ကုလသမဂ္ဂ လူ့အခွင့်အရေး ဆုံးဖြတ်ချက်အဆိုကို စစ်အာဏာရှင်အစိုးရ ပယ်ချ

၈၁ ကြိမ်မြောက် ကုလသမဂ္ဂ အထွေထွေညီလာခံ တတိယကော်မတီမှာ နိုဝင်ဘာ ၁၈ ရက်က ချမှတ်ခဲ့တဲ့ မြန်မာနိုင်ငံ လူ့အခွင့်အရေးဆိုင်ရာ ဆုံးဖြတ်ချက်အဆိုကို လက်မခံ ပယ်ချတယ်လို့ စစ်အာဏာရှင်အစိုးရရဲ့ နိုင်ငံခြားရေးဝန်ကြီးဌာနက နိုဝင်ဘာ ၂၀ ရက်မှာ ထုတ်ပြန်ပါတယ်။
အဲဒီဆုံးဖြတ်ချက်အဆိုဟာ ပကတိ မြေပြင်အခြေအနေကို ထင်ဟပ်ခြင်းမရှိသလို သက်ဆိုင်ရာ နိုင်ငံရဲ့ ကိုယ်စားလှယ် ပါဝင်တက်ရောက်ခြင်းမရှိဘဲ တဖက်သတ် စွပ်စွဲချက်တွေအပေါ် အခြေခံပြီး ချမှတ်ခဲ့တာလို့ ထုတ်ပြန်ချက်မှာ ဆိုပါတယ်။
နိုင်ငံတနိုင်ငံတည်းကို ဦးတည် ပစ်မှတ်ထားတဲ့ ဆုံးဖြတ်ချက်တွေဟာ ပြည်တွင်းရေးကို ဝင်ရောက်စွက်ဖက်တာ ဖြစ်တာကြောင့် အဲဒီဆုံးဖြတ်ချက် တရပ်လုံးနဲ့ ပါဝင်ပတ်သက်ခြင်း မရှိဘူးလို့ စစ်အာဏာရှင်အစိုးရဘက်က ပြောဆိုထားပါတယ်။
နိုင်ငံတချို့က လူ့အခွင့်အရေးကိစ္စရပ်ကို နိုင်ငံရေးသွတ်သွင်းလိုတာနဲ့ ပြည်တွင်းရေးကို ဝင်ရောက်စွက်ဖက်လိုတာတို့ကြောင့် အချက်အလက်ခိုင်မာမှုမရှိတဲ့ တဖက်သတ်သတင်းတွေ၊ အစီရင်ခံစာတွေ၊ လုပ်ကြံပြောဆိုမှုတွေအပေါ် မူတည်ပြီး ကာယကံရှင်နိုင်ငံရဲ့ သဘောဆန္ဒ ပါဝင်ခြင်းမရှိတဲ့ နိုင်ငံတတနိုင်ငံတည်းအပေါ် ဦးတည်တဲ့ ဆုံးဖြတ်ချက် အဆိုတွေကို တင်သွင်းချမှတ်ရေး ဆက်လက်ဆောင်ရွက်နေတယ်လို့ စွပ်စွဲထားပါတယ်။
ကာယကံရှင်နိုင်ငံရဲ့ သဘောဆန္ဒ မပါဘူးလို့ စစ်အာဏာရှင် နိုင်ငံခြားရေးဌာနက ပြောပေမဲ့ ဒီအစည်းအဝေးမှာ မြန်မာနိုင်ငံကိုယ်စား ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ် သံအမတ်ကြီး ဦးကျော်မိုးထွန်းက တက်ရောက်ပြီး မြန်မာ့လူ့အခွင့်အရေး အခြေအနေတွေကို တင်ပြခဲ့ပါတယ်။
“မြန်မာနိုင်ငံရှိ ရိုဟင်ဂျာ မွတ်စလင်များနှင့် အခြားလူနည်းစုများ၏ လူ့အခွင့်အရေး အခြေအနေ” ဆုံးဖြတ်ချက် အဆိုမူကြမ်းကို ကုလသမဂ္ဂ လူမှုရေး၊ လူသားချင်းစာနာထောက်ထားမှုနဲ့ ယဉ်ကျေးမှုကော်မတီမှာ နိုဝင်ဘာ ၁၈ ရက်က မဲခွဲ ဆုံးဖြတ် အတည်ပြုခဲ့တာပါ။
ဒီဆုံးဖြတ်ချက်ကို ထောက်ခံမဲ ၁၂၈ မဲ၊ ကန့်ကွက်မဲ ၆ မဲ၊ ကြားနေမဲ ၃၃ မဲနဲ့ အတည်ပြုလိုက်တာဖြစ်ပြီး ကန့်ကွက်တဲ့နိုင်ငံတွေကတော့ ဘယ်လာရုစ်၊ တရုတ်၊ မြောက်ကိုရီးယား၊ နီကာရာဂွါ၊ ရုရှားနဲ့ ဗီယက်နမ်နိုင်ငံတွေ ဖြစ်ပါတယ်။
ကုလသမဂ္ဂရဲ့ ဆုံးဖြတ်ချက် အဆိုမှာတော့ ရိုဟင်ဂျာ မွတ်စလင်တွေနဲ့ တခြားလူနည်းစုတွေအပေါ် လူ့အခွင့်အရေး ချိုးဖောက်မှုတွေကို ပြစ်တင်ရှုတ်ချတာ၊ အရပ်သားတွေကို တိုက်ခိုက်တာတွေ ချက်ချင်းရပ်ဖို့ တောင်းဆိုတာ၊ လူသားချင်းစာနာထောက်ထားမှု အကူအညီတွေ အဟန့်အတားမရှိ ပေးပို့နိုင်ဖို့နဲ့ တာဝန်ခံမှုရှိစေဖို့ တောင်းဆိုတာ စတဲ့အချက်တွေ ပါဝင်ပါတယ်။
ဒါ့အပြင် ရခိုင်ပြည်နယ်အတွင်း နယ်မြေထိန်းချုပ်ထားတဲ့ အဖွဲ့အစည်းအားလုံး အနေနဲ့ အရပ်သား ပြည်သူတွေကို အကာအကွယ်ပေးကြဖို့ကိုလည်း တိုက်တွန်းထားပါတယ်။
ဒီဆုံးဖြတ်ချက်မူကြမ်းကို သံအမတ်ကြီး ဦးကျော်မိုးထွန်းက ကြိုဆိုပေမဲ့ တနိုင်ငံလုံး အတိုင်းအတာနဲ့ ချက်ချင်းအပစ်အခတ်ရပ်စဲဖို့၊ လေကြောင်းတိုက်ခိုက်မှုတွေ ရပ်တန့်ဖို့နဲ့ စစ်တပ်ရဲ့ စစ်ဆင်ရေးတွေကို အထောက်အကူဖြစ်စေတဲ့ လက်နက်နဲ့ လေယာဉ်ဆီ တင်ပို့ရောင်းချမှုတွေကို ဖြတ်တောက်ပိတ်ပင်ဖို့ တောင်းဆိုထားတာမျိုး မပါဝင်တဲ့အတွက် လိုအပ်ချက်တွေ ရှိနေသေးတယ်လို့ ပြောကြားခဲ့ပါတယ်။











