ဖိလစ်ပိုင်နိုင်ငံ၊ မနီလာမြို့မှာ ကျင်းပနေတဲ့ (၄၉) ကြိမ်မြောက် အာဆီယံထိပ်သီးအစည်းအဝေး ပထမနေ့ နိုဝင်ဘာ ၁၅ ရက်မနက်မှာ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ပ်ကို ဆန့်ကျင်ဆန္ဒပြတဲ့ တက်ကြွလှုပ်ရှားသူတွေနဲ့ ရဲတပ်ဖွဲ့ဝင်တွေ ရုန်းရင်းဆန်ခတ်ဖြစ်ပွားခဲ့ပြီး ဆန္ဒပြသူတချို့ ဖမ်းဆီးထိန်းသိမ်းခံခဲ့ရပါတယ်။
အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ပ်ရဲ့ ဖိလစ်ပိုင် ခရီးစဉ်နဲ့ အရှေ့အလယ်ပိုင်းပဋိပက္ခကို ရှုတ်ချတဲ့ ဆန္ဒပြသူရာပေါင်းများစွာဟာ ဒီနေ့ မနက်က မနီလာမြို့တော်မှာ အာဆီယံခေါင်းဆောင်တွေရဲ့ ထိပ်သီးအစည်းအဝေး ကျင်းပရာနေရာဆီ ချီတက်ချိန်မှာ ရဲတွေနဲ့ ပဋိပက္ခဖြစ်ခဲ့ တာပါ။
ဒီမိုကရေစီနဲ့ လူမှုရေးတရားမျှတမှုအတွက် လှုပ်ရှားနေတဲ့ ဖိလစ်ပိုင်တက်ကြွလှုပ်ရှားသူအဖွဲ့တွေရဲ့ ကွန်ရက်တခုဖြစ်တဲ့ မျိုးချစ်မဟာမိတ်အဖွဲ့သစ်က ဆန္ဒပြသူတွေဟာ ထရမ့်ပ် ပွဲတက်မဲ့ အစီအစဉ်ကို ဆန့်ကျင်ဆန္ဒပြခဲ့ပြီး ခန်းမဆီ ချဉ်းကပ်ဖို့ ကြိုးစားခဲ့ပေမဲ့ ရဲတွေက ပိတ်ဆို့ထားခဲ့ပါတယ်။
၄၉ ကြိမ်မြောက် အာဆီယံခေါင်းဆောင်တွေရဲ့ ထိပ်သီးအစည်းအဝေးအတွင်း မျှော်လင့်ထားတဲ့ ဆန္ဒပြပွဲတွေထဲက တခုမှာ ထရမ့်ပ်ရဲ့ ခရီးစဉ်နဲ့ ပိုကျယ်ပြန့်တဲ့ ဒေသတွင်းပြဿနာတွေကို ကန့်ကွက်ကြောင်း ထုတ်ပြောဖို့ တက်ကြွ လှုပ်ရှားသူတွေက ကတိပြုခဲ့ကြပါတယ်။
ဆန္ဒပြခေါင်းဆောင် တက်ဒီကာစီနိုက ဖိလစ်ပိုင်သမ္မတ ဖာဒီနန်မားကို့စ်ဂျူနီယာဟာ ဖိလစ်ပိုင်ပြည်သူတွေရဲ့ စိုးရိမ်စိတ်တွေကို ဖြေရှင်းဖို့ ပျက်ကွက်ခဲ့ပြီး နိုင်ငံခြားခေါင်းဆောင်တွေကို ကြိုဆိုမှုအတွက် ဝေဖန်ခဲ့ပါတယ်။
အာဆီယံခေါင်းဆောင်တွေဟာ အမေရိကန်၊ တရုတ်နဲ့ ဂျပန်အပါအဝင် အဓိက အင်အားကြီးနိုင်ငံတွေက မိတ်ဖက်တွေနဲ့လဲ ဆွေးနွေးမှာပါ။
နိုဝင်ဘာ ၁၅ ရက်ကနေ ၁၇ ရက်အထိ ကျင်းပမဲ့ အစည်းအဝေးတွေမှာ အရှေ့အလယ်ပိုင်း ပဋိပက္ခ၊ မြန်မာ၊ တောင်တရုတ်ပင်လယ်နဲ့ နယ်စပ်ဖြတ်ကျော် ညစ်ညမ်းမှုတွေကြောင့် စီးပွားရေး ထိခိုက်မှုတွေကို ဆွေးနွေးဖို့ မျှော်လင့်ထားပါတယ်။











