နီပေါနိုင်ငံအတွက် အိန္ဒိယက ဒေါ်လာ ၁ ဒသမ ၆၂ ဘီလီယံတန်ဖိုးရှိ စီးပွားရေးကူညီ
အိန္ဒိယနိုင်ငံရဲ့ မြို့တော် နယူးဒေလီမြို့မှာ နီပေါနိုင်ငံဝန်ကြီးချုပ် ဘာလန်ဒရာရှားနဲ့ ဆွေးနွေးအပြီး အိန္ဒိယဝန်ကြီးချုပ် နာရန်ဒြာမိုဒီက နီပေါနိုင်ငံအတွက် နီပေါရူပီးငွေ ဘီလီယံ ၂၄၀ နဲ့ ညီမျှတဲ့ အမေရိကန်ဒေါ်လာ ၁ ဒသမ ၆၂ ဘီလီယံ တန်ဖိုးရှိ စီးပွားရေး အထောက်အပံ့တွေ ပေးမယ်လို့ နိုဝင်ဘာ ၂၃ ရက်မှာ ပြောလိုက်ပါတယ်။
ဝန်ကြီးချုပ် ရှားဟာ အိန္ဒိယနိုင်ငံမြို့တော်ကို ၂ ရက်ကြာ ခရီးစဉ်နဲ့ ရောက်နေတာဖြစ်ပြီး ဒါဟာ မတ်လမှာ အာဏာရပြီးတဲ့နောက် ၂ နိုင်ငံ ဆိုင်ရာ ပထမဆုံးခရီးစဉ် ဖြစ်ပါတယ်။
ဩဂုတ်လအတွင်း ဟိမဝန္တာဒေသမှာ လူပေါင်း ၁,၅၀၀ လောက် သေဆုံးပြီး နောက်ထပ် အယောက် ၅,၂၀၀ လောက် ပျောက်ဆုံးခဲ့ကာ သေဆုံးသွားပြီလို့ ယူဆရတဲ့ ဆိုးရွားပြင်းထန်တဲ့ ရေဘေးအန္တရာယ် ဖြစ်ပွားပြီးတဲ့နောက်ပိုင်းမှာ လာလည်တာ ဖြစ်ပါတယ်။
နီပေါနိုင်ငံ ပြန်လည်တည်ဆောက်ရေးနဲ့ ရေရှည်ဖွံ့ဖြိုးတိုးတက်ရေးအတွက် တွန်းအားသစ်တခု ပေးစွမ်းနိုင်ဖို့ ရည်ရွယ်ပြီး နီပေါရူပီး ၂၄၀ ဘီလီယံ တန်ဖိုးရှိတဲ့ ဖွံ့ဖြိုးရေး ပူးပေါင်းဆောင်ရွက်မှု အစီအစဉ်တခုကို ဒီနေ့ ကြေညာပါတယ်လို့ မိုဒီက ရှားနဲ့အတူ ရပ်ရင်း မီဒီယာတွေကို ပြောခဲ့ပါတယ်။
ထိခိုက်ခံစားခဲ့ရတဲ့ မိသားစုတွေရဲ့ ဘဝကို ပုံမှန်အခြေအနေ ပြန်ရောက်အောင် ကူညီပေးခြင်း၊ အခွင့်အလမ်းသစ်တွေ ဖန်တီးပေးခြင်းနဲ့ အနာဂတ်မှာ ဖြစ်လာနိုင်တဲ့ ဘေးအန္တရာယ်တွေကို ရင်ဆိုင်ဖြေရှင်းနိုင်ဖို့ နီပေါနိုင်ငံရဲ့ စွမ်းဆောင်ရည်ကို ပိုခိုင်မာအားကောင်းလာစေဖို့ ကတိကဝတ် ပြုပါတယ်လို့ မိုဒီက ပြောပါတယ်။
သဘာဝဘေးအန္တရာယ်တွေနဲ့ ခက်ခဲကြမ်းတမ်းတဲ့ အချိန်ကာလတွေမှာ နီပေါနိုင်ငံအတွက် အမြဲတမ်း ရှေ့ဆုံးကနေ ကူညီပေးတတ်တဲ့ အိန္ဒိယနိုင်ငံရဲ့ လုပ်ဆောင်ချက်တွေအတွက် ရှားက ကျေးဇူးတင်စကား ပြောခဲ့ပါတယ်။
နှစ်နိုင်ငံကြား စီးပွားရေးဆက်ဆံမှုတွေကို မြှင့်တင်ဖို့ သဘောတူညီချက်တွေကို လက်မှတ်ထိုးခဲ့ကြပြီး မိုဒီနဲ့ ရှားတို့က ၂ နိုင်ငံကို ချိတ်ဆက်ပေးမဲ့ ရထားလမ်းပိုင်းတခုကိုလည်း အတူဖွင့်လှစ်ပေးခဲ့ပါတယ်။
နီပေါနဲ့ အိန္ဒိယနိုင်ငံတို့ဟာ ဟိုးအရင်ကတည်းက ယဉ်ကျေးမှု၊ စီးပွားရေးနဲ့ ပြည်သူအချင်းချင်း ဆက်ဆံရေးတွေ ရှိထားကြပြီး နယ်စပ်ဒေသတွေလည်း ပွင့်လင်းနေလို့ နီပေါနိုင်ငံသား သိန်းချီဟာ အိန္ဒိယနိုင်ငံထဲမှာ နေထိုင် လုပ်ကိုင်နေကြပါတယ်။
Source: Reuters











