
ဖိလစ်ပိုင်နဲ့ ဩစတြေးလျနိုင်ငံတို့ဟာ ကာကွယ်ရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှု သဘောတူညီချက်သစ် တရပ်ကို နိုဝင်ဘာ ၁၅ ရက်မှာ လက်မှတ်ရေးထိုးလိုက်ပါတယ်။
ဒီသဘောတူညီချက်ဟာ ၂ နိုင်ငံအကြား လုံခြုံရေးဆိုင်ရာ ဆက်ဆံရေးကို ပိုနက်ရှိုင်းစေမဲ့အပြင်၊ ပူးတွဲစစ်ရေးလှုပ်ရှားမှုတွေ လုပ်ရာမှာ ကြုံတွေ့ရလေ့ရှိတဲ့ စီမံခန့်ခွဲရေးဆိုင်ရာ အတားအဆီးတွေကို လျှော့ချပေးခြင်းအားဖြင့် လက်ရှိ ရှိပြီးသားတပ်ဖွဲ့တွေ အပြန်အလှန် ဝင်ရောက်လည်ပတ်မှုဆိုင်ရာ သဘောတူညီချက်ကို ပိုထိထိရောက်ရောက် အကောင်အထည်ဖော်နိုင်စေလိမ့်မယ်လို့ ဖိလစ်ပိုင် အစိုးရက ပြောပါတယ်။
တောင်တရုတ်ပင်လယ်အတွင်း တရုတ်နိုင်ငံရဲ့ ရန်လိုတဲ့ အပြုအမူလို့ ဖိလစ်ပိုင်ဘက်က ဖော်ပြထားတဲ့ အခြေအနေတွေနဲ့ ရင်ဆိုင်နေရချိန်မှာ၊ ဖိလစ်ပိုင်နိုင်ငံက မဟာမိတ် အမေရိကန်နဲ့ ရေရှည်တည်တံ့တဲ့ မဟာမိတ်ဆက်ဆံရေးကို ဆက်ထိန်းသိမ်းထားရင်း၊ တခြား လုံခြုံရေးဆိုင်ရာ မိတ်ဖက်ကွန်ရက်တွေကိုလည်း တိုးချဲ့နေတာပါ။
ဩစတြေးလျနိုင်ငံဟာ တောင်တရုတ်ပင်လယ်ကိစ္စနဲ့ပတ်သက်ပြီး ဖိလစ်ပိုင်နိုင်ငံရဲ့ ရပ်တည်ချက်ကို အစဉ်တစိုက် ထောက်ခံအားပေးလာခဲ့ပါတယ်။
အထူးသဖြင့် တရုတ်နိုင်ငံရဲ့ ကျယ်ပြန့်တဲ့ ပင်လယ်ရေကြောင်းဆိုင်ရာ ပိုင်နက်တောင်းဆိုမှုတွေကို ပယ်ဖျက်ကြောင်း ၂၀၁၆ ခုနှစ်မှာ အမြဲတမ်းခုံသမာဓိရုံးက ချမှတ်ခဲ့တဲ့ ဆုံးဖြတ်ချက်ကို ဩစတြေးလျက ထောက်ခံခဲ့ပါတယ်။
ဒါပေမဲ့ တရုတ်ပြည်မကြီးအစိုးရကတော့ ခုံရုံးရဲ့ ဆုံးဖြတ်ချက်ကို လက်မခံဘဲ ပယ်ချထားပါတယ်။ အာဆီယံထိပ်သီး အစည်းအဝေးတက်ဖို့ မနီလာမြို့တော်ဆီ ရောက်နေတဲ့ ဩစတြေးလျဝန်ကြီးချုပ် အန်သိုနီအယ်လ်ဘာနီစ်က ကာကွယ်ရေးဆိုင်ရာ သဘောတူညီချက် လက်မှတ်ရေးထိုးပွဲကို တက်ရောက် သက်သေပြုခဲ့ပါတယ်။
ဒီသဘောတူညီချက်ဟာ ရေကြောင်းဆိုင်ရာ အခြေအနေတွေကို သိရှိနားလည်မှုနဲ့ သတင်းအချက်အလက် မျှဝေမှုတို့ကို တိုးတက်စေမဲ့အပြင်၊ မဟာဗျူဟာမြောက် ဆွေးနွေးမှုတွေ၊ စစ်ရေးလေ့ကျင့်မှုတွေ၊ တပ်ဖွဲ့တွေကြား ပူးပေါင်းဆောင်ရွက်နိုင်စွမ်းနဲ့ ကာကွယ်ရေးဆိုင်ရာ အခြေခံအဆောက်အအုံ ဖွံ့ဖြိုးတိုးတက်ရေး တို့ကိုပါ မြှင့်တင်ပေးလိမ့်မယ်လို့ သူက ဆိုခဲ့ပါတယ်။
Source: Reuters











