အိန္ဒိယ၌ လူကြိုက်များသည့် Bisleri သောက်ရေသန့် သောက်သုံးရန် မသင့်ကြောင်း စစ်ဆေးတွေ့ရှိ

အိန္ဒိယနိုင်ငံ အစားအသောက် ဘေးကင်းလုံခြုံရေးဆိုင်ရာ ကြီးကြပ်ရေးအဖွဲ့ဟာ နာမည်ကြီး ရေသန့်ဘူးထုတ်လုပ်တဲ့ Bisleri အင်တာနေရှင်နယ်ကုမ္ပဏီရဲ့ သောက်ရေ နမူနာတခုကို စစ်ဆေး ကြည့်တာမှာ သောက်ဖို့ မသင့်တော်တာကိုတွေ့ရှိခဲ့လို့ တခြား ရေသန့်ကုမ္ပဏီတွေကိုလည်း တိုးမြှင့် စစ်ဆေးသွားဖို့ လုပ်ဆောင်နေပါတယ်။
ဒါဟာအိန္ဒိယနိုင်ငံမှာ အကြီးဆုံးနဲ့ လူသိအများဆုံး ရေဘူးအမှတ်တံဆိပ် တခုအတွက် ထိုးနှက်ချက်ကြီး တခု ဖြစ်လာပါတယ်။
ခုတော့ အိန္ဒိယနိုင်ငံ အစားအသောက် ဘေးကင်းလုံခြုံရေးနဲ့ စံချိန်စံညွှန်းဆိုင်ရာအာဏာပိုင်အဖွဲ့ (FSSAI)က နိုင်ငံတဝန်းမှာ ကုမ္ပဏီအားလုံးရဲ့ ရေနမူနာတွေကို စစ်ဆေးသွားမယ်လို့ အစိုးရအရာရှိ တယောက်က ပြောပါတယ်။
Bisleri အမှတ်တံဆိပ်ကို ဘောလိဝုဒ်ရုပ်ရှင်ကြယ်ပွင့်တွေက ထောက်ခံအားပေးထားပြီး အိန္ဒိယနိုင်ငံ မှာ အလွန်ရေပန်းစားလို့ အိမ်တိုင်းလိုလို သိကြပါတယ်။
အိန္ဒိယနိုင်ငံမှာ ရေအရည်အသွေး ညံ့ဖျင်းမှုကြောင့် သောက်ရေဘူးတွေဟာ အိမ်တွေနဲ့ စားသောက်ဆိုင်တွေအတွက် မရှိမဖြစ် လိုအပ်ချက်တခု ဖြစ်လာသလို ရေသန့်စက်တွေသုံးတဲ့ ရုံးခန်းတွေမှာ သူတို့ရဲ့ ရေပုံးကြီးတွေကို တွင်တွင်ကျယ်ကျယ် သုံးနေပါတယ်။
Bisleri ဟာ အိန္ဒိယနိုင်ငံရဲ့ ထုပ်ပိုးပြီးသား သောက်ရေဈေးကွက်မှာ PepsiCo၊ Coca-Cola၊ Tata နဲ့ ဘီလီယံနာ မူခက်ရှ် အမ်ဘာနီပိုင်တဲ့ Reliance Consumer ကုမ္ပဏီတို့နဲ့ပြိုင်ရင်း ဈေးကွက် ဦးဆောင်သူနေရာကို နှစ်ပေါင်းများစွာ ထိန်းသိမ်းထားနိုင်ခဲ့တာပါ။
ခန့်မှန်းချက်တွေအရ ဈေးကွက်ကဏ္ဍရဲ့ တန်ဖိုးက အမေရိကန်ဒေါ်လာ ၃ ဘီလီယံခွဲကျော် ရှိတယ်လို့ ရိုက်တာ သတင်းဌာနက ဖော်ပြပါတယ်။
FSSAI က Bisleri ကုမ္ပဏီအပေါ် ဥပဒေအရစပြီး အရေးယူဆောင်ရွက် သွားမယ်လို့လည်း ပြောပါတယ်။
FSSAI နဲ့ ပြည်နယ်အဆင့် ကြီးကြပ်ရေးအဖွဲ့တွေက ဝင်ရောက်စစ်ဆေးမှုတွေ အများအပြား လုပ်ခဲ့ပြီး ထုတ်ကုန်အညွှန်းတွေ မှားယွင်းဖော်ပြမှုအတွက် ကုမ္ပဏီအများအပြားကို အရေးယူခဲ့ ပါတယ်။
Source:Reuters











