ငံခြားရေးဝန်ကြီး ဆီဟဆတ် ဖွန်ကတ်ကယောက်က ပြောပါတယ်။
ထိုင်းနိုင်ငံခြားရေးဝန်ကြီး ဆီဟဆတ်ဟာ နိုဝင်ဘာ ၁၂ ရက်က နေပြည်တော်ကို နေ့ချင်းပြန် သွားရောက်ခဲ့ပြီးနောက် မြန်မာခရီးစဉ်က အပြန် ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့မှာ ပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ မီဒီယာတွေကို ပြောဆိုခဲ့တာပါ။
နေပြည်တော်မှာ မြန်မာစစ်အာဏာရှင်သမ္မတ မင်းအောင်လှိုင်နဲ့ တွေ့ဆုံခဲ့စဉ် ထိုင်းနိုင်ငံရဲ့ သဘောထားကို တင်ပြခဲ့တာဖြစ်ပြီး မြန်မာနိုင်ငံရဲ့ ညှိနှိုင်းရေးအဖွဲ့ကို ဦးဆောင်သူလည်းဖြစ်၊ ကာကွယ်ရေးဝန်ကြီးလည်းဖြစ်တဲ့ ဒုဗိုလ်ချုပ်ကြီးရာပြည့်နဲ့ တွေ့ဆုံစဉ်မှာလည်း အဲဒီအကြောင်း ဆွေးနွေးခဲ့တယ်လို့ ထိုင်းနိုင်ငံခြားရေးဝန်ကြီးက ပြောပါတယ်။
“ထိုင်းနိုင်ငံအနေနဲ့ ရှာဖွေကြိုးပမ်းနေတာကတော့ အာဆီယံနဲ့ မြန်မာနိုင်ငံကြား ပြန်လည်ထိတွေ့ ဆက်ဆံနိုင်ရေးပဲ ဖြစ်ပါတယ်။ ထိုင်းနိုင်ငံနဲ့ နိုင်ငံတကာအသိုက်အဝန်းက စိုးရိမ်ပူပန်နေတဲ့ ကိစ္စရပ်တွေမှာ အထူးသဖြင့် အတိုက်အခံ တိုင်းရင်းသားအဖွဲ့အစည်းတွေနဲ့ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်၊ တွေ့ဆုံဆွေးနွေးရေး လုပ်ငန်းစဉ်တွေကို ရှေ့ဆက်နိုင်ရေးနဲ့ ပတ်သက်ပြီး ထပ်မံတိုးတက်မှုတွေ ရှိလာဖို့ ကျနော် တိုက်တွန်းခဲ့ပါတယ်။ အထူးသဖြင့် ထိုင်းနယ်စပ်မှာရှိတဲ့ KNU၊ KNPP တို့လို တိုင်းရင်းသား အဖွဲ့အစည်းတွေနဲ့ မြန်မာအစိုးရကြား တွေ့ဆုံဆွေးနွေးမှုတွေ ဖြစ်မြောက်အောင် ကြားဝင်ကူညီပေးဖို့ ကျနော်တို့ အသင့်ရှိကြောင်း ထည့်သွင်း ပြောကြားခဲ့ပါတယ်။”
ဒါ့အပြင် မကြာခင်ကျင်းပမဲ့ အာဆီယံထိပ်သီးအစည်းအဝေး မတိုင်ခင် မြန်မာနိုင်ငံရဲ့ လက်ရှိ အခြေအနေကို အာဆီယံ နိုင်ငံခြားရေးဝန်ကြီးတွေကြား သုံးသပ်ဆွေးနွေးပြီး နောက်တဆင့် ဘယ်လို ဆက်လက်ဆောင်ရွက်မလဲ ဆိုတာလည်း ညှိနှိုင်းသွားဖို့ရှိတယ်လို့ ပြောပါတယ်။











