
အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ပ်က ဒီအပတ်အတွင်း တရုတ်နိုင်ငံမှာ မြောက်ကိုရီးယား ခေါင်းဆောင် ကင်မ်ဂျုံအန်းနဲ့ တွေ့ကောင်းတွေ့နိုင်တယ်လို့ နိုဝင်ဘာ ၁၆ ရက်မှာ ပြောလိုက်ပါတယ်။
တကယ်လို့ ဒီတွေ့ဆုံမှု ဖြစ်လာခဲ့ရင် ထရမ့်ပ်ရဲ့ အရှေ့အာရှခရီးစဉ်မှာ အပြောင်းအလဲကြီးတွေ ဖြစ်လာနိုင်ပါတယ်။
၂၀၁၇ ခုနှစ်ကနေ ၂၀၂၁ ခုနှစ်အထိ သမ္မတသက်တမ်းအတွင်း (ကိုရီးယားစစ်မဲ့ဇုန်အတွင်း တွေ့ဆုံမှု အပါအဝင်) မြောက်ကိုရီးယားခေါင်းဆောင်နဲ့ အကြိမ်ကြိမ်တွေ့ဆုံခဲ့ဖူးတဲ့ သမ္မတထရမ့်ပ်ဟာ အခုလက်ရှိ သက်တမ်းအတွင်း နောက်ထပ်တွေ့ဖို့ စိတ်ဝင်စားတယ်လို့ အရင်က ပြောဖူးပါတယ်။
ဒါပေမဲ့ အမေရိကန်အဆင့်မြင့်အရာရှိကြီးတွေကတော့ လက်ရှိ အချိန်မှာ ခုလိုတွေ့ဖို့အစီအစဉ် မရှိသေးဘူးလို့ ပြောဆိုထားပါတယ်။
ဒါ့အပြင် အရင်ကလည်း အာရှခရီးစဉ်တခုအတွင်းအပါအဝင် ကင်မ်ဂျုံအန်းနဲ့တွေ့မယ်လို့ ထရမ့်ပ် က ကြိုပြောခဲ့ပေမဲ့ လက်တွေ့မှာ မဖြစ်မြောက်ခဲ့တဲ့ အကြိမ်တွေ ရှိဖူးပါတယ်။
ကုလသမဂ္ဂဆိုင်ရာ မြောက်ကိုရီးယားမစ်ရှင်အဖွဲ့က မှတ်ချက်ပေးဖို့ တောင်းဆိုချက်အပေါ် ချက်ချင်း မတုံ့ပြန်သေးပေမဲ့ မြောက်ကိုရီးယားဘက်ကတော့ လက်ရှိအချိန်မှာ အမေရိကန်သမ္မတနဲ့ တွေ့ဖို့ အစီအစဉ်မရှိဘူးလို့ လူသိရှင်ကြား ထုတ်ပြောထားပါတယ်။
တွေ့ဖြစ်ခဲ့ရင် တရုတ်နိုင်ငံမှာသာတွေ့ဖြစ်မှာ ဖြစ်ပြီး၊ မြောက်ကိုရီးယားခေါင်းဆောင် ရောက်လာနိုင်ခြင်း ရှိ၊ မရှိကတော့ တရုတ်သမ္မတ ရှီကျင့်ဖျင်ရဲ့ ဆုံးဖြတ်ချက် အပေါ် မူတည်တယ်လို့ ဖိလစ်ပိုင်နဲ့ တရုတ်နိုင်ငံတွေဆီသွားဖို့ အိမ်ဖြူတော်ကနေ ထွက်လာချိန်မှာ သမ္မတထရမ့်ပ်က သတင်းထောက်တွေကို ပြောပါတယ်။
Source: Reuters











