DVB Logo
Home
မြန်မာသတင်း

ICJ အမှု စီရင်ချက်အပေါ်  ကုလသမဂ္ဂနှင့် နိုင်ငံတကာအသိုက်အဝန်း တုံ့ပြန်

DVB
·
November 20, 2026
Photo: Reuters 
Photo: Reuters 
Donate to DVB

ရိုဟင်ဂျာတွေအပေါ် မြန်မာနိုင်ငံက လူမျိုးတုံးသတ်ဖြတ်မှု ကျူးလွန်ခဲ့ကြောင်း အပြည်ပြည်ဆိုင်ရာ တရားရုံး (ICJ) ရဲ့ စီရင်ချက်ကို ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် အန်တိုနီယို ဂူတာရက်စ်က ကြိုဆိုလိုက်ပြီး စီရင်ချက်ကို အပြည့်အဝ လိုက်နာဆောင်ရွက်ဖို့ နိုဝင်ဘာ ၂၀ ရက်မှာ တိုက်တွန်းလိုက်ပါတယ်။

ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် ဂူတာရက်စ်က  “ဒီကနေ့ စီရင်ချက်ကို ကျနော်ကြိုဆိုပါတယ်။ ဒီစီရင်ချက်ဟာ လူမျိုးတုံးသတ်ဖြတ်မှုရဲ့ သားကောင်ဖြစ်ခဲ့ရတဲ့ ရိုဟင်ဂျာတွေကို ခိုင်ခိုင်မာမာ အသိအမှတ်ပြုလိုက်တာ ဖြစ်ပါတယ်။ ဒါဟာ နိုင်ငံတကာ တရားမျှတမှုကို ပြသလိုက်တာဖြစ်သလို၊ အခုလို ရက်စက်ကြမ်းကြုတ်တဲ့ လုပ်ရပ်တွေအတွက် ပြစ်ဒဏ်ကနေ ကင်းလွတ်ခွင့် ရနေလို့ မရဘူးဆိုတာကို ထပ်လောင်းအတည်ပြုလိုက်တာလည်း ဖြစ်ပါတယ်။ ဒါဟာ နိုင်ငံတနိုင်ငံအနေနဲ့ လူမျိုးတုံးသတ်ဖြတ်မှု ကျူးလွန်ခဲ့ကြောင်း တာဝန်ရှိတယ်လို့ တရားရုံးက ပထမဆုံးအကြိမ် ဆုံးဖြတ်လိုက်တာလည်း ဖြစ်ပါတယ်”လို့ ပြောပါတယ်။

ရိုဟင်ဂျာ လူမျိုးတုံးသတ်ဖြတ်မှုနဲ့ ဂမ်ဘီယာနိုင်ငံက မြန်မာနိုင်ငံအပေါ် စွပ်စွဲထားတဲ့အမှုနဲ့ ပတ်သက်ပြီး မြန်မာနိုင်ငံဟာ လူမျိုးတုံးသတ်ဖြတ်မှု တားဆီးရေးနှင့် ပြစ်ဒဏ်ပေးရေး နိုင်ငံတကာ သဘောတူစာချုပ်ကို ဖောက်ဖျက်ကျူးလွန်ခဲ့တယ်လို့ ICJ က နိုဝင်ဘာ ၁၉ ရက်မှာ အပြီးသတ် ဆုံးဖြတ်ချက် ချလိုက်တဲ့အပေါ် သဘောထား ထုတ်ပြန်လိုက်တာပါ။

မြန်မာနိုင်ငံအနေနဲ့ တရားရုံးရဲ့ ဆုံးဖြတ်ချက်ကို လိုက်နာရမဲ့ တာဝန်ဝတ္တရားနဲ့အညီ လုပ်ဆောင်ရပါမယ်။ အဲဒီထဲမှာ သင့်လျော်တဲ့ ဥပဒေတွေ ပြဋ္ဌာန်းပြီး လက်ရှိဖြစ်ပွားနေတဲ့ လူမျိုးတုံးသတ်ဖြတ်မှု သဘောတူစာချုပ် ချိုးဖောက်မှုမှန်သမျှကို ရပ်တန့်တာ၊ ကျူးလွန်သူတွေကို စုံစမ်းစစ်ဆေး၊ တရားစွဲဆိုပြီး အပြစ်ပေးဖို့ လုပ်ဆောင်တာ၊ နောက်တကြိမ် ထပ်မဖြစ်စေရပါဘူးဆိုတဲ့ အာမခံချက်တွေ ပေးတာ၊ အလားတူ ချိုးဖောက်မှုမျိုးတွေ ထပ်မဖြစ်အောင် တားဆီးတာတွေ ပါဝင်ပါတယ်။

ဒါ့အပြင် ရိုဟင်ဂျာတွေ မိမိတို့ရဲ့ နေရပ်ကို ဘေးကင်းလုံခြုံစွာ၊ မိမိဆန္ဒအလျောက် ဂုဏ်သိက္ခာရှိရှိ ပြန်နိုင်ရေးနဲ့ မိသားစုတွေ ပြန်လည်ပေါင်းစည်းနိုင်ရေး အပါအဝင် လုံလောက်ပြီး ထိရောက်မြန်ဆန်တဲ့ ပြန်လည်ကုစားပေးမှုတွေ လုပ်ဆောင်ပေးဖို့လည်း ပါဝင်ပါတယ်။

ကုလသမဂ္ဂ အကြီးအကဲက “မြန်မာနိုင်ငံမှာ ပြစ်ဒဏ်ကနေ ကင်းလွတ်ခွင့် ရနေတဲ့ သံသရာကို ဖြတ်တောက်ပစ်ဖို့နဲ့ တာဝန်ခံမှု ရှိစေဖို့ဟာ အမျိုးသား ပြန်လည်သင့်မြတ်ရေးနဲ့ ရေရှည်တည်တံ့တဲ့ ငြိမ်းချမ်းရေးအတွက် မရှိမဖြစ် လိုအပ်တယ်ဆိုတာကို ကျနော် ထပ်လောင်းပြောကြားလိုပါတယ်။ ဒီစီရင်ချက်ကို ကုလသမဂ္ဂအတွင်းမှာ အသေအချာ လေ့လာသုံးသပ်သွားမှာ ဖြစ်ပါတယ်။ လူမျိုးတုံးသတ်ဖြတ်မှု တားဆီးရေး သဘောတူစာချုပ် အပါအဝင် နိုင်ငံတကာ ဥပဒေကို အားလုံးက လေးစားလိုက်နာရပါမယ်။ ရိုဟင်ဂျာ အကျပ်အတည်းရဲ့ အရင်းခံ အကြောင်းတရားတွေကိုပါ ဖြေရှင်းပေးနိုင်မဲ့ အားလုံးပါဝင်နိုင်တဲ့ နိုင်ငံရေး အဖြေတခု ပေါ်ပေါက်လာစေဖို့အတွက် ကျနော့်ရဲ့ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ် ဂျူလီ ဘစ်ရှော့ရဲ့ ကြိုးပမ်းအားထုတ်မှုတွေကို ပံ့ပိုးကူညီကြဖို့နဲ့ စုပေါင်းလုပ်ဆောင်မှုတွေကို အားကောင်းအောင် လုပ်ဆောင်ကြဖို့ နိုင်ငံတကာ အသိုက်အဝန်းကို ကျနော်တိုက်တွန်းလိုက်ပါတယ်”လို့ပြောပါတယ်။

မြန်မာနိုင်ငံဆိုင်ရာ လွတ်လပ်သော စုံစမ်းစစ်ဆေးမှုယန္တရား (IIMM) အကြီးအကဲ နီကိုလက်စ်ခွန်ဂျန်ကလည်း အခု ICJ စီရင်ချက်ဟာ ရိုဟင်ဂျာတွေခံစားရတဲ့ ကြီးမားလှတဲ့ ဒုက္ခဆင်းရဲတွေကို အသိအမှတ်ပြုလိုက်တာဖြစ်ပြီး နိုင်ငံတကာဥပဒေအရ အဆိုးရွားဆုံးသော ရာဇဝတ်မှုတွေအနက်မှ တခုအတွက် တာဝန်ခံမှုရှိစေရေးနဲ့ နစ်နာမှုတွေ ကုစားခွင့်ရရှိရေး တို့အတွက် သမိုင်းဝင်စီရင်ချက် တခုလည်း ဖြစ်တယ်လို့ ထုတ်ပြန်ပြောပါတယ်။

နီကိုလက်စ်ခွန်ဂျန်က “အခုစီရင်ချက်ဟာ သမိုင်းဝင်တဲ့ စီရင်ချက် ဖြစ်ပေမဲ့ တာဝန်ခံမှုရှိစေရေး လုပ်ငန်းစဉ်ရဲ့ အဆုံးသတ်မဟုတ်ပါဘူး။ တရားရုံးက လူမျိုးပြုန်းစေမှု စွပ်စွဲချက်တွေနဲ့ပတ်သက်ပြီး နိုင်ငံတကာဥပဒေအရ မြန်မာနိုင်ငံရဲ့ နိုင်ငံတနိုင်ငံအနေနဲ့ တာဝန်ရှိမှုကို စီရင်ဆုံးဖြတ်ခဲ့တာ ဖြစ်ပါတယ်။ ရာဇဝတ်မှုတွေကို ကျူးလွန်ခဲ့တဲ့ တဦးချင်းစီရဲ့ ရာဇဝတ်မှုဆိုင်ရာ တာဝန်ရှိမှုကို သက်သေထူဖို့ကျတော့ သီးခြားရာဇဝတ်မှုဆိုင်ရာ စုံစမ်းစစ်ဆေးမှုတွေနဲ့ တရားစီရင်ရေး လုပ်ငန်းစဉ်တွေ လိုအပ်ပါတယ်။ လူသားမျိုးနွယ်အပေါ် ကျူးလွန်တဲ့ ရာဇဝတ်မှုတွေနဲ့ စစ်ရာဇဝတ်မှုတွေအတွက်ပါ တာဝန်ခံမှုရှိစေရေး ကြိုးပမ်းမှုတွေကို ဆက်လက် လုပ်ဆောင်သွားရမယ်”လို့ ပြောပါတယ်။

ဩစတြေးလျ နိုင်ငံခြားရေးဝန်ကြီး ပန်နီဝေါင်ကလည်း ICJ တရားရုံးစီရင်ချက်ဟာ ရိုဟင်ဂျာတွေအပေါ် ကျူးလွန်ခဲ့တဲ့ ရက်စက်ကြမ်းကြုတ်အတွက် တရားမျှတမှုနဲ့ တာဝန်ခံမှုရရှိရေးဆီ လှမ်းလိုက်တဲ့ အရေးကြီးတဲ့ ခြေလှမ်းတခု ဖြစ်တယ်လို့ ထုတ်ပြန်ပြောပါတယ်။

“ကျဆုံးသွားတဲ့ ရိုဟင်ဂျာတွေကို ကျမတို့ အလေးပြုပြီး အသက်ရှင်ကျန်ရစ်သူတွေရဲ့ ရဲစွမ်းသတ္တိနဲ့ ခံနိုင်ရည်ရှိမှုကို ချီးကျူးပါတယ်။ ဩစတြေးလျ အစိုးရအနေနဲ့ တရားရုံးရဲ့ တွေ့ရှိချက်တွေနဲ့ အကျိုးဆက်တွေကို နိုင်ငံတကာ မိတ်ဖက်တွေနဲ့ တိုင်ပင်ဆွေးနွေးပြီး သေချာစဉ်းစားသွားမှာ ဖြစ်ပါတယ်။ ဩစတြေးလျဟာ မြန်မာစစ်တပ်ရဲ့ ပြင်းထန်တဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေကို အစဉ်တစိုက် ရှုတ်ချခဲ့ပြီး တာဝန်ရှိသူတွေကို တရားဥပဒေအရ အရေးယူဖို့ တောင်းဆိုခဲ့ပါတယ်” လို့ ပြောပါတယ်။

ရိုဟင်ဂျာတွေရဲ့ လူ့အခွင့်အရေးကို ကာကွယ်ပေးပြီး နိုင်ငံသားဖြစ်ခွင့် ရရှိမဲ့လမ်းကြောင်းနဲ့အတူ သူတို့ရဲ့ အိမ်တွေဆီကို ဆန္ဒအလျောက်၊ လုံခြုံစွာ၊ ရေရှည်တည်တံ့စွာနဲ့ ဂုဏ်သိက္ခာရှိစွာ ပြန်လည်ဝင်ရောက်နိုင်မဲ့ အခြေအနေတွေကို ဩစတြေးလျက မြင်တွေ့ချင်တယ်လို့လည်း ဆိုပါတယ်။

မြန်မာနိုင်ငံမှာ အကြမ်းဖက်မှုတွေ ရပ်တန့်ဖို့၊ မတရားဖမ်းဆီးခံထားရသူအားလုံးကို လွှတ်ပေးဖို့၊ ဘေးကင်းလုံခြုံပြီး အနှောင့်အယက်ကင်းတဲ့ လူသားချင်းစာနာထောက်ထားမှု အကူအညီတွေ ရရှိဖို့နဲ့ သက်ဆိုင်သူအားလုံးနဲ့ အားလုံးပါဝင်တဲ့ ဆွေးနွေးမှုတွေ ပြုလုပ်ဖို့လည်း ဩစတြေးလျက တောင်းဆိုလိုက်ပါတယ်။

ယူကေ နိုင်ငံခြားရေးဝန်ကြီး အက်ဒ် မီလီဘန်ကလည်း အပြည်ပြည်ဆိုင်ရာ တရားရုံး (ICJ) နဲ့ နိုင်ငံတကာ တရားဥပဒေစိုးမိုးရေးစနစ်အပေါ် အပြည့်အဝ ထောက်ခံကြောင်း၊ မြန်မာစစ်အာဏာရှင် က ရိုဟင်ဂျာပြည်သူတွေအပေါ် ရက်ရက်စက်စက် ပြုမူဆက်ဆံခဲ့တာတွေကိုလည်း ပြင်းပြင်းထန်ထန် ရှုတ်ချကြောင်း၊ ဒီလို ဆိုးရွားလှတဲ့ ရာဇဝတ်မှုတွေအတွက် တာဝန်ခံမှုရှိလာစေဖို့ ယူကေက ပြတ်ပြတ်သားသား အရေးယူဆောင်ရွက်သွားမယ်လို့ ပြောပါတယ်။

“ဒီစီရင်ချက်အပေါ် အခြေခံပြီး ဒီကနေ့မှာပဲ ကျနော်တို့ ချက်ချင်း အရေးယူဆောင်ရွက်မှုတွေ စတင်လုပ်ဆောင်နေပါပြီ။ မြန်မာစစ်ကောင်စီအပေါ် ချမှတ်ထားပြီးသား ပိတ်ဆို့အရေးယူမှုတွေအပြင် ယူကေမှာရှိတဲ့ မြန်မာစစ်သံမှူးကို နိုင်ငံထဲကနေ နှင်ထုတ်ဖို့ အမိန့်ပေးလိုက်သလို၊ ဒီစီရင်ချက်နဲ့ ပတ်သက်ပြီး ဆွေးနွေးဖို့ ကုလသမဂ္ဂ လုံခြုံရေးကောင်စီ အစည်းအဝေးတရပ် အရေးပေါ် ခေါ်ယူပေးဖို့လည်း တောင်းဆိုထားပါတယ်” လို့ ပြောပါတယ်။

ဒါ့အပြင် ယူကေဆိုင်ရာ မြန်မာသံရုံးယာယီတာဝန်ခံကိုလည်း ဆင့်ခေါ်ထားပြီး၊ တာဝန်ရှိသူတွေကို အရေးယူအပြစ်ပေးနိုင်ဖို့အတွက် လာမဲ့ ရက်ပိုင်းတွေအတွင်းမှာ နောက်ထပ် အရေးယူဆောင်ရွက်မှုတွေကို ဆက်လက်ထုတ်ပြန်သွားမယ်လို့ ထုတ်ပြန်ချက်မှာ ပြောပါတယ်။ 

အိုင်ယာလန် နိုင်ငံခြားရေးနှင့် ကုန်သွယ်ရေးဝန်ကြီး ဟယ်လင် မက်အန်တီးကတော့ ဒီဆုံးဖြတ်ချက်ဟာ ရိုဟင်ဂျာတွေနဲ့ သူတို့အပေါ် ကျူးလွန်ခဲ့တဲ့ ရက်စက်ကြမ်းကြုတ်လှတဲ့ ရာဇဝတ်မှုတွေအတွက် တာဝန်ခံမှု ရှိလာစေဖို့ အလွန်အရေးပါတဲ့ ခြေလှမ်းတရပ် ဖြစ်တယ်လို့ ပြောပါတယ်။

“အိုင်ယာလန်နိုင်ငံအနေနဲ့ ဒီအမှုမှာ ကြားဝင်ပါဝင်ခဲ့ရတာဟာ လူမျိုးတုံးသတ်ဖြတ်မှု တားဆီးရေး သဘောတူစာချုပ်ကို အလွန်အကျွံ ကျဉ်းမြောင်းစွာ အဓိပ္ပာယ်ဖွင့်ဆိုခြင်းအားဖြင့် ပြစ်ဒဏ်ကင်းလွတ်ခွင့်ရနေတဲ့ အလေ့အထမျိုး ဖြစ်မလာစေဖို့ စိုးရိမ်ပူပန်ခဲ့တာကြောင့် ဖြစ်ပါတယ်။ ဒီသဘောတူစာချုပ်ကို အရပ်သားတွေရဲ့ အသက်အိုးအိမ်ကို ကာကွယ်စောင့်ရှောက်ပေးမဲ့ အရေးကြီးဆုံး လက်နက်ကိရိယာတခုအဖြစ် အမြဲတမ်း နားလည်လက်ခံထားပါတယ်။”

ICJ ရဲ့ စီရင်ချက်ကို တူရကီနိုင်ငံကလည်း ကြိုဆိုလိုက်ပြီး၊ တရားရုံးရဲ့ သတ်မှတ်ချက်တွေကို “အပြည့်အဝနဲ့ နှောင့်နှေးကြန့်ကြာမှု မရှိဘဲ” လိုက်နာဆောင်ရွက်ဖို့ မြန်မာနိုင်ငံကို တိုက်တွန်းတယ်လို့ တူရကီနိုင်ငံခြားရေးဌာနက ပြောပါတယ်။

“ဒီသမိုင်းဝင် စီရင်ချက်ဟာ ရိုဟင်ဂျာ မွတ်စလင်တွေ ခံစားခဲ့ရတဲ့ စနစ်တကျ နှိပ်စက်ညှဉ်းပန်းမှုတွေကို တရားဝင် အသိအမှတ်ပြုရာမှာရော၊ တရားမျှတမှု ဖော်ဆောင်ပေးရာမှာနဲ့ တာဝန်ခံမှု ရှိစေရေး သေချာအောင် လုပ်ဆောင်ရာမှာပါ သမိုင်းမှတ်တိုင်တခု ဖြစ်ပါတယ်။”

“တူရကီနိုင်ငံအနေနဲ့ ရိုဟင်ဂျာ မွတ်စလင်တွေနဲ့အတူ ဆက်လက် တသားတည်း ရပ်တည်သွားမှာ ဖြစ်သလို၊ သူတို့တွေ မိမိတို့ရဲ့ ဌာနေကို ဘေးကင်းလုံခြုံစွာ၊ မိမိဆန္ဒအလျောက် ဂုဏ်သိက္ခာရှိရှိနဲ့ ရေရှည်တည်တံ့စွာ ပြန်နိုင်ရေးအတွက် နိုင်ငံတကာရဲ့ ကြိုးပမ်းအားထုတ်မှုတွေကိုလည်း ဆက်လက် ပံ့ပိုးပေးသွားမှာ ဖြစ်ပါတယ်။”

လူ့အခွင့်အရေးစောင့်ကြည့်ရေးအဖွဲ့ (HRW) အပြည်ပြည်ဆိုင်ရာတရားမျှတရေး အကြီးတန်း ဥပဒေအကြံပေး မာရီယာ အယ်လီနာ ဗီညိုလီကလည်း ဒီသမိုင်းဝင်ဆုံးဖြတ်ချက်ဟာ မြန်မာစစ်တပ်ကြောင့် ရိုဟင်ဂျာတွေ ခါးစည်းခံခဲ့တဲ့ ဒုက္ခဆင်းရဲတွေကို အသိအမှတ်ပြုရာကျတယ်။ ဒီလိုအသိအမှတ်ပြုဖို့အတွက် နှစ်အကြာကြီးစောင့်ခဲ့ရတာဖြစ်ပြီး ဆုံးဖြတ်ချက်ဟာ ကမ္ဘာတဝန်းလုံးမှာရှိတဲ့ လူမျိုးတုံးသတ်ဖြတ်မှုနဲ့ တခြားကြီးလေးတဲ့ ရာဇဝတ်မှုတွေကို ခံစားခဲ့ရတဲ့သူတွေအတွက်ပါ တရားမျှတမှု ရရှိရေး ကြိုးပမ်းခြင်းအတွက် အင်မတန်အရေးပါတဲ့ စံနမူနာစီရင်ထုံးတခုပဲလို့ ပြောပါတယ်။

“မြန်မာနိုင်ငံအနေနဲ့ တရားရုံးရဲ့ စီရင်ဆုံးဖြတ်ချက်ကို အမြန်လိုက်နာပြီး ရိုဟင်ဂျာတွေအပေါ် ဖိနှိပ်မှုတွေကို အဆုံးသတ်သင့်ပါတယ်။ သက်ဆိုင်ရာအစိုးရတွေအနေနဲ့ ရိုဟင်ဂျာတွေနဲ့ အခိုင်အမာရပ်တည်ပြီး အစုလိုက်အပြုံလိုက်သတ်ဖြတ်မှုတွေအတွက် တရားမျှတမှုမြှင့်တင်ပေးဖို့၊ မြန်မာအနေနဲ့ တရားရုံးဆုံးဖြတ်ချက်အပေါ် လိုက်နာပြီး ရိုဟင်ဂျာဒုက္ခသည်တွေ မိမိတို့ စိတ်ဆန္ဒအလျောက် လုံခြုံစွာနေရပ်ပြန်နိုင်ရေးအတွက် မြန်မာစစ်အာဏာပိုင်တွေကို တွန်းအားပေးသင့်ပါတယ်။” 

နိုင်ငံတကာ လွတ်ငြိမ်းချမ်းသာခွင့်အဖွဲ့ (Amnesty International) ရဲ့ အထွေထွေအတွင်းရေးမှူးချုပ် အက်ဂ်နက်စ် ကာလာမတ်ကတော့ “လူမျိုးတုံးသတ်ဖြတ်မှုပါပဲ။ ဒါဟာ ICJ ရဲ့ ပြတ်သားရှင်းလင်းတဲ့ တွေ့ရှိချက် ဖြစ်ပါတယ်။ နှစ်ပေါင်းများစွာ ငြင်းဆန်မှုတွေ၊ ပြစ်ဒဏ်ကင်းလွတ်ခွင့် ရနေမှုတွေနဲ့ အမှန်တရားကို ဖိနှိပ်ဖုံးကွယ်မှုတွေ လုပ်ခဲ့ပြီးတဲ့နောက်မှာ၊ အခုစီရင်ချက်ဟာ ရိုဟင်ဂျာတွေအပေါ် ကျူးလွန်ခဲ့တဲ့ ရက်စက်ကြမ်းကြုတ်မှုတွေကို သမိုင်းဝင်ပြီး တရားဝင် ခိုင်ခိုင်မာမာ အသိအမှတ်ပြုလိုက်တာဖြစ်သလို၊ အသက်ရှင်ကျန်ရစ်သူတွေ၊ နစ်နာသူတွေနဲ့ သူတို့ရဲ့ မိသားစုတွေအတွက် ရှားရှားပါးပါး ရရှိလိုက်တဲ့ တရားမျှတမှု အခိုက်အတန့်တခုလည်း ဖြစ်ပါတယ်” လို့ ပြောပါတယ်။

မြန်မာ့သမိုင်းရဲ့ အလွန်အရေးကြီးတဲ့ အလှည့်အပြောင်းကာလမှာ ချမှတ်လိုက်တဲ့ ICJ ရဲ့ ဒီအပြီးသတ် စီရင်ချက်ဟာ နိုင်ငံတကာ အသိုက်အဝန်းကို နိုးကြားလာစေမဲ့ သတိပေးခေါင်းလောင်းသံတခု ဖြစ်ကြောင်းနဲ့  နိုင်ငံတကာ အစိုးရတွေအနေနဲ့ စစ်အာဏာရှင် မင်းအောင်လှိုင်ကို ကြိုဆိုဆက်ဆံနေတာတွေ မလုပ်ဖို့လည်း တိုက်တွန်းလိုက်ပါတယ်။ 

အက်ဂ်နက်စ် ကာလာမတ်က “ရိုဟင်ဂျာတွေအပေါ် လူသားမျိုးနွယ်အပေါ် ကျူးလွန်တဲ့ ရာဇဝတ်မှုတွေနဲ့ တခြား နိုင်ငံတကာ ဥပဒေချိုးဖောက်မှု စစ်ဆင်ရေးတွေကို ကြီးကြပ်ကွပ်ကဲခဲ့သူဖြစ်တဲ့ တပ်မတော် ကာကွယ်ရေးဦးစီးချုပ်ဟောင်း ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ဟာ အခုဆိုရင် အတုအယောင် ဖန်တီးထားတဲ့ ရွေးကောက်ပွဲတွေကနေတဆင့် မြန်မာနိုင်ငံရဲ့ သမ္မတ ဖြစ်နေပါပြီ။ အထူးသဖြင့် မြန်မာနိုင်ငံအတွင်းမှာ ပြင်းထန်တဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေ အတားအဆီးမရှိ ဆက်လက်ဖြစ်ပွားနေချိန်မှာ နိုင်ငံတကာ အစိုးရတွေအနေနဲ့ သူ့ကို နိုင်ငံတကာ စင်မြင့်ထက်မှာ ကြိုဆိုလက်ခံတာမျိုး မလုပ်သင့်ပါဘူး။ အဲဒီအစား မြန်မာနိုင်ငံဆီကို လက်နက်ခဲယမ်းတွေ၊ လုံခြုံရေးနဲ့ ထောက်လှမ်းရေးသုံး ပစ္စည်းကိရိယာတွေ၊ စစ်ရေးနဲ့ လုံခြုံရေးဆိုင်ရာ အကူအညီတွေ တင်ပို့ပေးနေတာမှန်သမျှကို ရပ်တန့်ပစ်ရပါမယ်။ ကုလသမဂ္ဂ လုံခြုံရေးကောင်စီအနေနဲ့လည်း တကမ္ဘာလုံးအတိုင်းအတာနဲ့ လက်နက်ရောင်းချမှု ပိတ်ပင်ရေး (Arms Embargo) ချမှတ်သင့်ပြီး၊ မြန်မာနိုင်ငံရဲ့ အခြေအနေတရပ်လုံးကို အပြည်ပြည်ဆိုင်ရာ ရာဇဝတ်တရားရုံး (ICC) ဆီ လွှဲပြောင်းပေးအပ်သင့်ပါတယ်”လို့ ပြောပါတယ်။

မြန်မာအာဏာပိုင်တွေအနေနဲ့ ICJ ရဲ့ စီရင်ချက်ကို ချက်ချင်း လိုက်နာဆောင်ရွက်ဖို့ အတိတ်နဲ့ ပစ္စုပ္ပန်မှာ ကျူးလွန်ခဲ့တဲ့ နိုင်ငံတကာ ဥပဒေချိုးဖောက်မှု ရာဇဝတ်မှုအားလုံးကို ထိထိရောက်ရောက် စုံစမ်းစစ်ဆေးရမှာဖြစ်ပြီး တာဝန်ရှိတယ်လို့ သံသယရှိသူတွေကို တရားဥပဒေရှေ့မှောက် ပို့ဆောင်အရေးယူရမှာ ဖြစ်တယ်လို့ နိုင်ငံတကာ လွတ်ငြိမ်းချမ်းသာခွင့်အဖွဲ့က ထုတ်ပြန် ပြောပါတယ်။ 

 

Support DVB
Live
DVB Donate
မြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013