
မှတ်တမ်းဓာတ်ပုံတွေကို ကြည့်လိုက်ရင် တောင်းပန်တိုးလျှိုး ရိုကျိုးစွာ သတိပေးပါရစေလို့ အစိုးရတု နိုင်ငံခြားရေးဒုဝန်ကြီးက ဂျာမနီသံရုံးအကြီးအကဲကို မေတ္တာရပ်ခံနေတယ်လို့ ပြောရပါမယ်။
သတိပေးခံရတယ်ဆိုတဲ့ ဂျာမနီသံရုံးအကြီးအကဲရဲ့ မျက်နှာပေးက ထီမထင် မကျေနပ်တဲ့ အမူအရာ အပြည့်နဲ့ အပေါ်စီးကနေ ချိုကြည့်ကြည့်နေသလိုမျိုး။ အစိုးရတုရဲ့ ဒုဝန်ကြီးကတော့ မပြောမဖြစ်မို့ မလုံမလဲနဲ့ မျက်လွှာအောက်ချ ပြောနေတဲ့ပုံ။ ထိုင်နေတာကလည်း ကျုံ့ကျုံ့လေး။
ပြဿနာက ပြည်သူရွေးကောက်ခံ သမ္မတကြီးဦးဝင်းမြင့်ရဲ့ ၇၅ နှစ်ပြည့်မွေးနေ့ဖြစ်တဲ့ နိုဝင်ဘာ ၈ ရက်မှာ ဦးဝင်းမြင့်ရဲ့ တာမွေတိုက်ခန်းရှေ့သို့ ဂျာမနီသံရုံးအကြီးအကဲ သွားရောက်ကာ ရုပ်သံထုတ်လွှင့် ပြောဆိုမှု။
ဂျာမနီသံရုံးအကြီးအကဲရဲ့ ပြောကြားချက်က ဘာတွေများ အမှားပါသွားလို့ပါလဲ။ ဦးဝင်းမြင့်ကို ကုလသမဂ္ဂက မြန်မာနိုင်ငံရဲ့ တရားဝင်သမ္မတအဖြစ် အသိအမှတ်ပြုထားဆဲ။ ဦးဝင်းမြင့်ကို အခုနှစ်ဧပြီမှာ နေပြည်တော်က ထောင်ထဲကနေ ပြန်လွှတ်ပေးခဲ့တယ်။ ပြန်လွှတ်ပေးတဲ့အပေါ် ဂျာမနီက ကြေညာချက်ထုတ်ကြိုဆိုခဲ့ပြီး ဦးဝင်းမြင့်နဲ့ တွေ့ဆုံဖို့ ကြိုးစားခဲ့ရာမှာ ခွင့်ပြုချက်ရယူဖို့ လိုတယ်လို့ နေပြည်တော်က အကြောင်းကြား ခဲ့တယ်။ အခု ၆ လကြာခဲ့ပေမဲ့ တွေ့ဆုံခွင့်မရ။ ဒါ့ကြောင့် ဦးဝင်းမြင့်ဟာ ထောင်ထဲကနေ ပြန်လွတ်လာတယ်ဆိုပေမဲ့ သူတွေ့ချင်တဲ့သူတွေနဲ့ လွတ်လပ်စွာ တွေ့ဆုံခွင့်မရ၊ လွတ်လပ်စွာ ဆက်သွယ်ပြောဆိုခွင့်လည်း မရှိဘူးလို့ ဂျာမနီ သံရုံးအကြီးအကဲက ဆိုတယ်။ ပြီးတော့ ကုလသမဂ္ဂညီလာခံ၊ လုံခြုံရေးကောင်စီနဲ့ ဂျာမနီအစိုးရရဲ့ တောင်းဆိုချက်ဖြစ်တဲ့ သမ္မတ ဦးဝင်းမြင့် ၊ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့ မတရားဖမ်းဆီးခံထားရသူတွေကို ခြွင်းချက်မရှိ ပြန်လွှတ်ဖို့နဲ့ ပဋိပက္ခတွေ အဆုံးသတ်ဖို့အတွက် အဓိပ္ပါယ်ရှိတဲ့ တွေ့ဆုံဆွေးနွေးမှုတွေ စတင်လုပ်ဆောင်ဖို့။
ကဲ၊ ဘာတွေများ မှားသွားလို့လဲ။ ဦးဝင်းမြင့်ကို ကုလသမဂ္ဂက တရားဝင်သမ္မတအဖြစ် အသိအမှတ်ပြုထားတာလည်း တကယ့်အမှန်တရား။ ပြီးတော့ ဦးဝင်းမြင့်ကို ထောင်ကနေ ပြန်လွှတ်လိုက်ပေမဲ့ ဘာမှ လွတ်လပ်ခွင့်မရှိ ဖြစ်နေတာလည်း အများသိ။ နိုင်ငံရေးအကျဉ်းသားတွေ ပြန်လွှတ်ပေးဖို့နဲ့ တွေ့ဆုံဆွေးနွေးကြဖို့ဆိုတာ အာဆီယံ ဘုံသဘောတူညီချက်ထဲမှာအကျုံးဝင်သလို လုံခြုံရေးကောင်စီရဲ့ မြန်မာ့အရေးဆုံးဖြတ်ချက် အမှတ် ၂၆၆၉ ထဲမှာလည်း တောင်းဆိုထားတဲ့အရာ။
ဒါပေမဲ့၊ ဦးဝင်းမြင့်သည်သာ ကုလသမဂ္ဂအသိအမှတ်ပြု တရားဝင်သမ္မတဖြစ်ကြောင်း ဂျာမနီသံရုံး အကြီးအကဲက ထုတ်ဖော်ပြောကြားလိုက်တဲ့အပေါ် သမ္မတရူးရူးနေတဲ့ သမ္မတတုမင်းအောင်လှိုင်က ဆတ်ဆတ်ခါသွားတဲ့ပုံ။ ဒါ့ကြောင့် နိုင်ငံတော်ကို အကြည်ညိုပျက်အောင် အားပေးလှုံ့ဆော်ရာရောက်တယ်လို့ ခေါင်းစဉ်တပ်လိုက်တာမို့ ဂျာမနီသံရုံးအကြီးအကဲကို ၅၀၅ ပုဒ်မတောင် တပ်ချင်တဲ့ပုံ။ ပြီးတော့ ဦးဝင်းမြင့်ဟာ ထောင်ကနေ ပြန်လွတ်လာပေမဲ့ လွတ်မြောက်သေးခြင်းမရှိကြောင်း ဂျာမနီ သံရုံးအကြီးအကဲက သူ့ကိုယ်တွေ့ ဖြစ်စဉ်ကို ဖွင့်ချလိုက်တဲ့အပေါ်လည်း မင်းအောင်လှိုင် ပေါက်ကွဲသွားတဲ့ပုံ။
“သံရုံးယာယီတာဝန်ခံအနေဖြင့် ဦးဝင်းမြင့်အား နိုင်ငံတော်သမ္မတ အဖြစ်သဘောထားကာ လက်ရှိအစိုးရနှင့် လက်တွဲဆောင်ရွက်လိုခြင်းမရှိ၍ မြန်မာနိုင်ငံ၌ ဆက်လက် တာဝန်ထမ်းဆောင်ခြင်း မပြုလိုပါကလည်း မိမိတို့အနေဖြင့် တားမြစ်မည် မဟုတ်ကြောင်း…”လို့လည်း အစိုးရတုက ထုတ်ပြန်တယ်။
ပြီးတော့ အခုလိုလုပ် ရပ်မျိုး ထပ်မလုပ်ဖို့ ပြင်းထန်စွာ သတိပေးကြောင်း။ အစိုးရတု နိုင်ငံခြားရေးဌာနရဲ့ ထုတ်ပြန်ချက်က စကားလုံးတွေ ပြင်းထန်သလောက် ခေါ်သတိပေးတဲ့ အစိုးရတု ဒုဝန်ကြီးကတော့ ကျိုးနွံစွာ။ ထားတော့။
စစ်တပ်က အာဏာသိမ်းတော့ သမ္မတရာထူးကနေ နုတ်ထွက်ပေးဖို့ မင်းအောင်လှိုင် ခြိမ်းခြောက်ခဲ့ပေမဲ့ ဘာမထီသမ္မတ ဦးဝင်းမြင့်က ပြတ်ပြတ်ငြင်းဆန်ကာ ထောင်ထဲဝင်သွားခဲ့တယ်။ ထောင်ထဲမှာ ၅ နှစ်ကျော်ကြာ၊ ၂၀၂၆ ခုနှစ်၊ ဧပြီ ၁၇ ရက်၊ နိုင်ငံတကာအမြင်ကောင်းအောင် လူယောင်ဆောင်ပြချင်တော့ ဦးဝင်းမြင့်ကို လွတ်ငြိမ်းခွင့်ပြု။ တောင်ငူထောင်ဗူးဝမှာ မင်းအောင်လှိုင်ခန့် ပြည်ထဲရေးဒုဝန်ကြီးက ခံဝန်ပုဒ်မ ၄၀၁ ကို လက်မှတ်ထိုးခိုင်းတော့ ဦးဝင်းမြင့်က ဥပဒေနဲ့မညီတာ ဘာမှလုပ်ခဲ့တာ မရှိတဲ့အတွက် လက်မှတ်မထိုးနိုင်၊ ကြိုက်တာလုပ်ပါလို့ ပြောခဲ့တယ်။ ဆိုလိုတာက လက်မှတ်မထိုးတဲ့အတွက် ထောင်ထဲပြန်ထည့်ချင်လည်းထည့်လို့ စိန်ခေါ်လိုက်တဲ့သဘော။ မရမက လွှတ်ပေးချင်တော့လည်း လက်မှတ်မထိုးရင်လည်း ဘယ်တတ်နိုင်မလဲ။ ၄၀၁ ၊ ပုဒ်မခွဲ ၁ ကို သာ ဦးဝင်းမြင့်ရှေ့မှာ ရွတ်ပြပြီး အိမ်ပြန်ပို့ရရှာတယ်။
သမ္မတဦးဝင်းမြင့်ကို ပြန်လွှတ်လိုက်တယ်ဆိုရင်ပဲ ရန်ကုန်မှာရှိနေတဲ့ NLD ပါတီခေါင်းဆောင်တချို့ နေပြည်တော်အိမ် ရောက်လာတယ်။ ဦးဝင်းမြင့်မိသားစု ရိုက်ထားတဲ့ဓာတ်ပုံကို ဖေ့စ်ဘွတ်ခ်စာမျက်နှာပေါ်ထုတ်ပြန်ရာမှာ သမ္မတရဲ့မျက်နှာဟာ တင်းတင်းမာမာ၊ အရယ်အပြုံးမရှိ။ သမ္မတကြီးဟာ တိုင်းပြည်နဲ့လူမျိုး အတွက် ဆက်လက်ဆောင်ရွက်ဖို့ အင်အားအပြည့်ရှိနေကြောင်း NLD တာဝန်ရှိသူတယောက်ဖြစ်တဲ့ ဒေါက်တာ မျိုးညွန့်က မီဒီယာတွေကို တဆင့် ပြောကြားလိုက်တော့ ပြည်သူတို့ ကျေနပ်အားရကြတယ်။ အဲဒီနောက် သမ္မတတဟောင်း ဦးထင်ကျော်၊ ဦးဝင်းမြင့်ကို သွားရောက်တွေ့ဆုံ။ သမ္မတဟောင်းနဲ့ သမ္မတဦးဝင်းမြင့်ရဲ့ ဓာတ် ပုံကလည်း ပြည်သူ့ပလက်ဖောင်းပေါ် ဆက်လှုပ်သွားပြန်တယ်။
နေပြည်တော်ဗိုလ်ချုပ်တွေ မျှော်လင့်ထားပုံမရတဲ့ ရိုက်ချက်။ ဒီပုံအတိုင်းဆို အခြေအနေမကောင်း တော့ဘူးဆိုတာ စစ်ဗိုလ်ချုပ်တွေ ကောင်းကောင်း သိသွားတယ်။ ထောင်ထဲပြန်ထည့်ပြန်ရင်လည်း အရှက်ကွဲ အကျိုးနည်း လူ ပြောခံရဦးမယ်။ ဒီအတိုင်းလွှတ်ထားလို့လည်း မဖြစ်ပြန်တော့ မျက်နှာပြောင်ပြောင်နဲ့ပဲ ဦးဝင်းမြင့်အိမ်နားမှာ ဂိတ်ချကာ အဝင်အထွက် ပိတ်။ အိမ်အကျယ်ချုပ်ဆိုတဲ့စကားလုံးကို မသုံးပေမဲ့ ဦးဝင်းမြင့်ကို ထောင်ထဲကနေ ပြန်လွှတ်ပြီး အိမ်အကျယ်ချုပ်ချလိုက်ခြင်းဖြစ်တယ်။ နိုင်ငံရေးဆောင်ရွက်ခွင့်ဝေးစွ၊ တွေ့ချင်တဲ့သူနဲ့ တွေ့ဖို့ မပြောနဲ့၊ ဖုန်း၊ အင်တာနက်တို့နဲ့ ပြင်ပဆက်သွယ်ခွင့်တောင် မရ။ အဲဒါကို နေအိမ်အကျယ်ချုပ်လို့ မပြောရင် ဘယ်လိုပြောရမလဲ။
နိုင်ငံတကာအသိုက်အဝန်းက ထုတ်ဖော်ကန့်ကွက်ခဲ့ခြင်းမရှိတာကြောင့် သမ္မတ ဦးဝင်းမြင့် နေအိမ်အကျယ် ချုပ်ကျနေတာဟာ အခုဂျာမနီသံရုံးအကြီးအကဲက ထုတ်ဖော်ပြောကြားလိုက်မှသာ လှုပ်ခတ်လာတာ ဖြစ်တယ်။
ဆိုတော့ ဦးဝင်းမြင့်ကိုတောင် ထောင်ကနေ ပြန်လွှတ်ပြီး တပတ်မကြာ နေအိမ်အကျယ်ချုပ်ပြန် ထားတဲ့အထိ အကြောက်ကြီး အရှက်နည်းခဲ့တဲ့ စစ်အုပ်စုဟာ ဦးဝင်းမြင့်ထက် နိုင်ငံရေးဩဇာကြီးပြီး ကမ္ဘာက စောင့်ကြည့်နေတဲ့ ဒေါ်အောင်ဆန်းစုကြည်ကိုရော ပြန်လွှတ်ရဲပါ့မလား။
ဒေါ်အောင်ဆန်းစုကြည်ကို ပြန်လွှတ်ဖို့ဆိုတာ ဒီနေ့ထိတိုင် မင်းအောင်လှိုင် အိပ်မက်ထဲတောင် ထည့် မမက်ရဲသေးတာ သေချာတယ်။ ဒါပေမဲ့၊ အာဆီယံထိုင်ခုံလည်း ပြန်လိုချင်၊ နိုင်ငံတကာရဲ့ တရားဝင်မှုလည်း အငမ်းမရ လိုချင်နေလေတော့ တထစ်ချင်း လျှော့လာပြီလိုလို၊ တရားဝင်မှု ရရှိပြီးမှသာ နောက်ဆက်တွဲ ဖြေလျှော့မှုတွေ ထပ်လာမှာလိုလိုနဲ့ ရမလားလို့ မင်းအောင်လှိုင် မျှားနေတာ တွေ့ရတယ်။
ဒေါ်အောင်ဆန်းစုကြည်နဲ့ ICRC တွေ့ဆုံခွင့် ပြုခဲ့တယ်။ သားဖြစ်သူ ကိုထိန်လင်းနဲ့ မိနစ် ၂၀ တယ်လီဖုန်းနဲ့ကနေ စကား ပြောခွင့်ပြုခဲ့တယ်။ နောက်ထပ် မင်းအောင်လှိုင် ဘာတွေ ထပ်ခွင့်ပြုဦးမှာလဲ။
အာဆီယံဘုံသဘောတူညီချက် ၅ ရပ်ထဲက သက်ဆိုင်သူအားလုံး တွေ့ဆုံဆွေးနွေး အဖြေရှာဖို့ဆိုတာ ဒေါ်အောင်ဆန်းစုကြည်နဲ့ နိုင်ငံရေးအကျဉ်းသားအားလုံးကို ခြွင်းချက်မရှိ ပြန်လွှတ်ပေးရေးကနေ အစပြုရပါမယ်။ ပြီးတော့ ဒေါ်အောင်ဆန်းစုကြည် အပါအဝင် သက်ဆိုင်သူများအားလုံး နိုင်ငံရေးလုပ်ဆောင်ခွင့်ကိုလည်း အတိအလင်း ရည်ညွှန်းထားပါတယ်။
ကုလသမဂ္ဂအတွင်းရေးမှူးချုပ်ရဲ့ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ် ဂျူလီဘစ်ရှော့က ဒေါ်အောင်ဆန်းစုကြည် အပါအဝင် မတရားဖမ်းဆီးထိန်းသိမ်းခံ ထားရသူတွေ ပြန်လွှတ်ပေးရေးကို မြန်မာ့အရေး တိုးတက်မှုစံညွှန်းတခုအဖြစ် ထည့်သွင်း သတ်မှတ်ဖို့ တိုက်တွန်းထားပါတယ်။
လက်ရှိ မင်းအောင်လှိုင်ရဲ့ ရပ်တည်ချက်က တခြားလိုချင်တာ အကုန်ပြော၊ အာဆီယံဘုံသဘောတူညီ ချက် ၅ ရပ်ကိုတော့ လာမပြောနဲ့ဆိုတဲ့ အထိုင်ကနေ တရားဝင်မှု ရှာဖွေနေခြင်းပါပဲ။ ဦးဝင်းမြင့်ကိုတောင် ပြန်မလွှတ်ရဲတဲ့နောက် ဒေါ်အောင်ဆန်းစုကြည်ကို ပြန်လွှတ်ဖို့ရာ သိပ်ဝေးလွန်းလှပါတယ်။
ဒီနေ့အထိ မြင်သမျှ တွေ့သမျှနဲ့ ထင်ပြရရင် ဒေါ်အောင်ဆန်းစုကြည်နဲ့ ပတ်သက်ပြီး မင်းအောင်လှိုင်ရဲ့ လိုက်လျောနိုင်စွမ်းက ရန်ကုန်မြို့က ပါဝါ ၅၄ မှာ နေအိမ်အကျယ်ချုပ် ချထားခြင်းပါပဲ။











