
မြောက်ကိုရီးယားခေါင်းဆောင် ကင်မ်ဂျုံအန်းဟာ တရုတ်နယ်စပ်အနီးက ခရီးသွားဇုန် တည်ဆောက်ရေးလုပ်ငန်းတွေကို လတ်တလောရက်ပိုင်းအတွင်း သွားရောက်စစ်ဆေးခဲ့တယ်လို့ နိုင်ငံပိုင် KCNA သတင်းဌာနက နိုဝင်ဘာ ၁၇ ရက်မှာ ဖော်ပြပါတယ်။
ဒါဟာ ကင်မ်တရုတ်နိုင်ငံကို ခရီးထွက်နိုင်တယ်လို့ အမေရိကန်နဲ့ ရုရှားတာဝန်ရှိသူတွေရဲ့ ခန့်မှန်းပြောဆိုမှုတွေ ထွက်ပေါ်နေချိန်မှာပဲ အခုလို သွားရောက် စစ်ဆေးခဲ့တာ ဖြစ်ပါတယ်။
KCNA ရဲ့ ထုတ်လွှင့်ချက်အရ ကင်မ်ဟာ နိုဝင်ဘာ ၁၅ ရက်နဲ့ နိုဝင်ဘာ ၁၆ ရက်တွေမှာ ဆမ်ဂျီယွန် လေဆိပ်ပြန်လည်တည်ဆောက်ရေးလုပ်ငန်း၊ ခရီးသွားရထားလမ်းနဲ့ နှင်းလျှောစီး အပန်းဖြေစခန်း တို့ကို လှည့်လည်ကြည့်ရှုခဲ့ပြီး အဲဒီစခန်းက ဟိုတယ်တွေ၊ တည်းခိုခန်းတွေနဲ့ လူနေအိမ်တွေဟာ အပြစ်အနာအဆာကင်းပြီး အမှတ်ပြည့်ပေးရလောက်အောင် အကောင်းဆုံးအဆင့်ရှိတယ်လို့ ပြောပါတယ်။
နိုင်ငံပိုင်ရုပ်သံလွှင့်ဌာန KRT က အင်္ဂါနေ့မှာ ထုတ်လွှင့်ခဲ့တဲ့ ရုပ်သံမှတ်တမ်းထဲမှာ ကင်မ်ဟာ သမီးဖြစ်သူ ကင်မ်ဂျူအဲနဲ့အတူ နှင်းဖုံးနေတဲ့ တောင်စောင်းအနီးက ဟိုတယ်တွေကို လှည့်လည် ကြည့်ရှုနေတာနဲ့ အဆောက်အအုံတွေကို စစ်ဆေးနေတာကို တွေ့ရပါတယ်။
အမေရိကန်သမ္မတ ထရမ့်ပ်က ဒီသီတင်းပတ်အတွင်း တရုတ်နိုင်ငံမှာ ကင်မ်ဂျုံအန်းနဲ့ တွေ့ကောင်း တွေ့ဆုံနိုင်တယ်လို့ တနင်္လာနေ့မှာ ပြောပြီးနောက်၊ လျှို့ဝှက်သိုသိပ်တတ်တဲ့ မြောက်ကိုရီးယား ခေါင်းဆောင်အနေနဲ့ နိုင်ငံရပ်ခြားကို ခရီးထွက်လာနိုင်မလားဆိုတဲ့ ခန့်မှန်းချက်တွေ တကျော့ပြန် ထွက်ပေါ်နေချိန်မှာပဲ ဒီခရီးစဉ် ပေါ်ပေါက်လာတာပါ။
ဒါ့အပြင် မြောက်ကိုရီးယားခေါင်းဆောင်သာ ရှန်ကျန်းမြို့မှာ ဒီသီတင်းပတ် ကျင်းပမဲ့ အာရှ-ပစိဖိတ် စီးပွားရေးပူးပေါင်းဆောင်ရွက်မှု (APEC) ထိပ်သီးအစည်းအဝေးကို တက်ရောက်လာမယ်ဆိုရင် သမ္မတ ဗလာဒီမာပူတင်အနေနဲ့ ကင်မ်နဲ့ တွေ့ဆုံနိုင်တယ်လို့ ကရင်မလင်နန်းတော် ပြောရေးဆိုခွင့် ရှိသူက ပြောတယ်လို့ ရုရှားသတင်းဌာန Interfax ကလည်းဖော်ပြပါတယ်။
Source:Reuters











