
အိန္ဒိယနိုင်ငံ အရှေ့မြောက်ပိုင်း၊ အာသံပြည်နယ်မှာ နိုဝင်ဘာ ၁၃ ရက်က ကွန်တိန်နာတင် ထရပ်ကား တစီးနဲ့ ဘတ်စ်ကားတစီး တိုက်မိခဲ့တာကြောင့် အနည်းဆုံး လူ ၂၃ ယောက်သေဆုံးပြီး တခြားသူ အများအပြား ဒဏ်ရာရရှိခဲ့တယ်လို့ ရဲတပ်ဖွဲ့က ပြောပါတယ်။
ဒီမတော်တဆမှုဟာ ကုလသမဂ္ဂ ပညာရေး၊ သိပ္ပံနှင့် ယဉ်ကျေးမှုအဖွဲ့ (UNESCO) ရဲ့ ကမ္ဘာ့အမွေအနှစ်နေရာတခုဖြစ်ပြီး ဦးချိုတချောင်းပါ ကြံ့တွေကြောင့် ကျော်ကြားတဲ့ ကာဇီရန်ဂါ အမျိုးသား ဥယျာဉ်အနီးက အဝေးပြေးလမ်းမကြီးပေါ်မှာ ဖြစ်ပွားခဲ့တာပါ။
ဂိုလာဂတ်ခရိုင် အကြီးတန်းရဲမှူး ဆွပ်နာနီးလ် ဒေကာရဲ့ ပြောကြားချက်အရ ဘတ်စ်ကားပေါ်မှာ လူဦးရေ ၃၀ လောက် လိုက်ပါလာပြီး အိမ်နီးချင်းခရိုင်တခုကို ဦးတည်မောင်းနှင်နေစဉ် အခုလို တိုက်မိခဲ့တာပါ။
ဒီမတော်တဆမှုမှာ ထရပ်ကားမောင်းသူအပါအဝင် ဒဏ်ရာရရှိသူတွေကို ဆေးကုသမှု ခံယူနိုင်ဖို့ အတွက် ဆေးရုံဆီ အရေးပေါ် ပို့ဆောင်ပေးခဲ့ရပါတယ်။
အာသံပြည်နယ် အာဏာရ ဘာတီယာဂျန်တာပါတီ (BJP) ရဲ့ ခေါင်းဆောင် ကာမာခယာ ပရာဆာ့ဒ် တာဆာရဲ့ ပြောကြားချက်အရ ဒဏ်ရာရသူ အနည်းဆုံး ၉ ယောက်ကို အာသံပြည်နယ်ရှိ ဂျော်ဟတ် ဆေးကုသရေးကောလိပ်နဲ့ ဆေးရုံဆီ ပို့ဆောင်ကုသပေးနေတယ်လို့ ဆိုပါတယ်။
ကျန်တဲ့ဒဏ်ရာရသူတွေရဲ့ အခြေအနေ အသေးစိတ်ကို တာဝန်ရှိသူတွေဘက်က ဆက်လက် စုံစမ်းနေဆဲ ဖြစ်ပါတယ်။
အာသံပြည်နယ် ဝန်ကြီးချုပ် ဟီမန်တာဘစ်ဝါ ရှာမာက X လူမှုကွန်ရက်မှာ ရေးသားရာမှာ ဒီ "ဝမ်းနည်းကြေကွဲဖွယ် မတော်တဆမှုအတွက် အလွန်အမင်း စိတ်မကောင်းဖြစ်ရကြောင်း" ဖော်ပြခဲ့ပြီး၊ ကယ်ဆယ်ရေးလုပ်ငန်းတွေကို ကြီးကြပ်ဆောင်ရွက်ပေးဖို့ အဆင့်မြင့်ဝန်ကြီးတဦးကို အခင်းဖြစ်ပွားရာ နေရာဆီ စေလွှတ်ထားတယ်လို့ ပြောပါတယ်။
Source: Reuters











