
စစ်အာဏာရှင်အစိုးရက အခုဘဏ္ဍာနှစ်အတွက် ကာကွယ်ရေးအသုံးစရိတ်ကို ကျပ်ဘီလီယံ ၂,၅၀၀ ကျော် ထပ်တိုးတောင်းခံခဲ့တာကြောင့် စုစုပေါင်း စစ်အသုံးစရိတ်ဟာ ကျပ်ဘီလီယံ ၁၀,၀၀၀ ကျော်အထိ စံချိန်တင် မြင့်တက်လာပါတယ်။
၂၀၂၆-၂၀၂၇ ဘဏ္ဍာနှစ်အတွက် မူလက ကာကွယ်ရေးအသုံးစရိတ် ကျပ်ဘီလီယံ ၇,၉၀၀ ကျော် ခွင့်ပြုထားပြီးဖြစ်ပေမဲ့ နောက်ထပ် ကျပ်ဘီလီယံ ၂,၅၀၀ ကျော် ထပ်တိုးတောင်းခံခဲ့တာလို့ ပြီးခဲ့တဲ့ နိုဝင်ဘာ ၅ ရက်က တင်ပြခဲ့တဲ့ ငွေကြေးဆိုင်ရာသုံးသပ်ချက် အစီရင်ခံစာအရ သိရပါတယ်။
ဒါကြောင့် အခုဘဏ္ဍာနှစ် ကာကွယ်ရေးအသုံးစရိတ်ဟာ ကျပ်ဘီလီယံ ၁၀,၀၀၀ ကျော် အထိ ရှိလာပြီး၊ ဒါဟာ အာဏာသိမ်းပြီးနောက်ပိုင်း စစ်အသုံးစရိတ်တွေထဲမှာ စံချိန်တင် အမြင့်ဆုံးပမာဏလည်း ဖြစ်ပါတယ်။
ကုန်ထုတ်လုပ်မှုမရှိတဲ့ စစ်ရေးကဏ္ဍမှာ ငွေကြေးအမြောက်အမြား ထပ်တိုးသုံးစွဲဖို့အတွက် လိုငွေပြမှုကို ဗဟိုဘဏ်ကနေ ငွေစက္ကူအသစ်တွေ ရိုက်ထုတ်ဖြည့်ဆည်းဖို့သာ များတယ်လို့ မြန်မာ့မဟာဗျူဟာနဲ့ မူဝါဒရေးရာ လေ့လာရေးအဖွဲ့ (ISP-Myanmar) ရဲ့ ပြင်ပဆက်သွယ်ဆက်ဆံရေး ဒါရိုက်တာ ဦးအောင်သူငြိမ်း က သုံးသပ်ပါတယ်။
“တလောကပဲ ကျနော်တို့ ဒီ သတင်းတွေ တွေ့တာက အစိုးရက ဒီ ဗဟိုဘဏ်ကနေပြီးတော့ ငွေချေးဖို့ ပမာဏတခု တွေ့တယ်။ ဆိုတော့ ကြည့်ရတာက လိုငွေတွေကို ဖြည့်ဆည်းနေတာက ခုနပြောသလို ဗဟိုဘဏ်ကနေပြီးတော့ ဖြည့်ပေးတယ်။ တနည်းအားဖြင့်ပြောရင်တော့ ပိုက်ဆံ ရိုက်ထုတ်တယ်ပေါ့နော် ဆိုတော့ ဒီလိုပဲဖြစ်ဖို့ များပါတယ်။ ငွေကြေးရိုက်ထုတ်တယ်လို့ သတင်းထွက်လာရင်၊ နောက်တခုကကျတော့ ဗဟိုဘဏ်က ခုန ချေးတယ်လို့ သတင်းထွက်လာရင် ဈေးကွက်တုံ့ပြန်မှုကတော့ ဒါ ငွေကြေးဖောင်းပွမှုက သေချာ လိုက်လာတာပဲ။”
ဗဟိုဘဏ်ကနေ ငွေစက္ကူအသစ်တွေ ထပ်မံရိုက်ထုတ်တာက ဈေးကွက်ထဲမှာ ကျပ်ငွေတန်ဖိုး ထပ်မံကျဆင်းသွားနိုင်ပြီး ကုန်ဈေးနှုန်းတွေ အဆမတန် မြင့်တက်လာမဲ့ဒဏ်ကို အခြေခံလူတန်းစားတွေ အလူးအလဲ ခံစားရနိုင်တယ်လို့ စီးပွားရေးလေ့လာသူတွေက ထောက်ပြပါတယ်။
စီးပွားရေးနဲ့ ဘဏ်လုပ်ငန်း လေ့လာစောင့်ကြည့်သူတယောက်က “ပြည်သူတွေကတော့ ငွေသားဖောင်းပွမှာပဲလေ၊ ရှိတဲ့ငွေတွေ ရိုက်ထုတ်နေမှတော့။ ကုန်ဈေးနှုန်းက တက်ပြီးရင်းတက် တက်ပြီးရင်းတက်၊ အခြေခံလူတန်းစားတွေက ဘယ်လိုမှ မရပ်တည်နိုင်တော့ဘူးလေ။ ရေမှာ ဒီတိုင်းပေါက်ပြီးတော့ ရောင်းတဲ့ ကန်စွန်းရွက်တောင်မှ တစည်းကို ကျပ် ၁,၅၀၀ ဖြစ်လာတယ်။ အခြေခံလူတန်းစားတွေကတော့ ဆင်းရဲပြီးရင်း ဆင်းရဲပဲ။ တကယ့်တကယ် နိုင်ငံခြားမှာ ရွှေတွေပေါ့နော် ပိုင်ဆိုင်မှု ရွှေဘယ်လောက်ရှိတယ်၊ ဒေါ်လာ ဘယ်လောက်ရှိတယ်။ အဲဒါနဲ့အညီ ညီမျှတဲ့ မြန်မာကျပ်တွေကို ပြန်ရိုက်ထုတ်တယ်ဆိုတာ ကိစ္စမရှိဘူး။ ဟို ဒီလိုမျိုးလည်း မရှိ ကမ္ဘာ့ဘဏ်မှာ သွားပြီးတော့ ပိုင်ဆိုင်မှု သွားအပ်ထားတာလည်း ဘာမှမရှိဘဲ ပြည်တွင်းမှာပဲ မြန်မာကျပ်တွေ ရိုက်... ကြာလာရင်ဟို ဇင်ဘာဘွေလို ဖြစ်သွားမှာ”လို့ ပြောပါတယ်။
နိုင်ငံတကာမှာ ဘတ်ဂျက်လိုငွေပြမှုကို GDP ရဲ့ ၅ ရာခိုင်နှုန်းထက် မကျော်လွန်အောင် ထိန်းသိမ်းလေ့ရှိပေမဲ့ မြန်မာနိုင်ငံမှာတော့ အခုလို ငွေချေးယူသုံးစွဲနေမှုတွေဟာ ရေရှည်မှာ ထိန်းသိမ်းနိုင်စွမ်းမရှိတဲ့ အခြေအနေကို ရောက်ရှိသွားနိုင်ပါတယ်။
ဒါ့အပြင် အာဏာရှင် စစ်အစိုးရရဲ့ ဘတ်ဂျက်သုံးစွဲမှုတွေဟာ ပွင့်လင်းမြင်သာမှု မရှိတဲ့အပြင် အခုလို ချေးငွေတွေနဲ့ သုံးစွဲနေတာဟာ အနာဂတ်မျိုးဆက်တွေအပေါ် အကြွေးပိစေတယ်လို့ ဦးအောင်သူငြိမ်းက ထောက်ပြပါတယ်။
“ကျနော် ထောက်ပြချင်တာက ပွင့်လင်းမြင်သာမှု လိုတယ်ဗျ။ citizen budget မှာ ဟို အသေးစိတ်ပေါ့ဗျာ၊ ဘယ်ဝန်ကြီးဌာနက ဘယ်လောက် သုံးတယ်၊ ဘယ်ဝန်ကြီးဌာနက ဘယ်လောက် သုံးတယ်၊ အဲဒီလိုမျိုး ဘာခေါ်မလဲ ခွဲခြမ်းစိတ်ဖြာပြီးတော့ တင်ပြတာမျိုး ပြီးခဲ့တဲ့ကာလတွေထဲက ကျနော်တို့ မတွေ့ဘူးဗျ။ အဲဒီလို ပွင့်လင်းမြင်သာမှုတော့ လိုပါတယ်။ အခု ကျနော်တို့က ငွေချေးပြီး သုံးထားတဲ့ သဘောသက်ရောက်တာပေါ့။ အဲဒါဆိုလို့ရှိရင် လာမဲ့ နောင်မျိုးဆက်တွေက ဒီအကြွေးတွေကို ပြန်ဆပ်ရမှာလေ။ အဲဒီတော့ အကြွေးတွေကို နောင်မျိုးဆက်ပေါ်မှာ ပုံမကျရလေအောင် ဒါ တာဝန်ရှိတယ်ဗျ။ ဟို အင်အားစုအသီးသီးမှာ တာဝန်ရှိပါတယ်။”
နိုင်ငံရေး မတည်ငြိမ်မှုတွေ၊ ပိတ်ဆို့အရေးယူမှုတွေနဲ့အတူ အာဏာသိမ်းစစ်အုပ်စုရဲ့ စီးပွားရေး စီမံခန့်ခွဲမှု အလွဲတွေကြောင့် ပြည်သူတွေဟာ နေ့စဉ်နဲ့အမျှ ကျဆင်းလာတဲ့ မြန်မာငွေတန်ဖိုးနဲ့ ကြီးမြင့်လာတဲ့ ကုန်ဈေးနှုန်းဒဏ်ကို အလူးအလဲ ခံစားနေကြရပါတယ်။
အခုလို စစ်ရေးအတွက် ဘတ်ဂျက် ငွေကြေးအမြောက်အမြားကို ထပ်တိုးသုံးစွဲလိုက်တာဟာ နိုင်ငံ့စီးပွားရေး ယန္တရားတခုလုံးကို ရိုက်ခတ်စေနိုင်ပြီး၊ သာမန်ပြည်သူတွေရဲ့ နေ့စဉ် စားဝတ်နေရေးဟာ ပိုမိုကျပ်တည်းတဲ့ အခြေအနေဆီကိုသာ ဦးတည်သွားနိုင်တယ်လို့ လေ့လာသူတွေက သုံးသပ်ထားကြပါတယ်။











